ရန်ကုန်တိုင်းဒေသကြီးအတွင်း COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း ပေါင်းစပ်ညှိနှိုင်းရေး အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး တက်ရောက်ဆွေးနွေး

နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ ဒီဇင်ဘာလ (၂၄) ရက်နေ့

     ပုံမှန်ပြုလုပ်လျက်ရှိသော ရန်ကုန်တိုင်းဒေသကြီးအတွင်း COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း ပေါင်းစပ်ညှိနှိုင်းရေး အစည်းအဝေးကို (၂၃-၁၂-၂၀၂၀)ရက်နေ့ ညနေ (၆: ၃၀) နာရီတွင် Video Conferencing စနစ်ဖြင့် ကျင်းပခဲ့ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒေါက်တာမြင့်ထွေး တက်ရောက်ဆွေးနွေးခဲ့ပါသည်။

     အဆိုပါ ညှိနှိုင်းအစည်းအဝေး၌ ဆေးတက္ကသိုလ် (၁)၊ ရန်ကုန်၏ ပါမောက္ခချုပ် ဒေါက်တာ ဇော်ဝေစိုးက -

- ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ COVID-19 ကုသရေးဌာနများနှင့် ဆေးရုံကြီးများ၌ လွန်ခဲ့ သော (၂)ပတ်အတွင်း ရက်အလိုက် တက်ရောက်ခဲ့သော COVID-19 လူနာအရေအတွက်၊ အထူး ကြပ်မတ်ကုသဆောင်တွင် ထားရှိကုသရသော လူနာအရေအတွက်နှင့် သေဆုံးလူနာဦးရေ ၊ ရန်ကင်းပညာရေးကောလိပ်နှင့် ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်တို့တွင် ဖွင့်လှစ်ထား သော COVID-19 ကုသရေးဌာနများကို အချိန်မရွေး ပြန်လည်အသုံးပြုနိုင်သည့် အနေအထားဖြင့် ပိတ်သိမ်းမည့် အစီအစဉ်၊ COVID-19 စစ်ဆေးကုသမည့် ပုဂ္ဂလိကဆေးရုံများတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာန၏ ကုသရေးလမ်းညွှန်ချက်များ၊ လုပ်ငန်းလမ်းညွှန်များ၊ အရေးပေါ်လူနာလွှဲပြောင်းရေး စနစ်များနှင့်အညီ ဆောင်ရွက်နိုင်ရေးအတွက် အသိပေးရှင်းလင်း ညှိနှိုင်းဆွေးနွေးမည့် အစီအစဉ်တို့ကို လည်းကောင်း၊

     ရန်ကုန်တိုင်းဒေသကြီး၊ ပြည်သူကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာထွန်းမြင့်က -

- ရန်ကုန်တိုင်းအတွင်း COVID-19 ရောဂါဖြစ်ပွားမှုနှင့် သေဆုံးမှုအခြေအနေ၊

- ပါးစပ်နှင့် နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရေးလူထုလှုပ်ရှားမှု အထူးစီမံချက် ဆက်လက် ဆောင်ရွက်နေမှု၊

- ရန်ကုန်တိုင်းဒေသကြီး COVID-19 ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ပြည်သူကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး၊ ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင် အဖွဲ့နှင့် My Event တို့ ပူးပေါင်း၍ ပြည်သူ လူထုအတွင်း အမူအကျင့်ပြောင်းလဲခြင်းဆိုင်ရာ သင်္ကေတများ (Stop COVID Sign) အသုံးပြု ၍ ဆောင်ရွက်မည့် COVID-19 ရောဂါ ကာကွယ်ရေး အမူအကျင့်ပြောင်းလဲရေးဆိုင်ရာ လူထု လှုပ်ရှားမှု (New Normal Life in Yangon)ဆောင်ရွက်မည့် အစီအစဉ်၊

- အဆိုပါလှုပ်ရှားဆောင်ရွက်မှုတွင် “ Mask တပ်ပါ၊ ခပ်ခွါခွါနေပါ၊ လက်ဆေးပါနှင့် အချင်းချင်းသတိပေးပါ “ သင်္ကေတအမှတ်အသားပါရှိသော မြေစိုက်ပိုစတာများ၊ လက်ကမ်းစာစောင်များ၊ စတစ်ကာ များကို YBS ဘတ်စကားများ၊ မြို့ပတ်ရထားများ၊ သင်္ဘော၊ ကားမှတ်တိုင်များ၊ အငှားယာဉ် များ၊ လေဆိပ်၊ ပန်းခြံ၊ ဈေးဝယ်စင်တာများ၊ ဈေးများ၊ လူကူးကုန်းကျော်တံတားများ၊ စားသောက်ဆိုင်များနှင့် ပြည်သူများ အပန်းဖြေရာနေရာများတွင် ချိတ်ဆွဲပြသမည့်အစီအစဉ်၊ Stop COVID Sign အမှတ်အသားပါ T-shirt များ ဝတ်ဆင်၍ လှုပ်ရှားမှုများ ပြုလုပ်မည့် အစီအစဉ် တို့ကိုလည်းကောင်း၊

     ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက -

- COVID-19 ကုသရေးဌာနများ၊ ပြည်သူ့ဆေးရုံများ၊ Quarantine Center များမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးစောင့်ရှောက်မှုပေးနေသူများ၊ စေတနာ့ဝန်ထမ်းများ စသည့် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် ရှေ့တန်းမှ တာဝန် ထမ်းဆောင်နေသူများ၏ နေ့စဉ်လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို မှတ်တမ်းတင် ဗီဒီယိုရိုက်ကူးမည့်အစီအစဉ်ကိုလည်းကောင်း၊

     ရန်ကုန်ုတိုင်းဒေသကြီး အစိုးရအဖွဲ့၊ အတွင်းရေးမှူး ဦးစိုးစိုးဇော်က -

- ညမထွက်ရအမိန့် ဖောက်ဖျက်သူများကို အရေးယူနေမှု အခြေအနေနှင့် လက်တွေ့ မြေပြင်တွင် တွေ့ကြုံရသည့် အခက်အခဲများ၊ ဌာနဆိုင်ရာ အသီးသီးမှ ဟန်ချက်ညီ၊ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရန် လိုအပ်ချက်များကိုလည်းကောင်း၊

     ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အတွင်းအရေးမှူး ဒေါ်လှိုင်မော်ဦးက-

- ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဈေးများဌာန၊ လမ်းတံတားဌာနနှင့် ပန်းဥယျာဉ်ဌာနတို့မှ COVID-19 ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက် နေမှုများကိုလည်းကောင်း၊

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က-

- အကျဉ်းထောင်၊ အချုပ်ထောင်များတွင် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆိုင်ရာကိစ္စရပ်များကို ပြည်ထဲရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်နေမှုအခြေအနေကို လည်းကောင်း၊

     အမြဲတမ်းအတွင်းဝန်၊ ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းက -

- အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်းများ ပြန်လည်ဖွင့်လှစ်ပါက ခရီးသည်များကို ဟိုတယ် Quarantine စနစ်တကျ ထားရှိနိုင်ရေး၊ ဓါတ်ခွဲနမူနာများ ရယူစစ်ဆေးရေးနှင့် ကျန်းမာရေး စစ်ဆေးကုသခြင်းဆိုင်ရာများကိစ္စရပ်များကို အသင့်ပြင်ဆင်ထားရှိနို်ငရေးကိုလည်းကောင်း၊

     ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးဦးက -

- ရန်ကုန်တိုင်းဒေသကြီးအတွက် Mask (၄)သန်းကို ထပ်မံထောက်ပံ့ပေးမည့်ကိစ္စနှင့် ဆေးရုံ များတွင် O2 နှင့် ဆေးဝါးများအတွက် လိုအပ်သော ရန်ပုံငွေများ ခွင့်ပြုချထားပေးမည့် ကိစ္စရပ် ကိုလည်းကောင်း၊

     ဆေးတက္ကသိုလ် (၁)၊ရန်ကုန် ဒုတိယပါမောက္ခချုပ် ဒေါက်တာ မြင့်မြင့်ငြိမ်းက -

- ကျန်းမာရေးဝန်ထမ်းများကို ဂုဏ်ပြုလွှာမှတ်တမ်းများ ချီးမြှင့်ပေးရန် ကိစ္စကိုလည်းကောင်း အသီးသီး တင်ပြဆွေးနွေးခဲ့ကြပါသည်။

ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးတင်ပြချက်များနှင့်ပတ်သက်၍ ပြန်လည်ဆွေးနွေး ပြောကြား ရာတွင် -

- COVID-19 အထူးကြပ်မတ်ဆောင်တွင် တက်ရောက်ကုသနေသော လူနာများ၊ အသက်ရှူ စက်တပ်ဆင် ကုသနေသောလူနာများ၊ အောက်စီဂျင်ပေးကုသနေသော လူနာများနှင့် ပတ်သက်၍ ကုသပေးရသောရက်၊ ဆေးရုံတက်ရောက်ရသောရက်နှင့် သက်သာပျောက်ကင်း မှုအခြေအနေမှတ်တမ်းစာရင်းများကို စနစ်တကျပြုစု၍ လေ့လာသုံးသပ်မှုများ ပြုလုပ် စေလိုပါကြောင်း၊

- COVID-19 ကုသရေးတွင်အရေးကြီးသော အောက်စီဂျင်များ ဝယ်ယူဖြည့်တင်းရေးအတွက် လိုအပ် သော ရန်ပုံငွေများကို ထပ်မံထောက်ပံ့ပေးမည် ဖြစ်ပါကြောင်း၊

- COVID-19 စစ်ဆေးကုသမည့် ပုဂ္ဂလိကဆေးရုံများနှင့် တွေ့ဆုံညှိနှိုင်းပွဲသို့ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယ ညွှန်ကြားရေးမှူးချုပ် (ကုသရေး) စသည့် တာဝန်ရှိပုဂ္ဂိုလ်တို့ကို တက်ရောက်စေမည် ဖြစ်ပါ ကြောင်း၊

- ရန်ကုန်တိုင်းဒေသကြီးတွင် ဆောင်ရွက်မည့် Stop COVID Sign အသုံးပြု၍ COVID-19 ရောဂါ ကာကွယ်ရေး အမူအကျင့်ပြောင်းလဲရေးဆိုင်ရာ လူထုလှုပ်ရှားမှု အစီအစဉ်သည်အလွန် ကောင်းမွန်သော အကြံဉာဏ်နှင့် ဆောင်ရွက်မှုတစ်ခုဖြစ်ပြီး ရန်ကုန် တိုင်းဒေသကြီးအစိုးရဖွဲ့ဝန်ကြီးချုပ်မှ ဦးဆောင်၍ ဆောင်ရွက်စေလိုပါကြောင်း၊ Stop COVID Sign အမှတ်အသားပါ T-shirt များ ဝတ်ဆင်၍ လှုပ်ရှားမှုများ ပြုလုပ်မည့် အစီအစဉ်သည်အလွန်ထိရောက်မည်ဖြစ်ပါကြောင်း၊ အခြားတိုင်းဒေသကြီး/ ပြည်နယ်များ တွင်လည်း ယခုကဲ့သို့ အမူအကျင့်ပြောင်းလဲရေးဆိုင်ရာ လူထုလှုပ်ရှားမှု ဆောင်ရွက်နိုင်ရန် အသိပေးဝေမျှပေးစေလိုပါကြောင်း၊

- လူမှုရေးဝန်ကြီးတင်ပြသော COVID-19 ကုသရေးဌာနများနှင့် ဆေးရုံများတွင် ကျန်းမာရေး ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ၏ နေ့စဉ်လုပ်ငန်းဆောင်ရွက်နေမှုများကို ဗီဒီယို မှတ်တမ်းရိုက်ကူးမည့် အစီအစဉ်သည် အလွန်ကောင်းမွန်၍ အမြန်ဆုံးဆောင်ရွက်စေလို ပါကြောင်း၊

- ထိုသို့ရိုက်ကူးရာတွင် ကျန်းမာရေးဝန်ထမ်းနှင့် စေတနာ့ဝန်ထမ်းများသာမက၊ အထွေထွေ အုပ်ချုပ်ရေးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့၊ အလှူရှင်များ စသည့် ကဏ္ဍအသီးသီးမှ ကူညီပံ့ပိုးပါဝင်ဆောင်ရွက်ခဲ့ကြ သူများအားလုံးကို မှတ်တမ်းတင် ရိုက်ကူးစေလိုပါကြောင်း၊

- COVID-19 နှင့်အတူ နေထိုင်မှုဘဝပုံစံသစ်ဖြင့် လုပ်ငန်းကဏ္ဍ အသီးသီးနှင့် ဌာနဆိုင်ရာလုပ်ငန်းများကို ပြန်လည်ဆောင်ရွက်နိုင်ရန်အတွက် သင့်လျော် သည့် လုပ်ငန်းဆောင်ရွက်မှုပုံစံသစ်များဖြင့် ဆောင်ရွက်ခြင်းကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ မှ ရှေ့ဆောင်လမ်းပြ၍ ဆောင်ရွက်စေလိုပါကြောင်း၊

- ရန်ကုန်တိုင်းဒေသကြီးအတွင်း ယခုလတ်တလော၌ COVID-19 ဖြစ်ပွားကူးစက်မှုများ လျော့နည်းလာသည်ကို တွေ့ရှိရသော်လည်း ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်မလျှော့ဘဲဆက်လက်လုပ်ဆောင်ရန်အရေးကြီးပြီးတစ်ဆင့်ပြီးတစ်ဆင့်သာ တဖြည်းဖြည်း ဖြေလျော့မှုများပြုလုပ်ပေးရန် အရေးကြီးပါကြောင်း၊

- အထူးသဖြင့် ဈေးများ၊ လက်ဘက်ရည်ဆိုင်များ၊ ဘဏ်များနှင့် အများပြည်သူကို ဝန်ဆောင်မှု ပေးရာနေရာများ၊ စက်ရုံ၊ အလုပ်ရုံများတွင် COVID-19 ကာကွယ်၊ ထိန်းချုပ်ရေးစည်းကမ်း များကို ဆက်လက်လိုက်နာမှုရှိစေရေးကို အလေးပေး၍ ဆက်လက် ကြီးကြပ် ဆောင်ရွက် စေလို ပါကြောင်း၊

- အဆိုပါ နေရာများသို့ ကွင်းဆင်းကြီးကြပ်သည့်အခါ စစ်ဆေးသည့်ပုံစံမျိုးမဟုတ်ဘဲ ရောဂါကူးစက်ဖြစ်ပွားမှုမရှိစေရေးအတွက်လာရောက်အသိပေးသည့်ပုံစံမျိုး၊၎င်းတို့၏ အကျိုး အတွက် လာရောက်သည့်ပုံစံမျိုးဖြစ်ရန် လိုအပ်ပြီး သက်ဆိုင်သူများကိုယ်တိုင် မိမိ၏ အရေးကဲ့သို့ သဘောထားကာ စည်းကမ်းများလိုက်နာလာစေရေး စည်းရုံးပြောကြားရန် လိုအပ် ပါကြောင်း၊

- ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင် Mask ထုတ်လုပ်သော စက်ရုံများ တည်ထောင် ဖွင့်လှစ်လာစေရေး အားပေးရန်လိုအပ်ပြီး အရည်အသွေးနှင့်စံနှုန်း ပြည့်မီရေး ကို လည်း ကြီးကြပ်ပေးစေလိုပါကြောင်း၊

- နိုင်ငံတကာ လေကြောင်းခရီးစဉ်များ ပြန်လည်စတင်ပါက COVID-19 ဓါတ်ခွဲစစ်ဆေးခြင်း၊ Hotel Quarantine ထားရှိခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းနှင့် ကုသခြင်းများကို ပုဂ္ဂလိက ကဏ္ဍကို တာဝန်ပေးရန် လိုအပ်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

      ပြည်ထောင်စုဝန်ကြီးဦးဆောင်၍ရန်ကုန်တိုင်းဒေသကြီး COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းပေါင်းစပ်ညှိနှိုင်းရေးအစည်းအဝေးကို Video Conferencing စနစ် ဖြင့် တစ်ရက်ခြား၊နှစ်ရက်ခြား ပုံမှန်ပြုလုပ်လျက်ရှိပါသည်။

 

More Tags