COVID-19 ကာကွယ်ဆေးထိုးနှံမည့် အစီအစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများ တင်ပြဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးတက်ရောက်

နေပြည်တော်၊ (၂၀၂၁) ခုနှစ်၊ ဇန်နဝါရီလ (၂၆) ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နံနက်ပိုင်းတွင် Videoconferencing စနစ်ဖြင့် COVID-19 ကာကွယ်ဆေးထိုးနှံရေး တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများနှင့် COVID-19 ကာကွယ်ဆေးထိုးနှံမည့် အစီအစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများအား ဆွေးနွေးခဲ့ပါသည်။

     ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် -

• မြန်မာနိုင်ငံသို့ ပထမအသုတ်အနေဖြင့် ရောက်ရှိလာသော COVID-19 ကာကွယ်ဆေးထိုးနှံရေးကို (၂၇-၁-၂၀၂၁) ရက်နေ့တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဝန်ထမ်းများကို စတင်ထိုးနှံတော့မည်ဖြစ်သည့်အတွက် တိုင်းဒေသကြီး/ ပြည်နယ်များတွင် လတ်တလော လုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေများနှင့် ထပ်မံဖြည့်ဆည်း ဆောင်ရွက်ရန် လိုအပ်မည့် အချက်များအား ဆွေးနွေးရန် ယခုအစည်းအဝေးကို ပြုလုပ်ခြင်း ဖြစ်ပါကြောင်း၊

• ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ဝန်ထမ်းများအနေဖြင့် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ၊ အခြားသော ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်နေရုံသာမက ယခု COVID-19 ကာကွယ်ဆေးထိုးနှံရေးလုပ်ငန်းများကိုပါ အစွမ်းကုန်ကြိုးပမ်း လုပ်ဆောင်နေသည့်အတွက် ကျေးဇူးတင်ရှိ အသိအမှတ်ပြုပါကြောင်း၊

• ကမ္ဘာတစ်ဝန်းတွင် ပေါ်ပေါက်ထိုးနှံအသုံးပြုနေသည့် COVID-19 ကာကွယ်ဆေးများသည် ဓာတ်ခွဲခန်းနှင့် သုတေသနလေ့လာစမ်းသပ်ရာတွင် စွမ်းရည်ထက်မြက်မှု (efficacy) ရှိသည်ကိုသာ သိရှိရသေးပြီး COVID-19 ကာကွယ်ဆေးကို (၂) ကြိမ်ထိုးနှံပြီးနောက် ရောဂါကာကွယ်မှု စွမ်းရည်မည်မျှရှိမည်၊ ကာကွယ်နိုင်သည့် အချိန်ကာလအတိုင်းအတာမည်မျှရှိမည်စသည့် အချက်များအားလည်း ဆက်လက် လေ့လာနေပြီး မကြာမီပိုမိုသိရှိလာမည် ဖြစ်ပါကြောင်း၊

• COVID-19 ကာကွယ်ဆေးသည် ဆေးထိုးထားသူအတွက် ရောဂါကာကွယ်မှုအတိုင်းအတာတစ်ခု အထိပေးနိုင်သော်လည်း ထိုသူမှတစ်ဆင့် အခြားသူများထံရောဂါကူးစက်နိုင်မှု အခြေအနေကို နိုင်ငံတကာတွင် ဆက်လက်လေ့လာလျက်ရှိပါကြောင်း၊

 

• သို့ဖြစ်ပါ၍ COVID-19 ကာကွယ်ဆေးထိုးနှံပြီးသူများအနေဖြင့် ပါးစပ်နှင့်နှာခေါင်းစည်း (mask) များ မတပ်ဆင်ခြင်းကဲ့သို့ အပြုအမူမျိုး (လုံးဝ) လုပ်ဆောင်၍မရပါကြောင်း၊ COVID-19 ကာကွယ်ဆေးထိုးနှံပြီးသူဖြစ်စေ၊ မထိုးနှံရသေးသူဖြစ်စေ COVID-19 ကာကွယ်ရေးနည်းလမ်းများကို ဆက်လက်၍ တိကျစွာ မဖြစ်မနေလိုက်နာကျင့်သုံးနေရမည် ဖြစ်ပါကြောင်း၊

• COVID-19 ကာကွယ်ဆေးထိုးနှံရာတွင် ဗဟိုအဆင့်နှင့် တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်၊ မြို့နယ်များအကြား ဆက်သွယ်ချိတ်ဆက်မှုလမ်းကြောင်းများသည် ကာကွယ်ရေးထိုးနှံသည့် ကိစ္စရပ် အောင်မြင်နိုင်ရန်အတွက် အထူးအရေးကြီးသဖြင့် ကာကွယ်ဆေး ဆက်လက်ထိုးနှံမည့် ကာလတစ်လျှောက်လုံး အမြဲမပြတ် အချိန်နှင့်တစ်ပြေးညီဆက်သွယ် နေရမည်ဖြစ်ပါကြောင်း၊

• ကာကွယ်ဆေးအာနိသင် မလျော့ကျစေရန်အတွက် ကာကွယ်ဆေးအအေးလမ်းကြောင်းစနစ်နှင့် ထားသိုမှုစနစ်အပြင် ဆေးထိုးသည့်အချိန်၌လည်း သတ်မှတ်ထားသော စံအတိုင်းဖြစ်စေရန် တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးများ၊ ဆေးရုံအုပ်ကြီးများနှင့် တာဝန်ရှိသူ ဆရာဝန်နှင့် ဆရာမများက ဦးစားပေး ကြီးကြပ်စေလိုပါကြောင်း၊

• ဗဟိုမှ ပေးပို့ထားသော COVID-19 ကာကွယ်ဆေးထိုးနှံမှုနှင့် ထိုးနှံပြီး ဆက်လက်စောင့်ကြပ်ကြည့်ရှုရမည့်ကိစ္စရပ်များနှင့် ပတ်သက်သော လုပ်ငန်းလမ်းညွှန်အားလုံးကိုလည်း သေချာစွာ အပြန်အလှန်ဖတ်ရှု ထားရမည်ဖြစ်ပါကြောင်း၊

• COVID-19 ကာကွယ်ဆေးထိုးနှံရာတွင် နေရာဒေသအလိုက် သွားလာရခက်ခဲမှုအခြေအနေ၊ လုံခြုံရေးအခြေအနေ၊ ထိုးနှံရမည့် လူဦးရေစသည်တို့ မတူညီသဖြင့် ထိုးနှံမည့်ရက်အတိုင်းအတာလည်း တစ်ပြေးညီတူညီရန် မလိုပါကြောင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးများအနေဖြင့် ဗဟိုမှ တာဝန်ရှိသူများနှင့် တိုင်ပင်ကာ လိုအပ်သလို ချိန်ဆပြောင်းလဲ၍ လုပ်ကိုင်နိုင်ပါကြောင်း၊

• COVID-19 ကာကွယ်ဆေးထိုးနှံမှုအတွက် သဏ္ဍာန်တူစားပွဲတင်လေ့ကျင့်ခန်းများ၊ မွမ်းမံသင်တန်းများ ပြုလုပ်ထားကာ ကြိုတင်ပြင်ဆင်ထားမှုများနှင့် အညီ လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ပြီး ကြိုတင်ပြင်ဆင်မှုများရှိသော်လည်း မမျှော်မှန်းနိုင်သော ကိစ္စရပ်များကို တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးများက အချိန်နှင့်တစ်ပြေးညီ ဆုံးဖြတ်ချက်ချဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊

• တိုင်းဒေသကြီး/ ပြည်နယ်ပြည်သူ့ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး၊ ဆေးရုံအုပ်ကြီးများ၊ ဆရာဝန်ကြီးများနှင့် တာဝန်ရှိသူများအနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ရမည့်အပြင် ပြည်သူများ၏ အသံကိုလည်း အမြဲတမ်းနားထောင်၍ လိုအပ်သလို ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

 

     ထို့နောက် တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများက -

• တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များနှင့် ပူးပေါင်းလက်တွဲဆောင်ရွက်နေမှု၊

• တိုင်းဒေသကြီး/ ပြည်နယ်၊ မြို့နယ်အဆင့်မွမ်းမံသင်တန်းများ ပြုလုပ်ထားမှု၊

• COVID-19 ကာကွယ်ဆေးများ ရောက်ရှိမှုအခြေအနေ၊

• ကာကွယ်ဆေးများသိုလှောင်ခြင်း၊ စီမံခန့်ခွဲခြင်း၊ ဖြန့်ဝေခြင်းနှင့် စွန့်ပစ်ပစ္စည်းများစီမံခန့်ခွဲခြင်း၊ ကာကွယ်ဆေးထိုးစုရပ်များ စနစ်တကျစီစဉ်ဆောင်ရွက်ခြင်း၊ ကာကွယ်ဆေးထိုးပြီး နောက်ဆက်တွဲပြဿနာများကိုစောင့်ကြပ်စစ်ဆေးခြင်း၊ ကာကွယ်ဆေးထိုးနှံခြင်းကို မှတ်တမ်းတင်ခြင်းနှင့် စောင့်ကြည့်စစ်ဆေးခြင်း၊

ကာကွယ်ဆေးထိုးနှံခြင်းနှင့်ပတ်သက်၍ ပြည်သူလူထုကို ဆက်သွယ်ပြောဆိုခြင်းလုပ်ငန်းများ အတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေ၊

• စာရင်းများပြုစုထားရှိမှု နှင့် အခက်အခဲ၊

• ကာကွယ်ဆေးထိုးနှံမည့်နေရာ ပြင်ဆင်ထားရှိမှု၊

• ကာကွယ်ဆေးထိုးနှံပေးမည့် အဖွဲ့များနှင့် ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့များ ဖွဲ့စည်းထားပြီး တာဝန်ချထားမည့် အစီအစဉ်၊

• ကာကွယ်ဆေးထိုးပြီး နောက်ဆက်တွဲပြဿနာများကိုစောင့်ကြပ်ကြည့်ရှုမည့် လုပ်ငန်း၊

• လိုအပ်ချက်များ စသည်တို့အား အသီးသီးတင်ပြခဲ့ပါသည်။

     ပြည်ထောင်စုဝန်ကြီးသည် တင်ပြချက်များအား ပြန်လည်ဆွေးနွေးခဲ့ပြီး ဖြည့်ဆည်းဆောင်ရွက်ရန် ကိစ္စရပ်များအား ဖြည့်ဆည်း ဆောင်ရွက်ခဲ့ပါသည်။

     ပြည်ထောင်စုဝန်ကြီးသည် ယနေ့၊ နေ့လယ်ပိုင်းတွင် အမျိုးသားအဆင့် ကာကွယ်ဆေးထိုး လုပ်ငန်းဆိုင်ရာ နည်းပညာအကြံပေးအဖွဲ့ (National Immunization Technical Advisory Group - NITAG) နှင့် ကာကွယ်ဆေးထိုးပြီးနောက် ဖြစ်ပေါ်သော နောက်ဆက်တွဲ ပြဿနာများကို နည်းပညာဖြင့် အကြောင်းရင်းရှာဖွေဆုံးဖြတ်ရန် စီမံခန့်ခွဲမှုကော်မတီ (Adverse Events Following Immunization Management Committee) တို့နှင့် တွေ့ဆုံခဲ့ကာ COVID-19 ကာကွယ်ဆေးထိုးနှံမှုလုပ်ငန်းများအတွက် အကြံပြုချက်များ ရယူဆွေးနွေးခဲ့ပါသည်။

     ထိုသို့ဆွေးနွေးရာတွင် -

• ယခုပထမအသုတ်ရောက်ရှိ ထိုးနှံမည့် COVID-19 ကာကွယ်ဆေးများ၏ ဘေးကင်းလုံခြုံမှု (vaccine safety) ကိစ္စရပ်များ၊

• ကာကွယ်ဆေးထိုးနှံရန် စီစဉ်ဆောင်ရွက်နေသည့်ကိစ္စရပ်များ၊

• ကာကွယ်ဆေးထိုးနှံရာတွင် ကြုံတွေ့နိုင်သည့် ကိစ္စရပ်များ၊

• ကာကွယ်ဆေးထိုးနှံရာတွင် ကောလာဟလများ၊ သတင်းအမှားအမျိုးမျိုး ပေါ်ပေါက်လာမည့် ကိစ္စရပ်များ၊

• ကာကွယ်ဆေးထိုးနှံပြီးနောက် စောင့်ဆိုင်းသည့် နေရာတွင် မိနစ်(၃၀)ခန့် စောင့်ဆိုင်းရမည်ဖြစ်ပြီး ကာကွယ်ဆေးထိုးနှံပြီးလျှင် သာမာန်လက္ခဏာများ ရာခိုင်နှုန်း အနည်းအများရှိမှု၊

• ပြင်းထန်သော တုံ့ပြန်မှုရှိပါက ကာကွယ်ဆေးထိုးနေရာတွင် ချက်ချင်းပြုစုကုသမှုပေးမည့် ကိစ္စ၊

• နေအိမ်သို့ ပြန်ရောက်ပြီးနောက်တွင် မည်သို့သော လက္ခဏာများရှိပါက မည်သည့်ထံသို့ ဆက်သွယ်ရမည်နှင့် မည်သည်တို့လုပ်ဆောင်ရမည်ကို ကာကွယ်ဆေးထိုးနှံခံမည့်သူများအား အသိပေးထားမည့်ကိစ္စအပါအဝင် ကာကွယ်ဆေးထိုးနှံခြင်းနှင့်ပတ်သက်၍ ပြည်သူလူထုကို ဆက်သွယ်ပြောဆိုခြင်းလုပ်ငန်းများ၊

• ကာကွယ်ဆေးထိုးပြီး နောက်ဆက်တွဲပြဿနာများကိုစောင့်ကြပ်စစ်ဆေးခြင်းလုပ်ငန်းနှင့် ပတ်သက်သော ကိစ္စရပ်များ၊

• ကာကွယ်ဆေး၏ တုံ့ပြန်မှု (reaction) ရှိနိုင်ရုံသာမက စိုးရိမ်ကြောင့်ကြမှု (Immunization anxiety-related reaction)နှင့် ကာကွယ်ဆေးကြောင့် မဟုတ်ဘဲ အခြားသော အကြောင်းများကြောင့် ဖြစ်သော တိုက်ဆိုင်မှု ဖြစ်ရပ်(Coincidental event) များလည်းရှိနိုင်မှုစသည့် အကြောင်းအရာများနှင့် ပတ်သက်၍ ဝိုင်းဝန်းဆွေးနွေးအကြံပြုခဲ့ကြပါသည်။

     ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးအကြံပြုမှုများအပေါ် ပြန်လည်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ဆွေးနွေးခဲ့ရာတွင် ယခုကဲ့သို့ အငြိမ်းစား ပါမောက္ခကြီးများနှင့် ပညာရှင်ကြီးများက ပြည်သူများအကျိုး အတွက် COVID-19 ကာကွယ်ဆေးထိုးနှံရေးလုပ်ငန်းကိစ္စများတွင် ကြိုးပမ်းပါဝင်ဆောင်ရွက်နေမှုများနှင့် ကျွမ်းကျင်မှုပိုင်းပညာရပ်ဆိုင်ရာ အကြံပြုမှုများအပေါ် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။

     ယနေ့ ဆွေးနွေးပွဲများသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဗဟိုတိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းစီမံချက်မှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ ပြည်နယ် တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း တာဝန်ရှိသူများ၊ အငြိမ်းစား ပြည်သူ့ကျန်းမာရေး ပညာရှင်ကြီးများ၊ ကာကွယ်ဆေး ပညာရှင်ကြီးများ၊ ဆေးပညာပါမောက္ခများ၊ ကလေးဆေးပညာ ပါမောက္ခများတက်ရောက် ဆွေးနွေးခဲ့ကြပါသည်။

More Tags