ပဲခူးတိုင်းဒေသကြီးတွင် Covid-19 ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

ပဲခူးမြို့၊ (၂၀၂၁) ပြည့်နှစ်၊ ဇန်နဝါရီလ (၁၂) ရက်

     ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၁၂) ရက်နေ့၊ နံနက် (၁၀) နာရီအချိန်က ပဲခူးတိုင်းဒေသကြီး Covid-19 ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား Online Meeting စနစ်ဖြင့် ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ပဲခူးတိုင်းဒေသကြီးသည် မြန်မာနိုင်ငံအတွင်း Covid-19 ရောဂါ ကူးစက်မှု တတိယအများဆုံးဖြစ်နေကြောင်း၊ ပဲခူးတိုင်းဒေသကြီး၏ မြို့တော်ဖြစ်သော ပဲခူးမြို့တွင် ကူးစက်မှုအများဆုံးဖြစ်နေသည်ကို တွေ့ရှိရကြောင်း၊ လူဦးရေထူထပ်ခြင်း၊ ကုန်စည်သယ်ယူပို့ဆောင်ခြင်း၊ စက်ရုံ/အလုပ်များ တည်ရှိနေခြင်းတို့ကြောင့် ဖြစ်ပါကြောင်း၊ Covid-19 ရောဂါပိုးမျိုးကွဲအသစ်များ အရှေ့တောင်အာရှ အချို့နိုင်ငံများ၌ တွေ့ရှိနေပြီဖြစ်၍ တစ်ဦးတစ်ယောက်ချင်းအနေဖြင့် ကျန်းမာရေးအသိ၊ သတိများ ထားရှိရမှာ ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

 

    ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ တိုင်း/ ခရိုင်/မြို့နယ်အဆင့်ကော်မတီဝင်များ နှင့် တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး/ကုသရေးဦးစီးဌာနမှူး ဒေါက်တာရန်နိုင်မောင် တို့က Covid-19 ရောဂါ ကာကွယ်ခြင်း၊ ထိန်းချုပ်ခြင်းနှင့် ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေနှင့် အကြာမီ ကျင်းပတော့မည့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲများတွင် လူစုလူဝေး ဖြစ်ပေါ်စေနိုင်သည့်အတွက် ကျန်းမာရေးညွှန်ချက်များအတိုင်း အနီးကပ်ကြီးကြပ် ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များတင်ပြခဲ့ရာ လိုအပ်ချက်များအပေါ် ဝန်ကြီးချုပ် ဦးဝင်းသိန်းက ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

More Tags