မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့မှ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ လုပ်ဆောင်နေသူများနှင့် ပြည်ထောင်စုဝန်ကြီး တွေ့ဆုံဆွေးနွေး

နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ ဒီဇင်ဘာလ (၁၈) ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ ဒီဇင်ဘာလ (၁၇) ရက်နေ့၊ ညနေပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ မန္တလေး မြို့တော်ဝန် ဒေါက်တာရဲလွင်၊ ဆေးတက္ကသိုလ် (မန္တလေး) ပါမောက္ခချုပ် ပါမောက္ခဒေါက်တာခင်မောင်လွင်၊ မန္တလေးတိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းသန်းမြင့်၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ ဆေးရုံအုပ်ကြီးများ၊ COVID-19 ကုသရေးဌာန တာဝန်ခံဆရာဝန်ကြီးများ၊ မြို့နယ်ဆရာဝန်ကြီးများနှင့်လည်းကောင်း၊

ဒီဇင်ဘာလ (၁၈) ရက်နေ့၊ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းသန်းမြင့်၊ မန္တလေးတိုင်းဒေသကြီးသို့ ကွင်းဆင်းအားဖြည့်ဆောင်ရွက်ခဲ့သည့် အဖွဲ့ခေါင်းဆောင် ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန္တာလွင်၊ မန္တလေးတိုင်းဒေသကြီးပြည်သူ့ကျန်မာရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်လည်းကောင်း၊

 

ဒီဇင်ဘာလ (၁၈) ရက်နေ့၊ နေ့လယ်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင်၊ တာဝန်ရှိသူများနှင့်လည်းကောင်း၊

ဒီဇင်ဘာလ (၁၈) ရက်နေ့၊ ညနေပိုင်းတွင် ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး (တာဝန်) ညွှန်ကြားရေးမှူး ဒေါက်တာရန်နိုင်မောင်၊ ဒုတိယတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာသီဟ၊ တာဝန်ရှိသူများနှင့်လည်းကောင်း Videoconferencing ဖြင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

     ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် -

• သက်ဆိုင်ရာ တိုင်းဒေသကြီးအလိုက် မြို့နယ်အလိုက် COVID-19 ရောဂါဖြစ်ပွား ကူးစက်မှု နှင့် သေဆုံးမှုအခြေအနေ၊ ရောဂါဖြစ်ပွားပျံ့နှံ့မှု ပုံသဏ္ဌာန်၊

• နေ့အလိုက် ဖြစ်ပွားမှုနှင့် ပိုးတွေ့ရှိမှုနှုန်း စသည့် ဆန်းစစ်သုံးသပ်ချက်များ၊

• ဆေးရုံများနှင့် COVID-19 ကုသရေးဌာနများတွင် COVID-19 လူနာများအား ကုသပေးနေမှုအခြေအနေ၊

• ဆေးရုံများတွင် အောက်ဆီဂျင်ပေးကုသနိုင်သည့် ခုတင်အရေအတွက် နှင့် ထပ်တိုးဆောင်ရွက်မည့် အစီအစဉ်၊

• ဆေးရုံများတွင် High Dependency Unit နှင့် Intensive Care Unit များဖြင့် ကုသမှုပေးနေသည့် အခြေအနေများ၊

• အနံ့ပျောက်သူများထားရှိကုသရာနေရာများတွင် ဆောင်ရွက်နေမှုအခြေအနေ၊

• အသွားအလာကန့်သတ်ထားရှိမှု အခြေအနေ၊

• PCR၊ Gene Xpert နှင့် COVID-19 Rapid Antigen Diagnosis Test Kit ဖြင့် ဓာတ်ခွဲနမူနာများ စစ်ဆေးနေမှုနှင့် ဓာတ်ခွဲနမူနာများအား သက်ဆိုင်ရာ ဓာတ်ခွဲဌာနသို့ ပေးပို့စစ်ဆေးနေမှု၊

• ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ် စီမံခန့်ခွဲမှု အခြေအနေများ၊

• သတင်းအချက်အလက်စီမံခန့်ခွဲမှု အခြေအနေများ၊

• ဘဏ္ဍာငွေ၊ ဆေးနှင့် ဆေးပစ္စည်းများ ရရှိမှု၊ ဖြန့်ဖြူးမှုနှင့် သုံးစွဲမှု အခြေအနေများ၊

 

• ကုန်တင်ယာဉ်ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များအား COVID-19 စစ်ဆေးနေမှု၊

• တိုင်းဒေသကြီး အစိုးရအဖွဲ့၊ နှီးနွှယ်ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများ၊ ပရဟိတစေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်းဆောင်ရွက်နေမှု၊

• အကျဉ်းထောင်နှင့် အချုပ်များတွင် ရောဂါကူးစက်မှု အခြေအနေ၊

• "ပါးစပ်နှင့် နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရေး လူထုလှုပ်ရှား စီမံချက်" ဆောင်ရွက်နေမှုအခြေအနေ၊

• လက်တွေ့မြေပြင် အခြေအနေများ၊

• COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများကို လက်တွေ့မြေပြင်၌ဆောင်ရွက်ရာတွင် တွေ့ကြုံရသော အခက်အခဲနှင့် စိန်ခေါ်မှုများနှင့် လိုအပ်ချက်များ၊ လုပ်ငန်းဆောင်ရွက်ရန်အတွက် ထပ်မံလိုအပ်ချက်များ၊

• ရှေ့ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များကို အပြန်အလှန် အသီးသီးဆွေးနွေးခြင်း၊ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ခြင်းနှင့် ညှိနှိုင်းပေါင်းစပ်ခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။

More Tags