COVID-19 ကာကွယ်ဆေး ရရှိလာနိုင်မှုအခြေအနေ အမျိုးအမျိုးအပေါ်မူတည်၍ စနစ်တကျခွဲဝေထိုးနှံနိုင်ရေး သဏ္ဍာန်တူစားပွဲတင်လေ့ကျင့် ကြိုတင်ပြင်ဆင်ခြင်း ပြုလုပ်

နေပြည်တော်၊ (၂၀၂၁) ခုနှစ်၊ ဇန်နဝါရီလ (၁၃) ရက်

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ဇန်နဝါရီလ (၁၂) ရက်နေ့၊ ညနေပိုင်းတွင် ပြုလုပ်ခဲ့သော COVID-19 ကာကွယ်ဆေး ရရှိလာနိုင်မှု အခြေအနေ အမျိုးအမျိုး အပေါ်မူတည်၍ စနစ်တကျခွဲဝေထိုးနှံနိုင်ရေး သဏ္ဍာန်တူစားပွဲတင်လေ့ကျင့် ကြိုတင်ပြင်ဆင်ခြင်းသို့ တက်ရောက်ခဲ့ပါသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် -

• သဏ္ဍာန်တူစားပွဲတင်လေ့ကျင့်ခြင်း (tabletop exercise) မှာ ပြည်သူ့ကျန်းမာရေးကဏ္ဍ၌ ကြီးမားသော ကိစ္စရပ်အသစ်တစ်ခုခုကို မပြုလုပ်ခင် ကြိုတင်လေ့ကျင့်ပြုလုပ်ရသည့် အလေ့အထ တစ်ခုဖြစ်ပါကြောင်း၊

• ဤ COVID-19 ကာကွယ်ဆေးထိုးနှံခြင်းကိစ္စရပ်မှာ ယခင်ဆယ်စုပေါင်းများစွာ ကာကွယ်ဆေးထိုးနှံ နေသည့် စီမံချက်နှင့် မတူညီဘဲ ခြားနားသည့် အချက်များစွာ ရှိပါကြောင်း၊

• သို့ဖြစ်၍ အသုတ်လိုက်ရရှိလာမည့် COVID-19 ကာကွယ်ဆေး တစ်ကြိမ်တွင် ရရှိမည့်ပမာဏအပေါ် မူတည်၍လည်းကောင်း၊ အချိန်အပိုင်းအခြားအလိုက် ရရှိမည့်အပေါ် မူတည်၍ လည်းကောင်း၊ ရရှိလာမည့် ကာကွယ်ဆေး အမျိုးအစားပေါ်၌လည်းကောင်း အခြေအနေအမျိုးမျိုးအတွက် သဏ္ဍာန်တူစားပွဲတင်လေ့ကျင့်ခန်း ပြုလုပ်ရခြင်းဖြစ်ပါကြောင်း၊

• ကာကွယ်ဆေးမရရှိမီ အချိန်ကာလတွင် ဗဟိုအဆင့်၌ သဏ္ဍာန်တူလေ့ကျင့်ခန်း အနည်းဆုံး (၃) ကြိမ်ခန့်ပြုလုပ်ပြီး လိုအပ်သည်များကို ပြင်ဆင်ခြင်း၊ မွမ်းမံအချောသတ်ခြင်းများ ပြုလုပ်မည် ဖြစ်ပါကြောင်း၊

• အလားတူစွာ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီး၌လည်း အနည်းဆုံး တစ်ကြိမ်ခန့် ပြုလုပ်မည်ဟု လျာထားပါကြောင်း၊

• သဏ္ဍာန်တူလေ့ကျင့်ခန်းပြုလုပ်ခြင်းဖြင့် COVID-19 ကာကွယ်ဆေးထိုးခြင်း ကဏ္ဍအရပ်ရပ်၌ လိုအပ်ချက် အမျိုးမျိုးကို ကြိုတင်သိရှိနိုင်ကာ ဖြည့်ဆည်းပေးမည်ဖြစ်ပါကြောင်း၊

• ဝန်ကြီးဌာနအနေဖြင့် အတတ်နိုင်ဆုံးနှင့် အကောင်းဆုံးပြင်ဆင်ထားသော်လည်း မထင်မှတ်သော အခြေအနေ အကြောင်းအချက်များ ပေါ်ပေါက်လာနိုင်သဖြင့် ထိုမထင်မှတ်သော အကြောင်း အချက်များကိုလည်း ကြိုတင်စဉ်းစားကာ တက်ရောက်သူများမှ ဖော်ထုတ်၍ အကြံပြု ဆွေးနွေးစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။

 

ထို့နောက် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းစီမံချက်မှ ညွှန်ကြားရေးမှူး ဒေါက်တာထားထားလင်းနှင့် နည်းပညာပိုင်းဆိုင်ရာ၊ ဘဏ္ဍာငွေစီမံခန့်ခွဲမှုဆိုင်ရာ၊ ကာကွယ်ဆေး အရည်အသွေးဆန်းစစ်မှုဆိုင်ရာ၊ အလှူရှင်များနှင့် ချိတ်ဆက်ခြင်းဆိုင်ရာ၊ စီမံခန့်ခွဲမှုနှင့် သတင်းအချက်အလက်ဆိုင်ရာ၊ ကာကွယ်ဆေးပံ့ပိုး ဖြန့်ဝေမှုဆိုင်ရာ၊ ကပ်ရောဂါ ဗေဒနှင့် အခြေအနေအရပ်ရပ်ကို ဆန်းစစ်သုံးသပ်ခြင်းဆိုင်ရာနှင့် ဆက်သွယ်ဆောင်ရွက်ခြင်းဆိုင်ရာလုပ်ငန်း အဖွဲ့ခွဲများမှ တာဝန်ရှိသူများက မြန်မာနိုင်ငံအတွက် အသုတ်လိုက် ရရှိလာနိုင်ချေ ရှိသည့် COVID-19 ကာကွယ်ဆေးအရေအတွက် ပမာဏ၊ ကာကွယ်ဆေးအမျိုးအစား၊ ကာကွယ်ဆေးအမျိုးအစားအလိုက် အအေးလမ်းကြောင်းမပျက် သိုလှောင်ရမည့် အခြေအနေ အမျိုးမျိုးတို့ အပေါ်မူတည်၍ -

• ဦးစားပေးလူအုပ်စုများရွေးချယ် ထိုးနှံသွားမည့် အစီအစဉ်၊

• ကျန်းမာရေးဝန်ထမ်းများနှင့် အသက် (၆၅) နှစ်အထက် ပြည်သူများအား ပထမဦးစားပေး လူအုပ်စုအဖြစ် ရွေးချယ်သတ်မှတ်ထားမှု၊

• ပုံမှန်အအေးလမ်းကြောင်းဖြင့် သိုလှောင်ထိန်းသိမ်းရမည့် COVID-19 ကာကွယ်ဆေးအမျိုးအစား ရရှိပါက သိုလှောင်ဖြန့်ဖြူးမည့် အစီအစဉ်၊

• အလွန်အမင်းအေးသော အအေးလမ်းကြောင်းသိုလှောင်မှု (အနုတ် ၇၀ ဒီဂရီစင်တီဂရိတ်) (ultra-cold chain storage) လိုအပ်သည့် COVID-19 ကာကွယ်ဆေးအမျိုးအစားရရှိပါက အအေးလမ်းကြောင်း မပျက်စေဘဲ ထိုးနှံမည့် နေရာသို့ အမြန်ဆုံးသယ်ယူပို့ဆောင်ရေး သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပူးပေါင်းကာ သိုလှောင်ဖြန့်ဖြူးမည့် အခြေအနေနှင့် ပုဂ္ဂလိကကဏ္ဍနှင့် ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်၊

• အလွန်အမင်းအေးသော အအေးလမ်းကြောင်းသိုလှောင်မှု လိုသည့် ကာကွယ်ဆေး အမျိုးအစားအတွက် တိုင်းဒေသကြီး/ ပြည်နယ် ကာကွယ်ဆေး အအေးခန်းများသို့ ကုန်းလမ်းခရီး (သို့မဟုတ်) လေကြောင်းခရီးဖြင့် (၂၄) အတွင်း အရောက်ပို့မည့် အစီအစဉ်၊

• မတူညီသော အအေးလမ်းကြောင်းစနစ်လိုအပ်သည့် COVID-19 ကာကွယ်ဆေး အမျိုးအစားများ ပြိုင်တူရောက်ရှိလာပါက ဆောင်ရွက်ရမည့် အစီအစဉ်၊

• စီမံခန့်ခွဲမှု အထောက်အကူပြု ကျန်းမာရေးသတင်းစနစ် (DHIS - 2) ကို အသုံးပြုကာ ကာကွယ်ဆေးထိုးနှံရန် အကြုံးဝင်သည့် လူအုပ်စုအလိုက် လူဦးရေစာရင်း ကြိုတင်စာရင်းသွင်း မှတ်ပုံတင်ခြင်း ဆောင်ရွက်မည့် အစီအစဉ်၊

• ပြည်သူလူထုထံသို့ ရရှိလာမည့် COVID-19 ကာကွယ်ဆေးအမျိုးအစားအလိုက် ကာကွယ်ဆေးဆိုင်ရာ အချက်များ၊ ထိုးနှံရမည့် အကြိမ်ရေ၊ သတိပြုလိုက်နာရမည့် အချက်များစသည့် သိသင့်သိထိုက်သော အချက်များ အသိပေးဆက်သွယ်ဖြန့်ဝေမည့် အစီအစဉ်၊

• ကာကွယ်ဆေးထိုးနှံပြီး နောက်ဆက်တွဲဖြစ်ရပ်များ (Adverse event following immunization) စောင့်ကြပ်ကြည့်ရှုခြင်း (AEFI Surveillance) လုပ်ဆောင်မည့် အစီအစဉ်၊

• COVID-19 ကာကွယ်ဆေး လက်တွေ့ထိုးနှံရာ၌ အထွေထွေကုန်ကျမည့် ခန့်မှန်းစရိတ်များ စသည့် အချက်များနှင့် ပတ်သက်၍ ကြိုတင်ပြင်ဆင်ထားမှုနှင့်

ဆောင်ရွက်မည့် အစီအစဉ်များကို အသေးစိတ် ရှင်းလင်းတင်ပြခဲ့ကြပြီး

• COVID-19 ကာကွယ်ဆေးရောက်ရှိလာသည့်အခါ ထိုသို့ကြိုတင်ပြင်ဆင် သတ်မှတ်ချက် အစီအစဉ်များ အတိုင်း အမြန်ဆုံးသယ်ယူပို့ဆောင်ထိုးနှံရမည်ဖြစ်ကြောင်း တင်ပြခဲ့ပါသည်။


ရှင်းလင်းတင်ပြမှုများနှင့် ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးက လမ်းညွှန်ပြောကြားရာတွင် -

• ယခုတင်ပြချက်များ၌ COVID-19 ကာကွယ်ဆေးများကို သက်ဆိုင်ရာ ကာကွယ်ဆေးအမျိုးအစားအလိုက် သတ်မှတ်အအေးလမ်းကြောင်းအတိုင်း အမြန်ဆုံးဖြန့်ဖြူး ထိုးနှံနိုင်ရေးသည် အဓိကကျသည်မှာ ပေါ်လွင်နေပါကြောင်း၊

• ကာကွယ်ဆေးထိုး စီမံချက်တစ်ခုလုံး၏ အောင်မြင်မှု ရရှိစေရန်အဓိကအချက်မှာ စီမံခန့်ခွဲမှုအပိုင်းကို ပိုမိုပီပြင်ရေး ဆောင်ရွက်ရန်နှင့် အချိန်နှင့် တစ်ပြေးညီ ဆုံးဖြတ်ချက်များပေးရမည် ဆိုသောအချက်ဖြစ် ပါကြောင်း၊

• ယနေ့တွေ့ရှိရသော တင်ပြချက်များအပေါ်မူတည်၍ ကျွမ်းကျင်မှုပိုင်းဆိုင်ရာ အဖွဲ့နှင့် ယခင်ဖွဲ့ထားသော လုပ်ငန်းအဖွဲ့များကို လိုအပ်သလိုပြန်လည်သုံးသပ်ကာ ပြန်လည်ဖွဲ့စည်းသွားမည် ဖြစ်ပါကြောင်း၊

• ဗဟိုနှင့် တိုင်းဒေသကြီး/ ပြည်နယ် အဖွဲ့များ ချိတ်ဆက်မှုသည် အရေးကြီးပြီး ချိန်သားကိုက် လုပ်ဆောင်နိုင်ရန် မိမိတို့ကြိုးစားရမည်ဖြစ်ပါကြောင်း၊

• COVID-19 ကာကွယ်ဆေးထိုးလုပ်ငန်း သဏ္ဍာန်တူစားပွဲတင်လေ့ကျင့်ခန်းကို ကြိုတင်လုပ်ဆောင်ထားသော်ငြားလည်း ဖြစ်ပေါ်ပြောင်းလဲလာမည့် အခြေအနေအရပ်ရပ်ကို ကြိုတင်မသိရှိ နိုင်သည့်အတွက် ကာကွယ်ဆေးထိုးနှံနေသည့် အချိန်ကာလ၌ပင် မိမိတို့သည် လုပ်ငန်းများကို အချိန်နှင့် တစ်ပြေးညီ အမြဲတမ်းမျက်ခြေမပြတ် သုံးသပ်၍ မြန်မာနိုင်ငံ COVID-19 ကာကွယ် ဆေးလုပ်ငန်းပေါင်းစပ်ညှိနှိုင်း စီမံခန့်ခွဲမှုကော်မတီ (CNCC) သို့ ချက်ချင်းသတင်းပို့ရမည်ဖြစ်ပြီး ကော်မတီမှလည်း ချက်ချင်းတုံ့ပြန် ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊

• မိမိတို့အနေဖြင့် ဤ COVID-19 ကာကွယ်ဆေးသည် ကာကွယ်ဆေးအသစ်ဖြစ်သည့်အပြင် ထုတ်လုပ်မှုနည်းပညာမှာလည်း အသစ်ဖြစ်သည့်အတွက် ကာကွယ်ဆေးထိုးနှံပြီး နောက်ဆက်တွဲ ဖြစ်ရပ်များ (Adverse event following immunization) ကို အထူးသတိပြု စောင့်ကြပ်ကြည့်ရှုရမည် ဖြစ်ပါကြောင်း၊

• COVID-19 ကာကွယ်ဆေး ရောက်ရှိလာပြီးနောက် ဗဟိုမှ တိုင်းဒေသကြီး/ ပြည်နယ်၊ တိုင်းဒေသကြီး/ ပြည်နယ်မှ ခရိုင်/ မြို့နယ်တို့သို့ သက်ဆိုင်ရာ အအေးလမ်းကြောင်းမပျက် အမြန်ဆုံး ဖြန့်ဖြူးထိုးနှံနိုင်ရေးအတွက် သဏ္ဍာန်တူ ကြိုတင်ပြင်ဆင်မှု လေ့ကျင့်ခန်းငယ်များ လုပ်ဆောင်ထားရန် လိုအပ်ပါကြောင်း၊

• သက်ဆိုင်ရာ COVID-19 ကာကွယ်ဆေး အမျိုးအစားအလိုက် ဖြန့်ဖြူးမည့် လမ်းကြောင်းနှင့် သယ်ပို့မည့် ယာဉ်အမျိုးအစား၊ အစီအစဉ်တို့ကို သေချာစွာ သတ်မှတ်ထားရမည် ဖြစ်ပါကြောင်း၊

• တိုင်းဒေကြီး/ပြည်နယ်အသီးသီးတွင် ပြင်ဆင်ထားရှိရမည့် အသေးစိတ်အချက်အလက်စာရင်း (checklist) ကို ဗဟိုအဆင့်မှ တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီး ဌာနများသို့ ပေးပို့ရမည်ဖြစ်ပါကြောင်း၊

• တိုင်းဒေသကြီး/ ပြည်နယ်များတွင် COVID-19 ကာကွယ်ဆေးထိုးမည့် ဆေးရုံ/နေရာများကို သေချာစွာရွေးချယ် သတ်မှတ်ပြင်ဆင်ထားရမည်ဖြစ်ပါကြောင်း၊

• ကာကွယ်ဆေးထိုးနှံရာတွင် ပါဝင်မည့် ကျန်းမာရေးဝန်ထမ်းများကို ရက်ပိုင်းအတွင်း လေ့ကျင့်ပေးမည်ကို သိရှိရသည့်အတွက် ကောင်းမွန်ပါကြောင်း၊

• ဗဟိုအဆင့်တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေး ဦးစီးဌာနမှူးများ၊ တိုင်းဒေသကြီး/ ပြည်နယ် ကာကွယ်ဆေး တာဝန်ခံများအကြား COVID-19 ကာကွယ်ဆေးဆိုင်ရာ သတင်းချက်အလက်များကို ဖလှယ်မျှဝေနိုင်ရေး အီးမေးလ်ဖြင့် အမြဲမပြတ် ချိတ်ဆက်ရမည် ဖြစ်ပါကြောင်း၊

• အလွန်အမင်းအေးသော အအေးလမ်းကြောင်းသိုလှောင်မှု လိုအပ်သည့် COVID-19 ကာကွယ်ဆေး အမျိုးအစားများ ဆေးအာနိသင်မပျက်စေရေးအတွက် သယ်ယူပို့ဆောင်မှု မနှောင့်နှေး စေဘဲ သက်ဆိုင်ရာနေရာသို့ ရောက်ရှိရန် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပူးပေါင်းကာ အသေးစိတ် ကြိုတင်ပြင်ဆင်မည်ကို သိရှိရသဖြင့် ကောင်းမွန်ပါကြောင်း၊

• ယခု တင်ပြချက်များကို ကျေနပ်မှုရှိပါကြောင်း၊ မိမိတို့အားလုံး ပေါင်းစပ်၍ မြန်မာနိုင်ငံပြည်သူများ အမြန်ဆုံး COVID-19 ကာကွယ်ဆေးထိုးနှံနိုင်ရန် ကြိုးပမ်းလျက်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။


ဆက်လက်၍ Videoconferencing စနစ်ဖြင့်တက်ရောက်လာကြသော တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးများက ဆွေးနွေးပြောကြားရာတွင် -

• ဦးစားပေးအုပ်စုများကို မည်သည့် အချက်ပေါ်မူတည် စဉ်းစားဆုံးဖြတ်သည်ကို ပြည်သူများထံ ကြိုတင်ထားရန် အသိပေးရှင်းလင်း ပြောကြားထားရန် အရေးကြီးမှု၊

• COVID-19 ကာကွယ်ဆေးသယ်ပို့ဆောင်ခြင်း၊ နေရာသတ်မှတ်ထိုးနှံခြင်းတို့တွင် လုံခြုံရေးကိစ္စကိုလည်း ထည့်သွင်းစဉ်းစားရန်လိုအပ်မှု၊

• COVID-19 ကာကွယ်ဆေးထိုးနှံမည့် လူအုပ်စုအလိုက် လူဦးရေစာရင်း ကြိုတင်စာရင်းသွင်း မှတ်ပုံတင်ခြင်းအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန တစ်ခုတည်းမှ ဆောင်ရွက်၍မရဘဲ သက်ဆိုင်ရာ ဌာနများနှင့် ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်မှု စသည့်အချက်များနှင့် အထွေထွေကိစ္စရပ်များအား အသီးသီးဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသူများက COVID-19 ကာကွယ်ဆေး ရရှိလာနိုင်မှု အခြေအနေ အမျိုးအမျိုးအပေါ်မူတည်၍ စနစ်တကျခွဲဝေ ထိုးနှံနိုင်ရေးအတွက် ရှုထောင့်အမျိုးမျိုးမှ ဆွေးနွေးခြင်းနှင့် အစီအစဉ်များတင်ပြခြင်းတို့ကို ဆောင်ရွက် ခဲ့ကြပါသည်။

အဆိုပါ ကြိုတင်ပြင်ဆင်ခြင်းအစီအစဉ်သို့ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ COVID-19 ကာကွယ်ဆေး လုပ်ငန်းပေါင်းစပ်ညှိနှိုင်း စီမံခန့်ခွဲမှုကော်မတီ (COVAX National Coordinating Committee – CNCC) နှင့် မြန်မာနိုင်ငံ COVID-19 ကာကွယ်ဆေးလုပ်ငန်းအဖွဲ့ (COVAX National Technical Working Group-CTWG) တို့မှ အဖွဲ့ဝင်များနှင့် တိုးချဲ့ကာကွယ်ဆေးထိုး လုပ်ငန်းစီမံချက်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။

More Tags