ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန အားကစားတိုးတက်ရေးအတွက် ရှေ့လာမည့်(၅)နှစ်အတွင်း ဆောင်ရွက်မည့် အစီအစဉ်များအား သက်ဆိုင်ရာ နှစ်အပိုင်းအခြားအလိုက် စီမံချက်ရေးဆွဲခြင်း ညှိနှိုင်းအစည်းအဝေးအား Video Conferencing ဖြင့် ကျင်းပပြုလုပ်

နေပြည်တော်၊ ၂၀၂၀ပြည့်နှစ်၊ ဒီဇင်ဘာလ(၄)ရက်

     မြန်မာ့အားကစားဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့လာမည့် (၅)နှစ်အတွင်း ဆောင်ရွက်မည့် အစီအမံများအား နှစ်အပိုင်းအခြားအလိုက် စီမံချက်ရေးဆွဲရန် ညှိနှိုင်းအစည်းအဝေးကို Video Conferencing စနစ်ဖြင့် ယနေ့နံနက် (၉)နာရီ(၃၀)မိနစ်အချိန် အားကစားနှင့်ကာယပညာဦးစီးဌာနရုံးအမှတ်(၃၁) အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးသိန်းထွန်းလတ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ ဖြစ်ကြသောဦးထွန်းမြင့်ဦး၊ ဦးကျော်ဆန်း၊ ဦးကျော်ဦး၊ ဌာနခွဲညွှန်ကြားရေးမှူးများ၊ အားကစားနှင့်ကာယပညာသိပ္ပံ ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံအိုလံပစ် ကော်မတီရုံးမှတာဝန်ရှိသူများ၊ SOMS Unit အဖွဲ့မှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

 အစီအစဉ်အရ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနဒု တိယဝန်ကြီးဒေါက်တာမြလေးစိန်မှ အဖွင့်အမှာစကား ပြောကြားရာတွင် ဦးစီးဌာနရှိ ဝန်ထမ်းများအနေဖြင့် မိမိဦးစီးဌာနရှိ ဌာနခွဲများ၏ တာဝန်ဝတ္တရားများ၊ လုပ်ဆောင်မှုများကို သိရှိထားရန် လိုအပ်ပါကြောင်း၊ ဝန်ထမ်းများ ဌာနကူးပြောင်းတာဝန်ထမ်းဆောင်ရပါက လက်ဆင့်ကမ်း တာဝန်များကို ဆက်လက် အကောင်အထည်ဖော် နိုင်မည်ဖြစ်ပါကြောင်း၊ Covid-19 ကာကွယ်ရေးလုပ်ငန်းများအား တိုင်းဒေသကြီးနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ် သိပ္ပံကျောင်းများမှ ဝန်ထမ်းများ ပါဝင်ကူညီ၍ Quarantine ထားရှိ၍ ဆောင်ရွက်မှုများ၊ ဒေသအာဏာပိုင် ဌာနများနှင့် ပူးပေါင်းဆောင်ရွက်မှုများ၊ Mask Campaign များ ပြုလုပ်နေသည်ကို တွေ့ရှိရ၍ အထူးကျေးဇူးတင်ရှိပါကြောင်း၊ Covid-19 ကာကွယ်ဆေးမကြာမီရ ရှိတော့မည်ဖြစ်၍ Covid ကာလပြီးမြောက်ပြီးနောက် အားကစားလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ကြိုတင်ပြင်ဆင် ထားရှိရန်လိုအပ်ကြောင်း၊ Covid ကာလအတွင်း ပြည်သူများအနေဖြင့် စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးအရ အဖက်ဖက်က ထိခိုက်မှုရှိချိန်တွင် အားကစားနှင့်ကာယပညာဦးစီးဌာနအနေနှင့် လှုပ်လှုပ်ရှားရှား လူထုအားကစား အစီအစဉ်ဖြစ်သော ပြည်သူများ ကိုယ်လက်လှုပ်ရှားပြိုင်ပွဲကို ကျင်းပပေးရာ ပြည်သူများ ပါဝင်ယှဉ်ပြိုင်သည်ကိုတွေ့ရ၍ ပါဝင်နိုင်အောင် စည်းရုံးဆောင်ရွက်နိုင်ခဲ့သော ဝန်ထမ်းများအား အထူးပင် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။


ဆက်လက်၍ ယှဉ်ပြိုင်ရေးနှင့် လေ့ကျင့်ရေးဌာနခွဲ (၁) ညွှန်ကြားရေးမှူးဦးခွန်ဂျာအောင်မှ ၂၀၂၁မှ ၂၀၂၅ခုနှစ်အထိ (၅)နှစ်တာ ကာလအတွင်း အားကစားဖွံ့ဖြိုးတိုးတက်ရေး နှစ်အပိုင်း အခြားအလိုက် စီမံဆောင်ရွက်မှုများအား တင်ပြရာ တိုင်းဒေသကြီးနှင့် ပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာနများနှင့် ချိတ်ဆက်ပြီး အားကစားပြက္ခဒိန်ရေးဆွဲကာ ပြည်တွင်း အားကစားပြိုင်ပွဲများ ကျင်းပပြီး လူငယ်မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရေး၊ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များနှင့် ချိတ်ဆက်၍  နိုင်ငံတကာ အားကစား ပြိုင်ပွဲများတွင် အောင်မြင်မှုများ ရရှိနိုင်ရေး ကြိုးပမ်းဆောင်ရွက်ပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ပြိုင်ပွဲများ ကျင်းပခဲ့မှုအခြေအနေ၊ ကျင်းပရန် လျာထားမှု အခြေအနေများ၊ မျိုးဆက်သစ် အားကစားသမားများ ရွေးချယ်မှုစာရင်းနှင့် ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများကျင်းပရန် မျှော်မှန်းလျာထား ဆောင်ရွက်မည့်အခြေအနေ၊ အားကစားအဖွဲ့ချုပ်များ၏ ပြည်တွင်းပြိုင်ပွဲများ ကျင်းပရန် မျှော်မှန်းလျာထား ဆောင်ရွက်မည့်အခြေအနေ၊ လာမည့်(၅)နှစ်တာ ကာလအတွင်း ပြိုင်ပွဲများ ကျင်းပရေးအတွက် မျှော်မှန်းလျာထား ဆောင်ရွက်မည့် အစီအမံများ၊ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် ကြိုတင်ပြင်ဆင်မှုအခြေအနေ၊ အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် ကြိုတင်ပြင်ဆင်မှု အခြေအနေ၊ အာရှအာကစားပြိုင်ပွဲနှင့် အိုလံပစ်အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် လျာထားပြင်ဆင်မှု အခြေအနေ၊ ပြည်ပနိုင်ငံများ၌ ကျင်းပပြုလုပ်မည့် ဖိတ်ခေါ်အားကစား ပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် လျာထားပြင်ဆင်မှု အခြေအနေ၊ ပြည်ပနိုင်ငံများသို့ သွားရောက်၍ အစည်းအဝေး၊ ဆွေးနွေးပွဲ၊ ညီလာခံ၊ သင်တန်းများ၊ လေ့လာရေး၊ ဒိုင်၊ ဂျူရီတာဝန် စာမေးပွဲကိစ္စရပ်များ၊ ချစ်ကြည်ရေးခရီးစဉ်များ သွားရောက်နိုင်ရေးအတွက် လျာထားပြင်ဆင်မှုအခြေအနေ၊ ပြည်ပနိုင်ငံများတွင် ပူးတွဲလေ့ကျင့်မှုများ ပြုလုပ်ရန်အတွက် ကြိုတင်ပြင်ဆင်မှု အခြေအနေ၊ ပြည်ပနိုင်ငံများသို့ ပညာတော်သင် စေလွှတ်မှုအခြေအနေ၊ နိုင်ငံခြားသားနည်းပြများ ငှားရမ်းတာဝန်ပေးအပ်ရန်အတွက် လျာထားမှုအခြေအနေ၊ JICA,KOICA အစီအစဉ်ဖြင့် မြန်မာနိုင်ငံသို့ လာရောက်တာဝန်ထမ်းဆောင်ခဲ့သည့် Volunteer များစာရင်းမြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် အဖွဲ့ချုပ်များမှ လက်ခံကျင်းပမည့် အားကစားပြိုင်ပွဲများ မျှော်မှန်းလျာထားမှုအခြေအနေ၊ ပြည်ပပြိုင်ပွဲများ၊ အစည်းအဝေးများ၊ ဆွေးနွေးပွဲများ၊ နိုင်ငံခြားသား နည်းပြငှားရမ်းကုန်ကျစရိတ် ခန့်မှန်းလျာထားမှု အခြေအနေ၊ မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များ ဖွဲ့စည်းဆောင်ရွက်မှု အခြေအနေများကို တင်ပြဆွေးနွေးခဲ့ပါသည်။

မြန်မာနိုင်ငံအိုလံပစ်ကော်မတီ လုပ်ငန်းကိစ္စရပ်များကို ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်မှ ဆက်လက်ဆွေးနွေး ပြောကြားရာတွင် မြန်မာနိုင်ငံအိုလံပစ်ကော်မတီ၊ အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ (IOC)နှင့် အာရှအိုလံပစ်ကောင်စီ (OCA)တို့၏ ဖွဲ့စည်းပုံနှင့် ၎င်းတို့လက်အောက်ရှိ ဆပ်ကော်မတီများ၊ ကော်မရှင်များ ဖွဲ့စည်းပုံအခြေအနေများ၊ (MOC) မြန်မာနိုင်ငံ အိုလံပစ်ကော်မတီနှင့် (IOC) အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီတို့ ပူးပေါင်း၍ Olympic Solidarity အစီအစဉ်ဖြင့် ပြည်တွင်းတွင် နည်းပြသင်တန်းများ ဖွင့်လှစ်ခြင်းအခြေအနေများ၊ Olympic Scholarship အစီအစဉ်ဖြင့် ပြည်ပသို့ အိုလံပစ်အားကစားသမားများ ပညာတော်သင်လျှောက်ထားရရှိမှု အခြေအနေများကို ဆက်လက်ပြောကြားခဲ့ပါသည်။

ဆက်လက်၍ အားကစားနှင့်ကာယပညာဦးစီးဌာန လက်အောက်ရှိ Senior Official Meeting On Sports (SOMS) Unit ၏ လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဦးစီးအရာရှိ ဒေါ်အိသန္တာဝင်းမှ ဆွေးနွေးပြောကြားရာတွင် အာဆီယံဒေသတွင်း၌ SOMS ဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်များ၊ SOMS အစည်းအဝေး ကျင်းပခဲ့မှုများနှင့် အစည်းအဝေးအား အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့မှုအခြေအနေ၊ ၂၀၁၆-၂၀၂၀ ခုနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် ASEAN Work Plan on Sports လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေ၊၂၀၂၁-၂၀၂၅ခုနှစ်အတွင်းASEAN Work Plan on Sports တွင် ဦးဆောင်နိုင်ငံအဖြစ် တာဝန်ယူဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် လုပ်ဆောင်ရန် လျာထားမှု အခြေအနေများ၊ အားကစားရန်ပုံငွေ (ASEAN Sports Fund) တည်ထောင်နိုင်ရေးနှင့် စပ်လျဉ်း၍ အာဆီယံနိုင်ငံများ၏ ဆွေးနွေးထားရှိမှုအခြေအနေများ၊ အာဆီယံနိုင်ငံများအနေဖြင့် Covid-19 ကာလအတွင်း သက်ဆိုင်ရာ အားကစားကဏ္ဍများအလိုက် လုပ်ဆောင်နေမှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။


ဆက်လက်၍ ဒုတိယဝန်ကြီးမှ နိဂုံးချုပ်အမှာစကားပြောကြားရာ၌ ဌာနဝန်ထမ်းများအနေနှင့် အင်္ဂလိပ်ဘာသာစကားနှင့် ကွန်ပျူတာပညာရပ်များ တတ်မြောက်ကျွမ်းကျင်မှုရှိအောင် ကြိုးစားကြစေလိုကြောင်း၊ ဝန်ထမ်းများသည် အားကစားသမား အများစုဖြစ်ကြ၍ စိတ်ပိုင်းဆိုင် ရာရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုပိုမိုကောင်းမွန်သူများ ဖြစ်ကြ၍ ကြိုးစားကြစေလိုကြောင်း၊အားလုံး က ဝိုင်ဝန်းကူညီ ပေးကြစေလိုကြောင်း၊ တိုင်းဒေကြီးနှင့်ပြည်နယ် အားကစားတာဝန်ရှိသူများအနေနှင့် မျိုးဆက်သစ် အားကစားသမားများ ရွေးချယ်ရာတွင် ဒေသအလိုက် အားသန်ရာ အားကစားနည်းများကို သေချာစွာ စိစစ်ပြီးထူးချွန်အောင် ဒေသအလိုက် မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာနိုင်ရေးကို သေချာစီမံ ဆောင်ရွက်စေလိုကြောင်း၊ Sports Science ကို အားကစားနည်းအလိုက် စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး၊ Sports Tourism လုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ကြိုးစားကြစေလိုကြောင်း၊ အားကစားသမားများ အရွယ်ကြီးပြင်းလာ၍ လူမှုဘဝဖူလုံမှုရရှိနိုင်ရန် အထူးစဉ်းစား ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ OS မှခေါ်ယူသော သင်တန်းများနှင့် ပတ်သက်၍ တိုင်းနှင့်ပြည်နယ်မှ အားကစားသမားများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဝန်ထမ်းများ သင်တန်းတက်ရောက်လိုပါက (MOC) နှင့်ချိတ်ဆက်၍ ကြိုးစား ဆောင်ရွက်စေလိုကြောင်း၊ နိုင်ငံတော်မှခေါ်ယူသော ပညာတော်သင်လျှောက်ထားရာတွင်လည်း အားကစားသမားများအပြင် ဝန်ထမ်းများမှလည်း အင်္ဂလိပ်ဘာသာစကား၊ (IT) နည်းပညာရပ်များကို အထူးကျွမ်းကျင် တတ်မြောက်လေ့လာ သင်ယူစေနိုင်ရန် လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်မှူးများအနေဖြင့် Olympic Solidarity စာအုပ်များကို လက်ဝယ်ရရှိပြီးဖြစ်၍ စာအုပ်ပါအကြောင်းအရာများကို ကျေညက်ပိုင်နိုင်စွာ ဖတ်ရှုထားရှိရန် လိုအပ်ကြောင်း၊ ၎င်းစာအုပ်ထဲ၌ လုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်များ၊ လုပ်ထုံးလုပ်နည်းများ ပါဝင်ပါကြောင်း၊ နိုင်ငံတကာနှင့် တိုက်ရိုက်ချိတ်ဆက် ဆောင်ရွက်ရမည့် Link များပါရှိပါကြောင်း၊ အားလုံးဟန်ချက်ညီညီ ဝိုင်းဝန်းကြိုးစား ကြစေလိုကြောင်း၊ အားကစားသမားများ ဘဝရပ်တည်မှုနောင်ရေးတွင် ဆွေးနွေးစီစဉ်ဆောင်ရွက်မည် ဖြစ်ပါကြောင်း၊ နောက်ပိုင်းကာလတွင် တစ်ပတ်တစ်ရက် အချိန်ယူ၍ Online သင်ကြားမှုများကို လုပ်နိုင်ရန် စီစဉ်မည်ဖြစ်ပါကြောင်း၊ တတ်နိုင်လျှင် Online B.S.C(Sports)ကို သင်ကြားနိုင်ရန် စီစဉ်မည်ဖြစ်ပါကြောင်း၊ တိုင်းနှင့် ပြည်နယ်များတွင် မသန်စွမ်း အားကစားသမားများကို မမေ့သင့်ပါကြောင်း၊ မသန်စွမ်းသူများ ကျန်းမာရေး စိတ်ဓာတ်မြင့်တက်လာအောင် ဝိုင်းဝန်းကြိုးစားပေးစေလိုကြောင်း၊ SOMS ၏ဒေသတွင်း အားကစားဆိုင်ရာ လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မှုကို အားလုံးသိရှိထားရန် လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်စေလိုကြောင်း၊ အထူးသဖြင့် နယ်စပ်ဒေသရှိ စစ်ဘေးရှောင်စခန်းများမှ ပြည်သူများ ကျန်းမာရေးကောင်းမွန်ရေး၊ ကာကွယ်ဆောင်ရွက်မှု ပေးရေးလုပ်ငန်းများ၊ ကျန်းမာရေးအတွက် အားကစားပြုလုပ်နိုင်ရန်အတွက် အားကစား အထောက်အကူပြု ပစ္စည်းလှူဒါန်းပေးရန် ကိစ္စရပ်များ ပါဝင်ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ နယ်စပ်ဒေသရှိ လူငယ်လူရွယ်များ ဖွံ့ဖြိုးတိုးတက်ရေးတွင် အားကစားကဏ္ဍဖြင့် မြင့်တင်ရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

More Tags