တတိယအကြိမ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး တက်ရောက်ကြမည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံ

နေပြည်တော် ၊ ဇန်နဝါရီ (၂၉)

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်နှင့် တတိယအကြိမ်လွှတ်တော် ပထမပုံမှန်အစည်းအဝေးတက်ရောက်ကြမည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအား ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော် လွှတ်တော်အဆောက်အဦရှိ ထမင်းစားခန်းမဆောင်၌ ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ကာကွယ်ဆေး COVISHIELD ထိုးနှံပေးကြသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံမှုနှင့်စပ်လျဉ်း၍ လိုအပ်သည်များ ဆောင်ရွက်ပေးနိုင်ရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်နှင့်တာဝန်ရှိသူများက လာရောက်ကြည့်ရှုကြသည်။

ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းနှင့်စပ်လျဉ်း၍ နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မြတ်ဝဏ္ဏစိုးက “ ဒီနေ့က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေကို ကာကွယ်ဆေးထိုးပေးတာ ဖြစ်ပါတယ်။ အခုဆေးလာထိုးတဲ့ ကိုယ်စားလှယ်တွေကို သူတို့နေပြည်တော်ကိုရောက်တဲ့ ၂၃ ရက်က တစ်ကြိမ် ၊ ၂၈ ရက်ကတစ်ကြိမ် Swab Test ယူပြီး ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ စစ်ဆေးထား ပြီးဖြစ်ပါတယ်။ နှစ်ကြိမ်လုံး Negative ဖြစ်ထားတဲ့ ကိုယ်စားလှယ်တွေကို ဆေးထိုးပေးနေတာ ဖြစ်ပါတယ်” ဟု ပြောသည်။

ယနေ့တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၃၁၅) ဦး ကာကွယ်ဆေး ထိုးနှံကြ ပြီး ဇန်နဝါရီ ၃၀ ရက်တွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် (၁၆၀)ကိုလည်း ကိုဗစ်-၁၉ ကာကွယ်ဆေး COVISHIELD ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လွှတ်တော်အစည်းအဝေးများသို့ တက်ရောက်ကြမည့် ကိုယ်စားလှယ်များအား သက်ဆိုင်ရာ လွှတ်တော်ရုံးများက ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ပစ္စည်းများကို တစ်ဦးချင်းဖြန့်ဝေပေးထားကြောင်း သိရသည်။

ထို့ပြင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့တွင် တာဝန်ထမ်းဆောင်ကြသည့် အရာထမ်းနှင့် အမှုထမ်းဝန်ထမ်းများကိုလည်း ကိုဗစ်-၁၉ ကာကွယ်ဆေး COVISHIELD ထိုးနှံပေးပြီးဖြစ်ကြောင်း သိရသည်။

#သတင်း- မျိုးမင်းနိုင်၊ ဓာတ်ပုံ- စိုးဝင်းထွန်း

#Source From; MDN

 

 

More Tags