COVID-19 ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်း ဗဟိုအဆင့် မွမ်းမံဆရာဖြစ်သင်တန်းတွင် ပြည်ထောင်စုဝန်ကြီး အမှာစကားပြောကြား

နေပြည်တော်၊ (၂၀၂၁) ခုနှစ်၊ ဇန်နဝါရီလ (၂၃) ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နံနက်ပိုင်းတွင် Semi-virtual စနစ်ဖြင့် ပြုလုပ်ခဲ့သော COVID-19 ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်း ဗဟိုအဆင့်မွမ်းမံဆရာဖြစ်သင်တန်း ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်၍ အမှာစကားပြောကြားခဲ့ပါသည်။

     ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် -

• ယခုသင်တန်းတက်ရောက်နေသူများအားလုံးသည် ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများတွင် နှစ်များစွာ အတွေ့အကြုံရှိသူများဖြစ်ပြီး ကာကွယ်ဆေးထိုးနှံရာတွင် ဆောင်ရွက်ရမည့် ကိစ္စအဝဝကို သိရှိနားလည်ပြီးဖြစ်ပါကြောင်း၊

• သို့ရာတွင် COVID-19 ကာကွယ်ဆေးသည် ကာကွယ်ဆေးအမျိုးအစားအသစ်ဖြစ်သဖြင့် ဆေးနှင့်ပတ်သက်သည့် ဝိသေသများ၊ အကြောင်းအရာများ၊ ထိုးနှံရာတွင် ဆောင်ရွက်ရမည့်အချက်များ၊ နောက်ဆက်တွဲဖြစ်ပေါ်လာနိုင်သော ကိစ္စရပ်များစသည်တို့နှင့် ပတ်သက်၍ နောက်ဆုံးရ (update) အချက်အလက်များကို မွမ်းမံပြောကြားသင်တန်းပြုလုပ်ခြင်းဖြစ်ပါကြောင်း၊

• ယခုသင်တန်းပြုလုပ်ခြင်းဖြင့် ပထမအသုတ်ရောက်ရှိလာသည့် COVID-19 ကာကွယ်ဆေးများ ထိုးနှံရာတွင်လည်းကောင်း၊ ထပ်မံ၍ အသုတ်လိုက်ရောက်ရှိလာမည့် ကာကွယ်ဆေးများထိုးနှံရာတွင် လည်းကောင်း စနစ်တကျဆောင်ရွက်သွားနိုင်မည်ဖြစ်ပါကြောင်း၊

• COVID-19 ကာကွယ်ဆေးထိုးနှံရန်အတွက် အသေးစိတ်လုပ်ငန်းလမ်းညွှန် (guideline) များကိုလည်း ရေးဆွဲပြုစုပြီးဖြစ်ကာ အီးမေးလ်များဖြင့်လည်းကောင်း၊ စာအုပ်ဖြင့်လည်းကောင်း သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များသို့ ဖြန့်ဝေပေးပြီးပါကြောင်း၊

• COVID-19 ကာကွယ်ဆေးသည် အသစ်ဖြစ်သောကြောင့် လုပ်ငန်းလမ်းညွှန်များကိုလည်း နောက်ထပ် ထပ်မံတွေ့ရှိလာမည့် အကြောင်းအရာများနှင့် အချက်အလက်များရှိပါက ထပ်မံမွမ်းမံဖြည့်စွက်သွားမည် ဖြစ်ပါကြောင်း၊

 

• ကမ္ဘာတစ်ဝန်းတွင် ပေါ်ပေါက်ထိုးနှံအသုံးပြုနေသည့် COVID-19 ကာကွယ်ဆေးများသည် ဓာတ်ခွဲခန်းနှင့် သုတေသနလေ့လာစမ်းသပ်ရာတွင် စွမ်းရည်ထက်မြက်မှု (efficacy) ရှိသည်ကိုသာ သိရှိရသေးပြီး လက်တွေ့ပြင်ပတွင် စွမ်းရည်ထက်မြက်ခြင်း (effectiveness) မည်သည့် အတိုင်းအတာအထိရှိသည်ကို ဆက်လက်လေ့လာနေဆဲဖြစ်ပါကြောင်း၊

• ထို့အပြင် COVID-19 ကာကွယ်ဆေးကို (၂) ကြိမ်ထိုးနှံပြီးနောက် ရောဂါကာကွယ်မှုစွမ်းရည်မည်မျှရှိမည်၊ ကာကွယ်နိုင်သည့် အချိန်ကာလအတိုင်းအတာမည်မျှရှိမည်စသည့် အချက်များအားလည်း ဆက်လက် လေ့လာနေဆဲဖြစ်ပါကြောင်း၊ ယခုရရှိသည့် သတင်းများအရ COVID-19 ကာကွယ်ဆေးများသည် စွမ်းရည်ထက်မြက်ခြင်းရှိသည်ဟုသိရှိရပါကြောင်း၊

• သို့ဖြစ်၍ COVID-19 ကာကွယ်ဆေးထိုးနှံပြီးသူဖြစ်စေ၊ မထိုးနှံရသေးသူဖြစ်စေ COVID-19 ကာကွယ်ရေးနည်းလမ်းများကို ဆက်လက်၍ တိကျစွာ မဖြစ်မနေလိုက်နာကျင့်သုံးနေရမည် ဖြစ်ပါကြောင်း၊

• ဝန်ကြီးဌာနအနေဖြင့် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်မှုများဖြင့် လုပ်ငန်းများဆောင်ရွက်လျက်ရှိပြီး ဝန်ကြီးဌာနအနေဖြင့် ကျန်းမာရေးရှုထောင့်မှ အကြံပြုချက်များကို တင်ပြလျက်ရှိကာ အမျိုးသားအဆင့်ဗဟိုကော်မတီက လူမှုရေး၊ စီးပွားရေး စသည့်ရှုထောင့်အမျိုးမျိုးမှ စဉ်းစားဆုံးဖြတ်ကာ လမ်းညွှန်မှုများပေးအပ်လျက်ရှိပါကြောင်း၊

• COVID-19 ကာကွယ်ဆေးများရရှိစေရန်နှင့် ယခုပထမအသုတ်ရောက်ရှိပြီး ထိုးနှံရေးအတွက် ကာကွယ်ဆေးသိုလှောင်ခြင်း၊ အအေးလမ်းကြောင်းမပျက်စေဘဲပို့ဆောင်ခြင်း၊ စာရင်းများပြုစုခြင်း၊ ကာကွယ်ဆေးထိုးကဒ်များပြုစုခြင်း၊ ကာကွယ်ဆေးထိုးအစီအစဉ်ရေးဆွဲခြင်း၊ ကာကွယ်ဆေးထိုးပြီး ဖြစ်ပွားတတ်သော နောက်ဆက်တွဲပြဿနာများ (AEFI) အတွက်စနစ်တကျကိုင်တွယ်စီမံနိုင်ရေး အစီအစဉ်များ ရေးဆွဲခြင်းစသည်တို့ကို ရေးဆွဲပြီးခဲ့သည့်အပြင် လုပ်ငန်းကိစ္စအဝဝကို (၂၄) နာရီပတ်လုံးကြိုးပမ်းဆောင်ရွက်နေသည့် ဗဟိုတိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း၊ တိုင်းဒေသကြီး/ပြည်နယ် ကာကွယ်ဆေးထိုးလုပ်ငန်း တာဝန်ခံများအပါအဝင် ပါဝင်ဆောင်ရွက်နေသူများအားလုံးကို ကျေးဇူးတင်ရှိအသိအမှတ်ပြုပါကြောင်း၊

• တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးတွင်လည်း COVID-19 ကာကွယ်ဆေးထိုးခြင်းဆိုင်ရာ စားပွဲဝိုင်းလေ့ကျင့်ခန်း (tabletop exercise) များပြုလုပ်ထားကြပြီးဖြစ်သည့်အတွက် လက်တွေ့ကာကွယ် ဆေးထိုးလုပ်ငန်များဆောင်ရွက်ရာတွင် အဆင်ပြေမည်ဟုထင်မြင်ပါကြောင်း၊

• ယခု COVID-19 ကာကွယ်ဆေးထိုးနှံရာတွင်လည်း တိုင်းဒေသကြီး/ ပြည်နယ်ပြည်သူ့ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးနှင့် တာဝန်ရှိသူများအနေဖြင့် ကျွမ်းကျင်မှုပိုင်းဆိုင်ရာမှ တင်ပြကာ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များ၏ ဦးဆောင်လမ်းညွှန်မှုကိုခံယူ၍ ဆက်လက်ကြိုးပမ်းဆောင်ရွက် ကြရမည်ဖြစ်ပါကြောင်း၊

• ကြိုတင်ပြင်ဆင်မှုများရှိသော်လည်း မမျှော်မှန်းနိုင်သော ကိစ္စရပ်များရှိပါက အချိန်နှင့်တစ်ပြေးညီ ဆုံးဖြတ်ချက်ချဆောင်ရွက်ကြရမည်ဖြစ်ပြီး ဗဟိုအဆင့်နှင့် တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်၊ မြို့နယ်များအကြား အမြဲတမ်းဆက်သွယ် ချိတ်ဆက်မှုလုပ်ဆောင်ရန် လမ်းကြောင်းများလည်းရေးဆွဲပြီးဖြစ်ပါကြောင်း၊

• ပြည်သူများအတွက် COVID-19 ကာကွယ်ဆေးဆိုင်ရာ သိရှိထားသင့်သည့်အချက်အလက်အကြောင်း အရာများအားလည်း ဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာနှင့် လူမှုကွန်ရက်စာမျက်နှာများတွင် ထုတ်ပြန်ထားပြီး ဆက်လက်၍လည်းထုတ်ပြန်ပေးသွားမည် ဖြစ်ပါကြောင်း၊

• COVID-19 ကာကွယ်ဆေးစတင်ထိုးနှံရာတွင် တိုင်းဒေသကြီး/ ပြည်နယ် နေရာဒေသအလိုက် ထိုးနှံရမည့်လူအရေအတွက်၊ လမ်းပန်းဆက်သွယ်ရေးအနေအထား၊ လုံခြုံရေးအနေအထား စသည်တို့ကြောင့် ထိုးနှံရက်အတိုင်းအတာသည် နေရာဒေသတစ်ခုနှင့် တစ်ခုထပ်တူကျ တူညီမှု မရှိနိုင်သဖြင့် တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများက ဦးဆောင်ကာ ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊

 

 

• COVID-19 ကာကွယ်ဆေးထိုးနှံရာတွင် လူစုလူဝေးများဖြစ်ပွားခြင်းမရှိစေရန်အတွက် ထိုးနှံရမည့် လူဦးရေများပြားသည့် နေရာများတွင် နေ့ရက်နှင့် အချိန်ခွဲကာ ဆောင်ရွက်ခြင်းနှင့် ကာကွယ်ဆေးထိုးစုရပ်နေရာများကို စနစ်တကျပြင်ဆင်ခြင်းတို့ကို ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊

• ယနေ့ သင်တန်းတွင် COVID-19 ကာကွယ်ဆေးထိုးနှံမှုအတွက် အကြောင်းအရာအမျိုးမျိုး၊ ဖြစ်ပေါ်လာနိုင်သည့် အခြေအနေအမျိုးမျိုးကို ထည့်သွင်းထားသည့်အတွက် လုပ်ငန်းဆောင်ရွက်ရာတွင် များစွာ အထောက်အကူဖြစ်မည်ဖြစ်ပါကြောင်း၊

• သင်တန်းတွင် မရှင်းလင်းသည်များကို ပွင့်လင်းစွာမေးမြန်းခြင်းနှင့် ဆွေးနွေးခြင်းများ ပြုလုပ်စေလိုပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး (တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း) ဒေါက်တာထားထားလင်းက ဆွေးနွေး ပြောကြားရာတွင်-

• ယနေ့ပြုလုပ်သည့် သင်တန်းကို တိုင်းဒေသကြီး/ ပြည်နယ်များမှ တိုးချဲ့ကာကွယ် ဆေးထိုးတာဝန်ခံများ၊ ဗဟိုအဆင့်ဆေးရုံနှင့် ခုတင် (၁၀၀) နှင့် အထက်ဆေးရုံများမှ ကျန်းမာရေးဝန်ထမ်း တက်ရောက်ကြခြင်းဖြစ်ပါ ကြောင်း၊

• ဗဟိုအဆင့်မွမ်းမံဆရာဖြစ်သင်တန်းကို (၂၃-၁-၂၀၂၁) ရက်နေ့နှင့် (၂၄-၁-၂၀၂၁) ရက်နေ့တို့တွင် ပြုလုပ် သွားမည်ဖြစ်ပြီး တိုင်းဒေသကြီး/ပြည်နယ်အဆင့်မွမ်းမံသင်တန်းကို (၂၅-၁-၂၀၂၁) ရက်နေ့နှင့် (၂၆-၁-၂၀၂၁) ရက်နေ့တို့တွင် တစ်ဆက်တည်းပြုလုပ်သွားမည်ဖြစ်ပါကြောင်း၊

• မွမ်းမံသင်တန်းတက် ရောက်ပြီးသူများကသာ (၂၇-၁-၂၀၂၁) ရက်နေ့တွင်စတင်မည့် ကျန်းမာရေးဝန်ထမ်းများအား COVID-19 ကာကွယ်ဆေးထိုးမည့်လုပ်ငန်းတွင် တာဝန်ယူဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊

• မြို့နယ်အဆင့်မွမ်းမံသင်တန်းကို (၃၀-၁-၂၀၂၁) ရက်နေ့နှင့် (၃၁-၁-၂၀၂၁) ရက်နေ့တို့တွင် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊

• သင်တန်းများသည် ယခု COVID-19 ကာကွယ်ဆေး ပထမအသုတ်ထိုးနှံရန်အတွက်သာမကဘဲ နောင်ရောက်ရှိလာမည့် ကာကွယ်ဆေးအသုတ်များအတွက် ပါရည်ရွယ်ခြင်းဖြစ်ပါကြောင်း၊

• COVID-19 ကာကွယ်ဆေး ပထမအသုတ်အနေဖြင့် (၂၂-၁-၂၀၂၁) ရက်နေ့၌ COVISHIELD (၁.၅) သန်း သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာပြီဖြစ်ပြီး ရန်ကုန်မြို့ရှိ ဗဟိုကာကွယ်ဆေးသိုလှောင်ရုံအအေးခန်းတွင် သိုလှောင်ထားရှိပါကြောင်း၊ ထိုသို့ထားရှိရာတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ လုံခြုံ ရေးအစီအစဉ်ဖြင့် ထားရှိပါကြောင်း၊

 

• ကျန်းမာရေးဝန်ထမ်းများကို ပထမဦးစားပေးအနေဖြင့် ထိုးနှံသည့်အခါ၌ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ကျန်းမာရေးဝန်ထမ်းအင်အားစာရင်း၊ ဦးစီးဌာနအလိုက် ဝန်ထမ်း အင်အားစာရင်းကို ကောက်ယူထားရှိပြီးဖြစ်ပါကြောင်း၊

• အဆိုပါလူဦးရေစာရင်းအပေါ်မူတည်၍ (၂၄-၁-၂၀၂၁) ရက်နေ့မှစ၍ တိုင်းဒေသကြီး/ ပြည်နယ် ကာကွယ်ဆေးသိုလှောင်ရာအအေးခန်း (Sub-depot) များသို့ ကာကွယ်ဆေး များ ပို့ဆောင်သွားမည်ဖြစ်ပြီး ကာကွယ်ဆေးသယ်ယူပို့ဆောင်ခြင်း၊ တိုင်းဒေသကြီး/ ပြည်နယ် Sub-depot များတွင် သိုလှောင်သိမ်းဆည်းခြင်းနှင့် ကာကွယ်ဆေးထိုးလုပ်ငန်းများဆောင်ရွက်ခြင်း စသည့်လုပ်ငန်းများ၌ မလိုလားအပ်သောပြဿနာများ မဖြစ်ပေါ် စေရေးအတွက် လုံခြုံရေးကိစ္စများဆောင်ရွက် ပေးနိုင်ရန်အတွက် ပြည်ထဲရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်း၊

• ယခုပြုလုပ်သည့်သင်တန်း၏သင်ရိုးတွင် အခန်း(၆)ခုပါဝင်ပြီး အခန်း (၁) - နိဒါန်းတွင် COVID-19 ကာကွယ်ဆေးဆိုင်ရာ အကြောင်းအရာ၊ အခန်း (၂) - COVID-19ကာကွယ်ဆေးများသိုလှောင်ခြင်း၊ စီမံခန့်ခွဲခြင်း၊ ဖြန့်ဝေခြင်းနှင့် စွန့်ပစ်ပစ္စည်းများစီမံခန့်ခွဲခြင်း၊ အခန်း(၃)- COVID-19 ကာကွယ်ဆေးထိုးစုရပ်များ စနစ်တကျစီစဉ်ဆောင်ရွက်ခြင်း၊ အခန်း (၄) - COVID-19 ကာကွယ်ဆေးထိုးပြီး နောက်ဆက်တွဲပြဿနာများကိုစောင့်ကြပ်စစ်ဆေးခြင်း၊ အခန်း (၅) - COVID-19 ကာကွယ်ဆေးထိုးနှံခြင်းကို မှတ်တမ်းတင်ခြင်းနှင့် စောင့်ကြည့်စစ်ဆေးခြင်း၊ အခန်း (၆) - COVID-19 ကာကွယ်ဆေးထိုးနှံခြင်းနှင့်ပတ်သက်၍ ပြည်သူလူထုကို ဆက်သွယ်ပြောဆိုခြင်းတို့ပါဝင်ပါကြောင်း၊

• ကာကွယ်ဆေးထိုးပြီးနောက်ဆက်တွဲပြဿနာများ စောင့်ကြပ်ကြည့်ရှုခြင်းနှင့် ဖြစ်ပွား လာပါက အရေးပေါ်ကုသမှုပေးခြင်းတို့အတွက် လုပ်ငန်းလမ်းညွှန်ကို AEFI Committee နှင့် ဆွေးနွေးကာရေးဆွဲဖြန့်ဝေထားပြီး ဖြစ်ပါကြောင်း၊

• ဗဟိုအဆင့်ဆေးရုံကြီးများ၊ COVID-19 ကုသရေးစင်တာများ၊ ကျန်းမာရေးဌာနများတွင် ကာကွယ်ဆေးထိုးနှံရမည့်လူဦးရေအလိုက် ကာကွယ်ဆေးထိုးစုရပ်များပြင်ဆင်ခြင်း၊ ကျန်းမာရေးအဖွဲ့ (Medical Team) များ ပြင်ဆင်ထားရှိခြင်းတို့ကို သက်ဆိုင်ရာဆေးရုံ/ ကျန်းမာရေးဌာန အလိုက် စီစဉ်ဆောင်ရွက်ထားရမည်ဖြစ်ပါကြောင်း၊

• အဆိုပါကာကွယ်ဆေးထိုးစုရပ်များတွင်တာဝန်ယူမည့် ကျန်းမာရေးဝန်ထမ်းများသည် ယခုပြုလုပ်သည့် ဗဟိုအဆင့်မွမ်းမံဆရာဖြစ်သင်တန်း (သို့မဟုတ်) တိုင်းဒေသကြီး/ပြည်နယ် အဆင့်မွမ်းမံသင်တန်းတို့ကို တက်ရောက်ထားရမည်ဖြစ်ပြီး ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းကို ဖြည်းဖြည်းနှင့်မှန်မှန်ဆောင်ရွက်သင့်ပါကြောင်း၊

• COVID-19 ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းသည် အသက် (၁၈) နှစ်အထက်လူအုပ်စုများကို ထိုးနှံပေးရမည်ဖြစ်သည့်အတွက် ကာကွယ်ဆေးထိုးစုရပ်ကို ရောက်ရှိလာခြင်းသည် ကာကွယ် ဆေးထိုးရန်သဘောတူခြင်းဟု သတ်မှတ်သည့်အတွက် Consent Form မလို အပ်ပါကြောင်း၊

• ပဋိပက္ခဖြစ်ပွားနေသောနေရာများအတွက် သီးခြားအစီအစဉ်ဆောင်ရွက်ရမည် ဖြစ်ပါ ကြောင်း တင်ပြဆွေးနွေးခဲ့ပါသည်။

     ယင်းနောက် တိုင်းဒေသကြီး/ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာ ရေးနှင့်ကုသရေးဦးစီးဌာနမှူးများနှင့် ဗဟိုအဆင့်ဆေးရုံအုပ်ကြီးများမှ ပြန်လည်ဆွေးနွေးခဲ့ကြပါ သည်။

     ဆက်လက်၍ သင်တန်းအစီအစဉ်များအား ပြုလုပ်ခဲ့ပါသည်။

More Tags