ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ COVID-19 ကုသရေးဌာနများ၏ စီမံခန့်ခွဲအုပ်ချုပ်မှု တာဝန်ခံဆရာဝန်ကြီးများနှင့် ပြည်ထောင်စုဝန်ကြီး တွေ့ဆုံဆွေးနွေး

နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ ဒီဇင်ဘာလ (၁၅) ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ COVID-19 ကုသရေးဌာန (၁၄) ခု၏ စီမံခန့်ခွဲအုပ်ချုပ်မှု တာဝန်ခံဆရာဝန်ကြီးများနှင့် Videoconferencing စနစ်ဖြင့်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

     ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် -

• COVID-19 ကုသရေးဌာနများ စတင်တည်ဆောက်သည်မှ ယခုလူနာများ လက်ခံကုသပေးနေသည်အထိ စီမံခန့်ခွဲအုပ်ချုပ်မှု လုပ်ငန်းများအား ပီပြင်စွာဆောင်ရွက်ပေးနေသော တာဝန်ခံဆရာဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ ကုသရေးလုပ်ငန်းများကို ဝိုင်းဝန်းဆောင်ရွက်ပေး နေသည့် ဆရာဝန်၊ သူနာပြု၊ ကုသမှုအထောက်အကူပြုပညာရှင်များနှင့် စေတနာ့ဝန်ထမ်းများအားလုံးကို ပြည်သူများကိုယ်စား ကျေးဇူးတင်ရှိပါကြောင်း၊

• ထိုသို့ COVID-19 လူနာများအား ကုသမှုပေးရန်အတွက် ဆေးရုံများတွင် ပြင်ဆင်ဆောင်ရွက်ခြင်းနှင့် COVID-19 ကုသရေးဌာနများ တည်ထောင်ခြင်းလုပ်ငန်းများအား ပံ့ပိုးပေးသည့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကိုလည်း ကျေးဇူးတင်ရှိပါကြောင်း၊

 

• ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ (၁၂-၁၂-၂၀၂၀) ရက်နေ့ထုတ်ပြန်ချက်များအရ -

 မြန်မာနိုင်ငံတွင် လူဦးရေ တစ်သန်းလျှင် COVID-19 ဖြစ်ပွားမှုသည် (၁,၉၇၁) ဦးရှိပြီး ကမ္ဘာ့နိုင်ငံ/ နယ်မြေ စုစုပေါင်း (၂၃၀) အနက် (၁၄၁) နိုင်ငံမြောက် ဖြစ်ပါကြောင်း၊ ကျန် (၁၄၀) နိုင်ငံ၏ လူဦးရေ တစ်သန်းလျှင် COVID-19 ဖြစ်ပွားမှုမှာ (၂,၀၇၆ ဦး မှ ၉၀,၄၅၀ ဦး) ဖြစ်ပါကြောင်း၊

 မြန်မာနိုင်ငံတွင် COVID-19 ဓာတ်ခွဲအတည်ပြု လူနာစုစုပေါင်းမှာ (၁၀၇,၂၁၅) ဦးရှိသည့်အတွက် ကမ္ဘာ့နိုင်ငံ/ နယ်မြေ စုစုပေါင်း (၂၃၀) အနက် (၆၈) နိုင်ငံမြောက် ဖြစ်ပါကြောင်း၊ ကျန် (၆၇) နိုင်ငံတွင် ဓာတ်ခွဲအတည်ပြုလူနာပေါင်းမှာ (၁၀၉,၁၀၄ ဦး မှ ၁၅,၄၀၄,၈၈၉ ဦး) ရှိပါကြောင်း၊

 ထို့အပြင် မြန်မာနိုင်ငံတွင် လူဦးရေ တစ်သန်းလျှင် COVID-19 လူနာသေဆုံးမှုမှာ (၄၁) ဦးရှိသည့်အတွက် ကမ္ဘာ့နိုင်ငံ/ နယ်မြေ စုစုပေါင်း (၂၃၀) အနက် (၁၂၉) နိုင်ငံမြောက်ဖြစ်ပါကြောင်း၊ ကျန် (၁၂၈) နိုင်ငံ၏ လူဦးရေ တစ်သန်းလျှင် COVID-19 လူနာသေဆုံးမှုမှာ (၄၂ မှ ၁,၆၆၇) ဦးဖြစ်ပါကြောင်း၊

 လူဦးရေ အချိုးအစားနှင့် မတွက်ချက်ပဲ ကိန်းဂဏန်းအနည်းအများနှင့် ဆန်းစစ်ပါက မြန်မာနိုင်ငံတွင် COVID-19 လူနာသေဆုံးမှုမှာ (၂,၂၄၅) ဦးရှိပြီး ကမ္ဘာ့နိုင်ငံ/ နယ်မြေ စုစုပေါင်း (၂၃၀) အနက် (၅၇) နိုင်ငံမြောက် ဖြစ်ပါကြောင်း၊ ကျန် (၅၆) နိုင်ငံ၏ COVID-19 လူနာသေဆုံးမှုများမှာ (၂,၃၅၉ မှ ၂၉၀,၁၃၃) ဦး ရှိပါကြောင်း၊

 မြန်မာနိုင်ငံတွင် COVID-19 ဖြစ်ပွားသူ လူနာများအနက် သေဆုံးမှုရာခိုင်နှုန်း (CFR) (%) မှာ (၂.၁) ရှိသည့်အတွက် ကမ္ဘာ့နိုင်ငံ/ နယ်မြေ စုစုပေါင်း (၂၃၀) အနက် (၇၂) နိုင်ငံမြောက် ဖြစ်ပါကြောင်း၊ ကျန် (၇၁) နိုင်ငံတွင် COVID-19 ဖြစ်ပွားသူ လူနာများအနက် သေဆုံးမှုရာခိုင်နှုန်းမှာ (၂.၂ မှ ၂၉.၁) ထိ ရှိပါကြောင်း၊

• မိမိအနေဖြင့် ယနေ့အစည်းအဝေးမှတစ်ဆင့် ပြည်သူများထံ ပြောကြားလိုသည်မှာ "မိမိတို့နိုင်ငံလူဦးရေနှင့်နှိုင်းယှဉ်ပါက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနတွင်ရှိသည့် နည်းပါးသော ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဆိုင်ရာ ဆရာဝန်များ၊ သူနာပြုများနှင့် အထောက်အကူပြု ပညာရှင်များသည် ဝန်နှင့်အား မမျှစွာ နေ့မအား၊ ညမနားဆောင်ရွက်နေရသည့် အချက်၊ COVID-19 ကူးစက်မှုများ ဆက်လက်များပြားနေပါက မနိုင်မနင်းဖြစ်လာမည့် အချက်နှင့် ထိုသို့ဆောင်ရွက်နေရသည့် ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများအား ငဲ့ညှာသောအားဖြင့် ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် COVID-19 ကာကွယ်ရေးစည်းကမ်းများကို အလေးထားလိုက်နာပေးကြရန် ဆိုသည့် အချက်" တို့ဖြစ်ပါကြောင်း၊

• ပြည်သူများအနေဖြင့် မိမိပတ်ဝန်းကျင်၌ အထူးသဖြင့် ဈေးများ၊ စက်ရုံ အလုပ်ရုံများတွင် COVID-19 ကာကွယ်ရေးစည်းကမ်းမလိုက်နာသူများအား အချင်းချင်း အသိပေးခြင်းနှင့် သတိပေးခြင်းတို့ ပြုလုပ်ကြစေလိုပါကြောင်း၊

• တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများအနေဖြင့်လည်း COVID-19 ကာကွယ်ရေး စည်းကမ်းချက်များကို ပြည်သူလူထုအတွင်း ပိုမိုလိုက်နာကြစေရေး ပိုမိုကြီးကြပ် ဆောင်ရွက်ပေးစေလိုပါကြောင်း၊

• COVID-19 ကုသရေးဌာန (၁၄) ခု၏ လိုအပ်ချက်များကို ဝန်ကြီးဌာန၏ ဝယ်ယူဖြန့်ဖြူးရေးဌာနခွဲမှ ချက်ချင်း ဖြည့်တင်းပေးလျက်ရှိပါကြောင်း၊

ထပ်မံလိုအပ်ချက်များရှိပါက ဝယ်ယူဖြန့်ဖြူးရေးဌာနခွဲသို့ ချက်ချင်း ဆက်သွယ်၍တောင်းခံနိုင်ပါကြောင်း၊ အမြန်ဆုံး ဆောင်ရွက်ပေးရန်ကိုလည်း မိမိတို့ ညွှန်ကြားထားပြီးဖြစ်ပါကြောင်း၊

• COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်မှုများဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် လုပ်ငန်းများဆောင်ရွက်လျက်ရှိပြီး ဗဟိုကော်မတီမှ ပြည်သူများ လူမှုစီးပွားရေးကိစ္စရပ်များဆောင်ရွက်နိုင်ရန် ဖြေလျော့မှုများကို တစ်ဆင့်ပြီး တစ်ဆင့်ပြုလုပ်ပေးလျက်ရှိပါကြောင်း၊ ထိုကဲ့သို့ ဖြေလျော့မှုများ ပြုလုပ်ပေးပြီးပါကလည်း ပြည်သူများအနေဖြင့် လူမှုစီးပွားရေးကိစ္စရပ်များ ဆောင်ရွက်ရာတွင်လည်း ပါးစပ်နှင့်နှာခေါင်းစည်း (mask) တပ်ခြင်းအပါအဝင် COVID-19 ကာကွယ်ရေး စည်းကမ်းများကို ဆက်လက် လိုက်နာကြရ မည်ဖြစ်ပါကြောင်း၊

 

• လိုက်နာမှုအားနည်းကာ ရောဂါ ဖြစ်ပွားမှုနှုန်းများလာပါက မိမိတို့အနေဖြင့် လိုအပ်မည့် စည်းကမ်းအချို့ကို ပြန်လည်၍ ထပ်မံချမှတ်ရမည်ဖြစ်ပါကြောင်း၊

• COVID-19 ကုသရေးဌာနများသို့ လာရောက်ရသည့် လူနာအရေအတွက် နည်းပါးသွားစေရန်နှင့် ကူးစက်မှုကွင်းဆက်ကို အမြန်ဆုံးဖြတ်နိုင်ရန်အတွက် ဝန်ကြီးဌာနမှ တစ်ပြည်လုံးအတိုင်းအတာအနေဖြင့် ဆောင်ရွက်နေသည့် ပါးစပ်နှင့်နှာခေါင်းစည်း (mask) စနစ်တကျ မဖြစ်မနေတပ်ဆင်ရေး လူထုလှုပ်ရှားမှု စီမံချက် အောင်မြင်စေရေးအတွက် ပြည်သူများမှ မိမိနှင့် မိမိ၏ မိသားစု အရေးကဲ့သို့ သဘောထားကာ တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်စေလိုပါကြောင်း၊

• COVID-19 ကုသရေးဌာနတစ်ခုမှ ဆောင်ရွက်နေသည့် ကောင်းမွန်သည့် လုပ်ငန်းပုံစံများနှင့် စိန်ခေါ်မှုများကို ကျော်လွှားသည့် ပုံစံများကိုလည်း အချင်းချင်းမျှဝေ၍ ဆောင်ရွက်စေလိုပါကြောင်း၊

• COVID-19 ကုသရေးဌာနများ၏ စီမံခန့်ခွဲအုပ်ချုပ်မှုလုပ်ငန်းများ ပိုမိုကောင်းမွန်ပြီး လုပ်ငန်းပမာဏလည်း နည်းပါးသွားစေရန်အတွက် လုပ်ငန်းဆောင်ရွက်မှုများကို ပုံမှန်ဆန်းစစ်သုံးသပ်မှုများ ပြုလုပ်၍ ပိုမို ကောင်းမွန် ထိရောက်အောင် ဆောင်ရွက်စေလိုပါကြောင်း၊

• COVID-19 ကုသရေးဌာန (၁၄) ခု၏ သတင်းအချက်အလက် စနစ်များကို ယခုထက်လွယ်ကူကောင်းမွန်စေရေးကိုလည်း ဝိုင်းဝန်းဆွေးနွေး အကြံပြုစေလိုပါကြောင်း၊

• လူနာများလိုက်နာရမည့် စည်းကမ်းများနှင့် ဆေးရုံမှ ဆင်းသည့်အခါ ဆက်လက်လို်ကနာဆောင်ရွက်ရမည့် အချက်များအား လူနာဆောင်အသီးသီးတွင် နံရံကပ် ပိုစတာများနှင့် QR Code များ ကပ်ထားရမည်ဖြစ်ပါကြောင်း၊

• မကူးစက်နိုင်သောရောဂါများ၊ HIV/ AIDS နှင့် တီဘီရောဂါရှိသူများအတွက် ဆေးဝါးပြတ်လပ်မှု မရှိစေရေးအတွက် ဝန်ကြီးဌာနမှ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊

• ယနေ့တွေ့ဆုံဆွေးနွေးရာတွင် COVID-19 ကုသရေးဌာနများတွင် ဆောင်ရွက်နေသည့် လုပ်ငန်းများ၊ အတွေ့အကြုံများ၊ ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များ၊ လုပ်ငန်းဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများ၊ စိန်ခေါ်မှုများနှင့် ၎င်းတို့ကို ကျော်လွှားဖြေရှင်းပုံများ၊ လိုအပ်ချက်များကို ပွင့်လင်းစွာ ဆွေးနွေးအကြံပြု တင်ပြကြစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။

     ဆက်လက်၍ COVID-19 ကုသရေးဌာန ဖောင်ကြီး၊ ဒဂုံဆိပ်ကမ်း - ၁၊ ဒဂုံဆိပ်ကမ်း - ၂၊ လှိုင်၊ လှိုင် - မြတ်လေး၊ သုဝဏ္ဏ၊ ဒဂုံတောင် - ၁၊ ဒဂုံတောင် - ၂၊ ရန်ကင်းပညာရေးကောလိပ်၊ အဘိဓမ္မာရတနာဃရသံဃာ့ဆေးရုံ၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်၊ မရမ်းကုန်း၊ သာကေတနှင့် ဗုဒ္ဓသာသနာဆေးရုံတို့၏ စီမံခန့်ခွဲအုပ်ချုပ်မှု တာဝန်ခံဆရာဝန်ကြီးများဖြစ်သည့် ဒေါက်တာကိုကိုနိုင်၊ ဒေါက်တာအေးအောင်၊ ဒေါက်တာမိုးမိုးအေး၊ ဒေါက်တာသီဟမောင်မောင်တင်၊ ဒေါက်တာကောင်းမြတ်စိုး၊ ဒေါက်တာခင်မောင်၊ ဒေါက်တာကျော်ကျော်သိန်း၊ ဒေါက်တာချမ်းမြအုန်း၊ ဒေါက်တာရီရီအောင်၊ ပါမောက္ခဒေါက်တာအောင်သိန်းဌေး၊ ဒေါက်တာအောင်မြင့်ထွန်းနှင့် ဒေါက်တာအောင်ထွန်းမင်းတို့က -

• ကုသရေးဌာနအလိုက် လူနာထားရှိနိုင်မှု၊ High dependency unit နှင့် Intensive Care Unit တို့တွင် လူနာထားရှိကုသနေမှု၊

• COVID-19 လူနာများအား လွှဲပြောင်းကုသပေးမှုအခြေအနေ၊ COVID-19 လူနာများအား လွှဲပြောင်းပေးရာတွင် လူနာ၏ ရောဂါအခြေအနေအရ လွှဲပြောင်းရခြင်းထက် လူနာမိသားစုများဝင်များ တစ်နေရာတည်းတွင် တက်ရောက်ကုသမှုခံယူနိုင်ရန် တောင်းဆိုမှုများကြောင့် လွှဲပြောင်းပေးနေရခြင်း၊

• သတင်းအချက်အလက် စီမံခန့်ခွဲဆောင်ရွက်နေမှု ပုံစံများ၊

• ရန်ကုန်တိုင်းဒေသကြီးမှ COVID-19 ကုသရေးဌာနများတွင် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ ဆရာဝန်၊ သူနာပြုနှင့် ကုသမှုအထောက်အကူပြုပညာရှင်များ၊ ပုဂ္ဂလိက အထွေထွေရောဂါကုဆရာဝန်များ၊ သွားဘက်ဆိုင်ရာဆရာဝန်များနှင့် စေတနာ့ဝန်ထမ်းများက လာရောက်ကူညီနေမှု၊

• အလှူရှင်များလှူဒါန်းထားသည့် လူနာများအတွက် တစ်ကိုယ်ရေသုံး အသုံးအဆောင်ပစ္စည်းများ နည်းပါးလာမှု၊

• စေတနာ့ဝန်ထမ်း အရေအတွက် နည်းပါးလာမှု၊

• ကုသရေးဌာနများ၏ အဆောက်အဦ၊ ရေ၊ လျှပ်စစ်မီးဆိုင်ရာ ပြုပြင်ထိန်းသိမ်းရန် အင်ဂျင်နီယာနှင့် ကျွမ်းကျင်ပညာရှင်များလိုအပ်နေမှု၊

• COVID-19 ကုသရေးဌာန (ဖောင်ကြီး) တွင် အောက်ဆီဂျင်ပေးကုသနိုင်သော လူနာခန်းများ တိုးချဲ့ဆောင်လုပ်နေသည့် ကိစ္စရပ်များနှင့် အဆိုပါ လူနာဆောင်များအတွက် လိုအပ်သည့် ဆေးပစ္စည်းကိရိယာများ၊

• ကုသရေးဌာနများအတွက် လုံခြုံရေးပိုင်းဆိုင်ရာ လိုအပ်ချက်များ၊

• နိုင်ငံခြားသား COVID-19 လူနာများ၏ တောင်းဆိုမှုများ၊

• COVID-19 ကုသရေးဌာနတွင် တက်ရောက်နေသည့် COVID-19 လူနာများကို ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ သဘောထားစစ်တမ်း ကောက်ယူခဲ့မှု ကနဦးတွေ့ရှိချက်များ၊

• COVID-19 ပိုးတွေ့လူနာများအား ဆေးရုံ (သို့မဟုတ်) ကုသရေးဌာနတွင် ရက်အတိုင်းအတာ တစ်ခုထားရှိပြီးနောက် ၎င်းတို့၏ ရောဂါအခြေအနေ အသက်အရွယ်၊ ရောဂါအခံရှိ၊ မရှိ အခြေအနေ၊ နေအိမ်အခြေအနေ၊ အတူနေမိသားစုအရေးအတွက် အနည်းအများ၊ သီးခြားအခန်းတွင် ခွဲကာနေထိုင်နိုင်မှု အခြေအနေ၊ စသည့် အချက်များအပေါ်မူတည်၍ နေအိမ်တွင်သာ ဆက်လက်၍ သီးခြားထားရှိခြင်း (home isolation) ပြုလုပ်သွားနိုင်ရန်နှင့် ၎င်းတို့အား Video call စနစ်ဖြင့် ပုံမှန် ဆက်သွယ်ကာ ရောဂါအခြေအနေ စောင့်ကြပ်ကြည့်ရှုသွားရန် အကြံပြုချက်များ ကို အသီးသီးဆွေးနွေး ပြောကြားခဲ့ကြပါသည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်နှင့် တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများက အထွေထွေဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြပါသည်။

ထို့နောက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က -

• COVID-19 ကုသရေးဌာနအလိုက် လိုအပ်သည့် ဆေးပစ္စည်းကိရိယာများအား တတ်နိုင်သမျှ အမြန်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊

• ဝန်ကြီးဌာနမှ ရေးဆွဲထားသည့် အင်တာနက်အခြေပြု COVID-19 database management system application ကို COVID-19 ကုသရေးဌာများ၊ ဓာတ်ခွဲစစ်ဆေးရာနေရာများနှင့် အသွားအလာကန့်သတ်ရာ နေရာများတွင် အသုံးပြုသွားစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။

     ဆက်လက်၍ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းနှင့် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးဦးတို့က -

 

• အခက်အခဲနှင့် စိန်ခေါ်မှုများကြားမှု အစွမ်းကုန်ကြိုးစားကာ စိတ်ရှည်သည်းခံမှုများဖြင့် လုပ်ငန်းများ ဆောင်ရွက်နေကြသည့် ဆရာဝန်များ၊ သူနာပြုများ၊ ကုသရေးအထောက်အကူပြုပညာရှင်များ၊ စေတနာ့ဝန်ထမ်းများအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။

     ယင်းနောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားရာတွင် -

• COVID-19 ကုသရေးဌာနများ၏ ဘက်စုံအခြေအနေစစ်တမ်းကို စနစ်တကျ အမြန်ဆုံး ကောက်ယူနိုင်ရန်အတွက် ပြည်သူ့ကျန်းမာရေးတက္ကသိုလ် (ရန်ကုန်) နှင့် ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနတို့မှ ပူးပေါင်းဆောင်ရွက်စေလိုပါကြောင်း၊

• COVID-19 ကုသရေးဌာနများတွင် တက်ရောက်နေသော COVID-19 ပိုးတွေ့လူနာများမှ ရောဂါလက္ခဏာနှင့် ရောဂါအခံတို့လည်းမရှိဘဲ သင့်တော်သည့် အိမ်အခြေအနေရှိသောသူအချို့အား COVID-19 ကုသရေးဌာနတွင် ရက်အတိုင်းအတာတစ်ခုထားရှိပြီးနောက် နေအိမ်တွင်သာ ဆက်လက်၍ သီးခြားထားရှိခြင်း (home isolation) ပြုလုပ်သွားနိုင်ရန်နှင့် ၎င်းတို့အား Video call စနစ်ဖြင့် ပုံမှန် ဆက်သွယ်ကာ ရောဂါအခြေအနေ စောင့်ကြပ်ကြည့်ရှုသွားရန် အကြံပြုခြင်းနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီနှင့် ပါမောက္ခဆရာဝန်ကြီးများ ပူးပေါင်းဆွေးနွေးပြီး ကနဦး ရှေ့ပြေးစမ်းသပ်မှု (pilot) ပုံစံဖြင့် စတင်ဆောင်ရွက်သွားစေလိုပါကြောင်း၊

• ထိုသို့ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ လူနာနှင့် လူနာမိသားစုများ၏ စည်းကမ်းလိုက်နာမှုအခြေအနေအား စောင့်ကြပ်ကြည့်ရှုရန်အတွက် သက်ဆိုင်ရာ မြို့နယ် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက ဆောင်ရွက်ပြီး လူနာ၏ ရောဂါအခြေအနေအား စောင့်ကြပ်ကြည့်ရှုရန်အတွက် မြို့နယ်ဆရာဝန်မှ ဦးစီးတာဝန်ယူဆောင်ရွက် စေလိုပါကြောင်း၊

• COVID-19 သည် အသက်ရှူလမ်းကြောင်းမှ တစ်ဆင့် လျင်မြန်စွာ ကူးစက်သဖြင့် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အချိန်နှင့် တစ်ပြေးညီ ဆုံးဖြတ်ချက်ချရန် လိုအပ်ပါကြောင်း၊ ဆုံးဖြတ်ချက် နောက်ကျပါက များစွာ သော နောက်ဆက်တွဲဆိုးကျိုးများ ရနိုင်ပါကြောင်း၊

• ထပ်မံလိုအပ်သည်များအား ဝန်ကြီးဌာနမှ အတတ်နိုင်ဆုံးနှင့် အမြန်ဆုံးပံ့ပိုးပေးသွားမည် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

More Tags