ပြည်ထောင်စုဝန်ကြီးက COVID-19 ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် ပါဝင်ကူညီလျက်ရှိသော အနုပညာရှင်များနှင့် တွေ့ဆုံ ကျေဇူးတင်စကားပြောကြား

နေပြည်တော်၊ (၂၀၂၁) ခုနှစ်၊ ဇန်နဝါရီလ (၇) ရက်နေ့

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့်အတူ ဇန်နဝါရီလ (၆) ရက်နေ့၊ ညပိုင်းတွင် Videoconferencing စနစ်အသုံးပြု၍ COVID-19 ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် ပါဝင်ကူညီလျက်ရှိသော အနုပညာရှင်များနှင့် တွေ့ဆုံခဲ့ကာ ကျေဇူးတင်စကား ပြောကြားခြင်းနှင့် ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာထွန်းမြင့်က ရန်ကုန်တိုင်းဒေသကြီးအတွင်း COVID-19 ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် အနုပညာရှင်များ၏ ပါဝင်ကူညီ ဆောင်ရွက်နေမှုများအား ရှင်းလင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက -

• မြန်မာနိုင်ငံ COVID-19 ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများနှင့် ရန်ကုန်တိုင်းဒေသကြီးတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနတို့ ပူးပေါင်း လက်တွဲကာ ဆောင်ရွက်လျက်ရှိသည့် Stop COVID-19 အဝါရောင် Campaign တွင် အနုပညာရှင်များ၏ ပါဝင်ကူညီ ဆောင်ရွက်နေမှုများအား ကျေးဇူးတင်ရှိပါကြောင်း၊

• အနုပညာရှင်များအနေဖြင့် မည်သူ၏တိုက်တွန်းမှုမျှမပါဘဲ ကိုယ်ပိုင်အသိစိတ်ဖြင့် COVID-19 ကပ်ရောဂါဘေးမှ ပြည်သူများလွတ်ကင်းစေရန်အတွက် ပြည်သူလူထုကြားထဲဆင်းကာ အသိပညာပေးခြင်းများသည် မေ့ပျောက်၍မရသော သမိုင်းမှတ်တိုင်အဖြစ် ဆက်လက်ရှိနေမည်ဖြစ်ပါကြောင်း၊

• ယခုအခါ COVID-19 ကူးစက်မှုလျော့လာသော်လည်း ကပ်ရောဂါပြီးမြောက်သည်အထိ ဆက်လက် ရုန်းကန်ကြရမည်ဖြစ်ပါကြောင်း၊


• ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို ဆောင်ရွက်နေသကဲ့သို့ ပြည်သူများ၏ လူမှု-စီးပွားကိစ္စရပ်များ၊ ပြည်သူများ နေထိုင်စားသောက်မှုများ ထိခိုက်ဆုံးရှုံးမှု နည်းပါးစေရေးလုပ်ငန်းများကို တစ်ပြိုင်နက်တည်း ချိန်ဆလုပ်ကိုင်လျက်ရှိပါကြောင်း၊

• COVID-19 ကာကွယ်ရေးနည်းလမ်းများဖြင့် နယူးနော်မယ် (New Normal)၊ နယူးရန်ကုန် (New Yangon)၊ နယူးမြန်မာ (New Myanmar) ဖြစ်လာစေရန် အားလုံးက ဝိုင်းဝန်း ကြိုးပမ်းကြရမှာပဲ ဖြစ်ပါကြောင်း၊

• ပြည်သူများ၏ နှလုံးသားကို အနုပညာဖြင့် စည်းရုံးကာ COVID-19 ကူးစက်မှုမခံရစေရေး မည်သို့နေထိုင်ရမည်ဆိုသည်များကို ပြောကြားနေမှုများအား ဆက်လက်ဆောင်ရွက် ပေးစေလိုပါ ကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက -

• COVID-19 ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် မိမိကိုယ်တိုင် အသိစိတ် စေတနာများဖြင့် တက်ကြွစွာပါဝင်ကူညီ ဆောင်ရွက်နေသည့် အနုပညာရှင်များအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် အထူးကျေးဇူးတင်ရှိပါကြောင်း၊

• COVID-19 သည် ကမ္ဘာတွင် လုံးဝပျောက်ကွယ်သွားမည်မျိုး မဟုတ်ဘဲ ကူးစက်မှု ပမာဏအနည်း/အများ၊ ရောဂါပြင်းထန်မှု အပြင်း/ အပျော့သာကွာခြားကာ လပေါင်းများစွာ ဆက်လက်ရှိ နေဦးမည် ဖြစ်သည့်အတွက် အနုပညာရှင်များအနေဖြင့် အရှိန်အဟုန်မလျှော့ဘဲ ယခုကဲ့သို့ပင် ဆက်လက်၍ ကူညီပံ့ပိုးစေလိုပါကြောင်း၊

• မြန်မာနိုင်ငံတွင် COVID-19 ရောဂါကူးစက်ခံရသူ (၆၀% မှ ၈၀% ခန့်) သည် ရောဂါလက္ခဏာ တစ်စုံတစ်ရာ ပြသခြင်းမရှိသောကြောင့် မိမိပတ်ဝန်းကျင်တွင် ရောဂါရှိသူများရှိနေနိုင်ပြီး မည်သူ့ထံတွင် ရောဂါရှိသည်ကို အမြင်အားဖြင့် မသိရှိနိုင်ပါကြောင်း၊


• သို့ဖြစ်၍ ရောဂါကူးစက်မှုမှကာကွယ်ရန်အတွက် လိုက်နာလုပ်ဆောင်ရမည့် အချက်များမှာ (က) အပြင်ထွက်တိုင်း၊ အခြားသူများနှင့် ပြောဆိုဆက်ဆံတိုင်း ပါးစပ်နှင့်နှာခေါင်းစည်း (mask) တပ်ထားရန်၊ (ခ) လက်ကို မကြာခဏဆေးကြောရန်၊ (ဂ) တစ်ဦးနှင့်တစ်ဦး တတ်နိုင်သမျှ ခပ်ခွာခွာနေရန် နှင့် (ဃ) ရောဂါကာကွယ်ရေးနည်းလမ်းများကို တစ်ဦးနှင့်တစ်ဦး အသိပေးခြင်းနှင့် သတိပေးခြင်းတို့ လုပ်ဆောင်ရန် ဖြစ်ပါကြောင်း၊

• COVID-19 ကာကွယ်ရေးနည်းလမ်းများကို တိတိကျကျ လိုက်နာကြမှသာလျှင် COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုနှေးကွေးသွားပြီး လက်ခံနိုင်သော အဆင့်တစ်ခုသို့ ရောက်ရှိမှသာ ပြည်သူများ၏ လူမှုရေး၊ စီးပွားရေး၊ ပညာရေးလုပ်ငန်းများကို ပုံမှန်အတိုင်းပြန်လည် လည်ပတ်လုပ်ကိုင်နိုင်မည်ဆိုသည့် အချက်ကို ပြည်သူများအားလုံးက သိရှိနားလည်ကြစေရန် အနုပညာရှင်များက နည်းမျိုးစုံဖြင့် ဆက်လက်ကူညီပံ့ပိုး ပေးစေလိုပါကြောင်း၊

• မည်သည့်ကပ်ရောဂါကိုမဆို ထိန်းချုပ်ရာ၌ ပြည်သူများ၏ ပါဝင်ပူးပေါင်းမှုသည် အဓိကကျပါကြောင်း၊

• အနုပညာရှင်များအနေဖြင့် ပြည်သူများ၌ COVID-19 နှင့် ပတ်သက်၍ ဗဟုသုတကြွယ်ဝစေရန်နှင့် ယင်းဗဟုသုတများကို အခြေခံကာ ဆောင်ရန်၊ ရှောင်ရန် ကိစ္စများအား ဆောင်ရွက်စေရန် လှုံ့ဆော်ပေးစေလိုပါကြောင်း၊

• ယခု COVID-19 ကို အချိန်တိုကာလအတွင်း အောင်မြင်စွာထိန်းချုပ်နိုင်ရန်အတွက် ပြည်သူများ၏ အပြုအမူအလေ့အကျင့်ကို ပြောင်းလဲစေရန်အတွက် အနုပညာရှင်များ၏ ဆောင်ရွက်မှု အခန်းကဏ္ဍသည် ပို၍အရေးကြီးပါကြောင်း၊


• ပြည်သူများအနေဖြင့် အနုပညာရှင်များအား ချစ်ခင်လေးစားခြင်း၊ နှစ်ခြိုက်ခြင်း၊ လိုလားခြင်းရှိသဖြင့် အနုပညာရှင်များ၏ ပြောစကားကို ပိုမိုလိုက်နာဆောင်ရွက်သည် ဆိုသည့်အချက်မှာ ကမ္ဘာ၌ သုတေသနတွေ့ရှိချက်များအရ သိရှိရပါကြောင်း၊ လက်တွေ့မြေပြင်တွင်လည်း ဤအချက်မှာ သက်သေပြစရာမလိုဘဲ မှန်ကန်လျက်ရှိသည်ကို မိမိတို့ သိရှိပါကြောင်း၊

• မြန်မာနိုင်ငံတွင် COVID-19 ကူးစက်မှု မစခင်ကတည်းကပင် COVID-19 ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် အနုပညာရှင်များက ဝိုင်းဝန်းကူညီနေကြသည့်အတွက် ပြည်သူများ ၏ ပါဝင်မှုကို အတိုင်းအတာတစ်ခုအထိ ရရှိလာသဖြင့် ဆောင်ရွက်ပေးမှုများအား အထူးကျေးဇူးတင်ရှိ အသိအမှတ်ပြုပါကြောင်း၊

• အနုပညာရှင်များ ပံ့ပိုးကူညီဖန်တီးပေးသည့် သီချင်းများ၊ ဗီဒီယိုများ၊ ရုပ်ပြကာတွန်းများ၊ သတင်းစကားပြောကြားချက်များကို မိမိတို့ဝန်ကြီးဌာနအနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများထံပေးပို့ပြီး အသုံးပြုမည်ဖြစ်ပါကြောင်း၊

• ယခုကဲ့သို့ အနုပညာရှင်များ၊ အလှူရှင်များ၊ ပရဟိတစေတနာရှင်များ အားလုံးက စေတနာပြည့်ဝစွာဖြင့် ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ဆောင်ရွက်နေမှုများကို တွေ့ရှိရခြင်းသည် မြန်မာနိုင်ငံ၏ ထူးခြားသော လက္ခဏာတစ်ရပ်ဖြစ်ပါကြောင်း၊ အခြားနိုင်ငံများတွင် ဤမျှအထိ ပါဝင်ပူးပေါင်းမှု အတိုင်းအတာရှိမည်ဟု မိမိမထင်ပါကြောင်း၊

• ယခုလက်ရှိ ရန်ကုန်တိုင်းဒေသကြီးတွင် ဆောင်ရွက်နေသည့် Stop COVID-19 အဝါရောင် Campaign တွင်လည်း အနုပညာရှင်များအနေဖြင့် အားတက်သရော ဆက်လက်ပါဝင် ဆောင်ရွက်ပေးနေခြင်းသည် ရောဂါကူးစက်မှု ကွင်းဆက်ကို ဖြတ်တောက်ခြင်းအတွက် အကျိုးရှိသည်ဖြစ်ပါကြောင်း၊

• ဝန်ကြီးဌာနမှ လက်ကိုင်သံချဲ့စက် (handheld speaker) များ အသုံးပြုကာ မြို့နယ်၊ ရပ်ကွက်များတွင် အဆင်သင့် အသံသွင်းထားသော COVID-19 ကာကွယ်ရေးအသိပေးနှိုးဆော်ချက် (prerecorded message) များကို ဖွင့်၍ ကျန်းမာရေးပညာပေးဖြန့်ဝေလျက်ရှိသည့်ကိစ္စ၌ အနုပညာရှင်များကလည်း ရောဂါကာကွယ်ရေးအချက်များကို ပြောကြားအသံသွင်းပေးပါက ပိုမိုထိရောက်မည်ဖြစ်ပါကြောင်း၊


• ယခုလက်ရှိတွင် COVID-19 ကူးစက်မှု အခြေအနေသည် အနည်းငယ် လျော့နည်းလာသော်လည်း (လုံးဝ) ပေါ့ဆ၍ မရပါကြောင်း၊ ရောဂါလက္ခဏာ မပြဘဲရှိနေသူများသည် (၆၀ မှ ၈၀) ရာခိုင်နှုန်းအထိရှိခြင်း၊ ကူးစက်မှုအလွန်မြန်သော ဗိုင်းရပ်စ်ဖြစ်ခြင်း၊ လူတိုင်းသည် အမြဲတမ်း အသက်ရှူရသဖြင့် ရောဂါပိုးရှိသူတစ်ဦးထံမှ ရောဂါပိုးကို အသက်ရှူရာမှတစ်ဆင့် ကူးစက်နိုင် ခြင်း၊ ဆီးချို၊ သွေးတိုး၊ နှလုံး၊ အသည်း၊ ကျောက်ကပ်၊ ရောဂါအခံရှိသူများနှင့် အသက်ကြီးသူများသည် သေဆုံးသူများ၏ (၈၀) ရာခိုင်နှုန်း ရှိခြင်း၊ ဗိုင်းရပ်စ်၏ မျိုးဗီဇသည် တစ်ချိန်လုံး ပြောင်းလဲနိုင်ခြင်း၊ ဆေးရုံသို့ ရောဂါကျွမ်းကာနောက်ကျမှ ရောက်ရှိသူများသည် သေဆုံးမှု အလားအလာများခြင်း၊ လူတစ်ဦးနှင့် တစ်ဦးမျက်နှာချင်းဆိုင် စားသောက်ခြင်းနှင့် စုဝေး စားသောက်ခြင်းတို့သည် ကူးစက်မှုအများဆုံး ဖြစ်နိုင်ခြင်း၊ အများဆုံးကူးစက်နိုင်သည့် နေရာများမှာ နေရာစုံမှလူများလာရောက်ရာ ဈေးများဖြစ်ခြင်း အစရှိသည့်အချက်များကို ပုံစုံအမျိုးမျိုး ဖြင့် ပြည်သူများအား ပညာပေးစေလိုပါကြောင်း၊

• ကမ္ဘာ့နိုင်ငံ (၃၃) ခုခန့်တွင် ကူးစက်မြန်မျိုးဗီဇပြောင်းလဲမှုရှိသော SARS-CoV-2 ဗိုင်းရပ်စ်မျိုးကွဲသစ်ကူးစက်မှုများ တွေ့ရှိနေရပြီဖြစ်သဖြင့် မိမိတို့သည် အထူးသတိထားရမည့် ကာလ ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် လေဆိပ်မှ ဝင်ရောက်လာသူများကို (၂) ပတ်တာ အသွားအလာကန့်သတ်၍ RT PCR နည်းလမ်းဖြင့် (၂) ကြိမ် ဓာတ်ခွဲကာ ရောဂါစစ်ဆေးလျက် ရှိပါကြောင်း၊


• ယခုပေါ်ပေါက်လျက်ရှိသော အလွန်ကူးစက်မြန်သည့် မျိုးဗီဇပြောင်းလဲမှုရှိသော SARS-CoV-2 ဗိုင်းရပ်စ်မျိုးကွဲသစ်ရှိသူ တစ်ဦး လွတ်ထွက်သွားပါက မိမိတို့နိုင်ငံ၌ COVID-19 ကူးစက်မှု ပိုမိုများလာနိုင်သဖြင့် မိမိတို့ဝန်ကြီးဌာနအနေဖြင့် အထူးသတိပြု၍ ထိန်းချုပ်မှုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး ယခုအချိန်တွင် COVID-19 ကာကွယ်ရေးစည်းကမ်းများကို အထူး အလေးထား လိုက်နာရန်မှာ လွန်စွာအရေးကြီးပါကြောင်း၊ ပြည်သူများအနေဖြင့်လည်း တရားမဝင် ပြည်ပမှဝင်ရောက်လာသူများအား တွေ့ရှိပါကသက်ဆိုင်ရာသို့ သတင်းပေးပို့စေလို ပါကြောင်း၊

• ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်၏ ဦးဆောင်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီးတွင် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများအား ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ အနုပညာရှင်များ၊ ပရဟိတစေတနာရှင်များအားလုံးက ပူးပေါင်းလက်တွဲကာ ဆောင်ရွက်နေမှုများအား အထူးအားရကျေနပ်ပါကြောင်းနှင့် ကျေးဇူးတင်ရှိ မှတ်တမ်းတင်အပ် ပါကြောင်း ပြောကြားခဲ့ပါသည်။

ယင်းနောက် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် ရုပ်ရှင်၊ ဂီတ၊ သဘင်စသည့် အနုပညာ နယ်ပယ်အသီးသီးမှ သရုပ်ဆောင်များ၊ တေးရေးများ၊ အဆိုတော်များ၊ ရိုက်ကူးရေးနှင့် အစီအစဉ် တင်ဆက်မှု ပညာရှင်များ၊ အလှူရှင်များနှင့် ပရဟိတအဖွဲ့များက ပံ့ပိုးလုပ်ဆောင်ပေးလျက်ရှိသည့် လုပ်ငန်းများ၊ ဆက်လက်ပါဝင်မည့် အခန်းကဏ္ဍ၊ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် အကြံပြုချက်များအား အသီးသီးပြောကြားခဲ့ပါသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးက အနုပညာရှင်များ၏ အကြံပြုချက်များအား ပြန်လည်ဆွေးနွေးခဲ့ပြီး နိဂုံးချုပ် အမှာစကားပြောကြားရာတွင် -

• ယခုကဲ့သို့ အနုပညာရှင်များက ပြောကြားချက်များ၊ အကြံပြုချက်များသည် ပြည်သူ့ကျန်းမာရေးနှင့် ကပ်ရောဂါနှိမ်နင်းရေးရှုထောင့်မှ အလွန်အကျိုးရှိမည့် အချက်များဖြစ်သည် တွေ့ရှိရပါကြောင်း၊

• မိမိတို့ မထင်မှတ်သော အမြင်ရှုထောင့်မှ ပြောကြားသည့်အပြင် ထိုပြောကြားချက်များသည် မိမိတို့ဝန်ကြီးဌာနအတွက် အလွန်တန်ဖိုးရှိပြီး မိမိတို့ဝန်ကြီးဌာနအနေဖြင့် အထူးအလေးထားကာ COVID-19 ထိန်းချုပ်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ကိုင်မည် ဖြစ်ပါကြောင်း၊

• COVID-19 ဆိုင်ရာ အချက်အလက်များကို ကိုယ်တိုင်သိရှိရန် လေ့လာထားကြပြီး ပြည်သူများထံ ပြန်လည် ဖြန့်ဝေပေးနေခြင်းသည် ကောင်းမွန်ပါကြောင်း၊

• COVID-19 ကာကွယ်ရေးနည်းလမ်းများသည် အခြားသော အသက်ရှူလမ်းကြောင်းမှ တစ်ဆင့်ကူးစက်သည့် ရောဂါများကိုလည်း ကာကွယ်နိုင်သည် ဖြစ်သဖြင့် ကျင့်သုံးသူများတွင် COVID-19 ကိုသာမက အခြားရောဂါများကိုလည်း ကာကွယ်နိုင်မည်ဖြစ်ပါကြောင်း၊

• COVID-19 သည် "ကိုယ်ဖြစ် ကိုယ်ခံသာမဟုတ်ဘဲ၊ ကိုယ်ဖြစ်ပါက အခြားသူများပါ ခံရသည်" ဟု အနုပညာရှင်တစ်ဦးက ပြောကြားခဲ့သည်မှာ အလွန်မှန်ကန်ပါကြောင်း၊ COVID-19 ဖြစ်ပွားသူတစ်ဦးမှ တစ်ဆင့် အတူနေထိုင်သူများ၊ အလုပ်အတူလုပ်သူများ၊ အနီးပတ်ဝန်းကျင်များထံသို့ ထပ်မံကူးစက် ဖြစ်ပွားနိုင်သည်ဖြစ်ပါကြောင်း၊ COVID-19 ကြောင့် သေဆုံးသူ များတွင် ရောဂါအခံရှိသူ အများစုပါဝင်နေကြပြီး ၎င်းတို့အနက်အချို့မှာ နေအိမ်တွင်ပင်နေထိုင်စဉ် အခြားအတူနေ အိမ်သားများထံမှ တစ်ဆင့်ကူးစက်ခံရခြင်းဖြစ်ပါကြောင်း၊

• အနုပညာရှင်များက COVID-19 နှင့်ပတ်သက်၍ လူမှုရေးရှုထောင့်အမြင်များ၊ အလုပ်အကိုင်ရှားပါးမှုနှင့် စီးပွားရေးရှုထောင့်မှ အမြင်များ၊ စိတ်ဓာတ်ပိုင်းဆိုင်ရာ ကျဆင်းမှုရှုထောင့် အမြင်များ၊ ကဏ္ဍပေါင်းစုံမှ အနုပညာရှင်များ ပူးပေါင်း၍ တစ်ပေါင်းတစ်စည်းတည်းဆောင်ရွက်ပါက ပိုမိုအကျိုးရှိမည့် ရှုထောင့်အမြင်များ၊ ဘာသာရေး ရှုထောင့်မှအမြင်များကို နောက်ခံထား ၍ သုံးသပ်ကြသည်ကို တွေ့ရှိရသဖြင့် အနုပညာရှင်များ၏ အတွေးအခေါ်၊ ဗဟုသုတနှင့် အတွေးအမြင်များအား မိမိအထူးလေးစားပါကြောင်း၊ အနုပညာရှင်များအနေဖြင့် ပြည်သူများနှင့် COVID-19 ဖြစ်ပွားသူများအတွက် စိတ်ဓာတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုများကိုလည်း တတ်အားသရွေ့ ဆောင်ရွက်နေကြသည်မှာ ကောင်းမွန်ပါကြောင်း၊


• ဝန်ကြီးဌာန၏ ရှေ့လုပ်ငန်းများကို လုပ်ဆောင်ရာ၌ ဤအချက်များကို နောက်ခံထားကာ ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊

• အနုပညာရှင်များအနေဖြင့် လူမှုကွန်ရက်စာမျက်နှာများတွင်လည်း COVID-19 ကာကွယ်ရေး စည်းကမ်းများကို ဖြန့်ဝေပေးစေလိုပါကြောင်း၊

• COVID-19 ကူးစက်မှု အတိုင်းအတာသည် ပြည်သူများ၏ COVID-19 ကာကွယ်ရေးစည်းကမ်းများကို လိုက်နာဆောင်ရွက်မှု အတိုင်းအတာနှင့် တိုက်ရိုက်အချိုးကျနေပါကြောင်း၊

• COVID-19 ကူးစက်မှု အတိုင်းအတာနှင့်အညီ ထိန်းချုပ်မှုစည်းကမ်းများကို အဆင့်ဆင့် အတိုး/ အလျှော့ပြုလုပ်ရခြင်းဖြစ်ပါကြောင်း၊

• ပြည်သူများ COVID-19 ကာကွယ်ရေးစည်းကမ်းများကို လိုက်နာကျင့်သုံးမှုအလေ့အကျင့်ကောင်းများ ရရှိကာ ရောဂါထိန်းချုပ်နိုင်မှု အတိုင်းအတာကောင်းတစ်ခု ရရှိစေရန်အတွက် အားလုံးမှ ဆက်လက်ပါဝင်ကူညီ ဆောင်ရွက်ပေးကြပါရန် တိုက်တွန်းအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက -

• ယခုကဲ့သို့ အနုပညာရှင်များက ဝိုင်းဝန်းကူညီဆောင်ရွက်နေမှုများအား ကျေးဇူးတင်ရှိပါကြောင်း၊

• တစ်ဦးချင်း၊ တစ်ယောက်ချင်းမှသည် စုပေါင်းအင်အားဖြစ်လာသည်ဖြစ်သဖြင့် တစ်ဦးချင်းစည်းကမ်း လိုက်နာမှုများမှ တစ်ဆင့် အားလုံးစည်းကမ်း လိုက်နာကြခြင်းဖြင့် COVID-19 ရောဂါကို ကာကွယ်ကြရမည် ဖြစ်ပါကြောင်း၊

• ယနေ့တွင် အနုပညာနယ်ပယ်မှ ပညာရှင်များအားတွေ့ဆုံသကဲ့သို့ နယ်ပယ်အသီးသီးမှ ပညာရှင်များနှင့် တွေ့ဆုံဆွေးနွေးနိုင်ရန်လည်း ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

 

More Tags