မြန်မာနိုင်ငံ COVID-19 ကာကွယ်ဆေး စီမံချက်အတွက် COVID-19 ကာကွယ်ဆေး လုပ်ငန်းပေါင်းစပ်ညှိနှိုင်း စီမံခန့်ခွဲမှုကော်မတီ၏ (၂/၂၀၂၀) အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးတက်ရောက်

နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ ဒီဇင်ဘာလ (၅) ရက်နေ့

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ဒီဇင်ဘာလ (၄) ရက်နေ့၊ နေ့လယ်ပိုင်းတွင် Videoconferencing စနစ်ဖြင့် ပြုလုပ်ခဲ့သော မြန်မာနိုင်ငံ COVID-19 ကာကွယ်ဆေး လုပ်ငန်းပေါင်းစပ်ညှိနှိုင်း စီမံခန့်ခွဲမှုကော်မတီ (COVAX National Coordinating Committee – CNCC) ၏ (၂/၂၀၂၀) အစည်းအဝေးသို့ တက်ရောက်ခဲ့ ပါသည်။

အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် -

• ယနေ့အစည်းအဝေးမှာ မြန်မာနိုင်ငံတွင် COVAX အစီအစဉ်မှ COVID-19 ကာကွယ်ဆေးရရှိရန် Gavi, the Vaccine Alliance ထံသို့ ဒီဇင်ဘာလ (၇) ရက်နေ့တွင် ပေးပို့ရန်အတွက် (၂၀၂၁) ခုနှစ်၊ ဒုတိယသုံးလပတ်မှ (၂၀၂၂) ခုနှစ်၊ ဒုတိယသုံးလပတ်အထိ ကာကွယ်ဆေးထိုးနှံမည့် ပုံစံအဆင့်ဆင့်၊ ကာကွယ်ဆေးထိုးနှံပေးမည့် ဦးစားပေးအုပ်စု၊ Gavi နှင့် မြန်မာနိုင်ငံမှ ကုန်ကျငွေကို ခွဲဝေကျခံမည့် ပုံစံ၊ မိမိတို့နိုင်ငံမှ သုံးစွဲလိုသည့် ဦးစားပေးအလိုက် ကာကွယ်ဆေးအမျိုးအစား၊ ကာကွယ်ဆေးရရှိပါက သိုလှောင်သယ်ဆောင်ထိုးနှံမည့် အစီအစဉ် အစရှိသည် တို့ကို Gavi, the Vaccine Alliance မှ ပေးပို့သော ဖောင်ပုံစံ တွင် အသေးစိတ် ဖြည့်စွက်၍ မပေးပို့မီ မြန်မာနိုင်ငံ COVID-19 ကာကွယ်ဆေး လုပ်ငန်းပေါင်းစပ်ညှိနှိုင်း စီမံခန့်ခွဲမှုကော်မတီ (COVAX National Coordinating Committee – CNCC) နှင့် အမျိုးသားအဆင့် ကာကွယ်ဆေးထိုးလုပ်ငန်းဆိုင်ရာ နည်းပညာအကြံပေးအဖွဲ့ (National Immunization Technical Advisory Group - NITAG) တို့ နောက်ဆုံးအဆင့် အသေးစိတ်ဆွေးနွေးပွဲ ဖြစ်ပါကြောင်း၊

• ဆွေးနွေးရာ၌ မြန်မာနိုင်ငံ တိုးချဲ့ကာကွယ်ဆေးထိုးနှံမှုဆိုင်ရာ အခြေခံအဆောက်အဦနှင့် လူ့စွမ်းအားအခြေအနေတို့ကို နောက်ခံထား၍ စဉ်းစားရမည်ဖြစ်ပါကြောင်း၊

• ဤကိစ္စနှင့် ပတ်သက်၍ ဝန်ကြီးဌာနသည် Gavi, the Vaccine Alliance နှင့် အချိန်နှင့်တစ်ပြေးညီ အသေးစိတ်ကြိုတင်ဆွေးနွေးထားပြီး ဖြစ်သဖြင့် ကာကွယ်ဆေး အမြန်ဆုံးရရှိမည်ဟု ယူဆထားပါကြောင်း၊

• Gavi, the Vaccine Alliance သို့ အကြောင်းကြားရန် လုပ်ဆောင်နေချိန်တွင် မိမိတို့သည် ဘေးထွက်ဆိုးကျိုးနည်းပြီး စွမ်းရည်ထက်မြက်သည့် COVID-19 ကာကွယ်ဆေးများကို ရရှိသည့်အချိန်၌ မိမိတို့နိုင်ငံ ပြည်သူများအား ဦးစားပေးအစီအစဉ်အလိုက် စနစ်တကျ ထိုးနှံနိုင်ရေးအတွက် လုပ်ငန်းများကို တစ်ပြိုင်တည်း စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊

• မြန်မာနိုင်ငံ၌ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းစီမံချက်သည် ကာကွယ်ဆေး (၁၃) မျိုးကို နှစ်ပေါင်းများစွာ ထိုးနှံပေးနေသည့် အတွေ့အကြုံများစွာ ရှိသည့်အတွက် COVID-19 ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို အဆင်ပြေစွာ ဆောင်ရွက်နိုင်မည်ဟု မိမိယုံကြည်ပါကြောင်း၊

• မိမိတို့ အထူးသတိပြုရမည်မှာ အအေးလမ်းကြောင်း စနစ်ပင်ဖြစ်ပါကြောင်း၊ ဤကိစ္စနှင့် ပတ်သက်၍ လိုအပ်နိုင်သည့် အချက်များကို သိရှိသည့် အတွက် ကြိုတင်ပြင်ဆင် လျက်ရှိပါကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် မည်သည့်ကာကွယ်ဆေးအမျိုးအစားကို ရရှိမည်ဆိုသည်ကို Gavi, the Vaccine Alliance မှ မိမိတို့ထံသို့ ကြိုတင်အကြောင်းကြား အသိပေးမည်ဖြစ်ပါကြောင်း၊

• COVAX အစီအစဉ်မှ (၂၀၂၁)ခုနှစ်အတွင်း အများဆုံးရရှိနိုင်မည့် ကာကွယ်ဆေးပမာဏမှာ မြန်မာနိုင်ငံ လူဦးရေ၏ (၂၀) ရာခိုင်နှုန်းအတွက်သာ ရရှိမည်ဖြစ်ပြီး ရရှိခြင်းမှာလည်း တစ်ကြိမ်တည်းနှင့် အကုန်ရရှိမည် မဟုတ်သည်ကို သိရှိရပါကြောင်း၊

• ထို့ကြောင့်မိမိတို့သည် ထပ်မံလိုအပ်မည့်ပမာဏကို ဝယ်ယူနိုင်ရန်အတွက် ကာကွယ်ဆေးထုတ်လုပ် သုတေသနပြုနေသည့် နိုင်ငံများဖြစ်သည့် အမေရိကန်၊ ယူကေ၊ တရုတ်နှင့် အိန္ဒိယနိုင်ငံ တို့မှ သက်ဆိုင်ရာ နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီးများနှင့် ဆက်သွယ်၍ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထပ်မံလိုအပ်မည့် ကာကွယ်ဆေးပမာဏကို ဝယ်ယူနိုင်ရန်အတွက် နိုင်ငံတော် ဘဏ္ဍာငွေနှင့် ကမ္ဘာ့ဘဏ်ချေးငွေတို့ဖြင့် ဝယ်ယူနိုင်ရန် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီမှ လမ်းညွှန်ချက်များလည်း ရရှိပြီးဖြစ်ပါကြောင်း၊


• ယခုအခါအချို့နိုင်ငံများ၌ COVID-19 ကာကွယ်ဆေးအမျိုးမျိုးကို စတင်ထိုးနှံတော့မည် ဖြစ်သည့်အတွက် မိမိတို့အနေဖြင့် ကာကွယ်ဆေး၏ ချက်ချင်းဘေးထွက်ဆိုးကျိုးနှင့် ရက်အတော် ကြာမှ ဖြစ်ပေါ်လာမည့် ဘေးထွက်ဆိုးကျိုးတို့ကိုလည်း သိရှိနိုင်မည်ဖြစ်ပါကြောင်း၊

• အထူးသဖြင့် အဆိုပါ COVID-19 ကာကွယ်ဆေးအချို့မှာ ကမ္ဘာ၌ ယခင်က တစ်ကြိမ်တစ်ခါမျှ အသုံးပြုခြင်းမရှိသေးသည့် ပုံစံဖြင့် ထုတ်လုပ်ထားသည့်အတွက် မိမိတို့သည် သတင်းထောက် လှမ်း၍ အမြဲတမ်းသုံးသပ်မည် ဖြစ်ပါကြောင်း၊

• ဤကာကွယ်ဆေးသည် လက်တွေ့တွင် မည်သည့်အချိန် အတိုင်းအတာကာလအထိ ကာကွယ်မှုပေးနိုင်မည်ကိုလည်း ဆက်လက်လေ့လာသုံးသပ်ရမည် ဖြစ်ပါကြောင်း၊

• ပြည်သူများအနေဖြင့် အထူးသတိပြုအလေးထားရမည်မှာ -

. ကမ္ဘာ့နိုင်ငံအားလုံးမှ COVID-19 ကာကွယ်ဆေးကို အပြိုင်အဆိုင်ဝယ်ယူရန် ကြိုးစားလျက်ရှိခြင်း၊

.COVAX အစီအစဉ်ဖြင့် မိမိတို့နိုင်ငံအတွက် COVID-19 ကာကွယ်ဆေးရရှိမည့် အရေအတွက်မှာ COVAX အစီအစဉ်နှင့် အကြုံးဝင်သည့် (၉၂) နိုင်ငံနှင့် အချိုးကျ မျှဝေရရှိမည်ဖြစ်ခြင်း၊

. COVID-19 ကာကွယ်ဆေးကို တစ်လုံးတစ်ခဲတည်းမဟုတ်ဘဲ အသုတ်လိုက်ခွဲရမည်ဖြစ်ခြင်း၊

. မိမိတို့ မြန်မာနိုင်ငံအနေဖြင့်လည်း နိုင်ငံတစ်ဝန်းရှိ ပြည်သူများအားလုံးကို COVID-19 ကာကွယ်ဆေးထိုးနှံလွှမ်းခြုံနိုင်ရန်မှာ ကာကွယ်ဆေးရရှိမှု ပမာဏအပေါ်မူတည်၍ ဆောင်ရွက်ရမည် ဖြစ်သဖြင့် လူထုအတွင်း လုံလောက်သော ရောဂါခုခံကာကွယ်နိုင်မှု ပမာဏအင်အား (herd immunity) ကို အချိန်တိုအတွင်း ရရှိနိုင်ရန် ခက်ခဲခြင်း

တို့ကြောင့် "COVID-19 ကာကွယ်ရေး စည်းကမ်းများကို လုံးဝပေါ့ဆမှုမရှိဘဲ အထူးအလေးထားကာ လပေါင်းများစွာ ဆက်လက်လိုက်နာ ဆောင်ရွက်ခြင်းသည် အကောင်းဆုံးသောရောဂါ ကာကွယ်မှု ဖြစ်သည်" ဆိုသည့် အချက်ပင်ဖြစ်ပါကြောင်း၊

• ပါးစပ်နှင့် နှာခေါင်းစည်း (mask) စနစ်တကျတပ်ဆင်ခြင်းနှင့် အခြား COVID-19 ကာကွယ်ရေး ဆောင်ရန်၊ ရှောင်ရန် အချက်များကို တိကျစွာ လိုက်နာခြင်းတို့သည် ကာကွယ်ဆေးထိုး ထားသကဲ့သို့ပင် ထိရောက်ပါကြောင်း၊

• သို့သော်လည်း မိမိတို့အနေဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အကြံပြုချက်များကို အသုံးပြု၍ အခြားနိုင်ငံများကဲ့သို့ပင် မိမိတို့ ပြည်သူများအား ဦးစားပေးအုပ်စုအလိုက် ကာကွယ်ဆေး အမြန်ဆုံး ထိုးနှံပေးရန်အတွက် ဗဟိုကော်မတီမှ လမ်းညွှန်ချက်များ ပေးအပ်ထားပြီး ဖြစ်သည့်အတွက် မိမိတို့သည် အစွမ်းကုန်ကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်း၊

• COVID-19 ကာကွယ်ဆေးမှာ ဝက်သက်ကာကွယ်ဆေးကဲ့သို့ ကာကွယ်ဆေးတစ်ကြိမ်ထိုးပြီးက တစ်သက်တာနီးပါး ကာကွယ်နိုင်မည့် ကာကွယ်ဆေးမျိုး မဟုတ်ပါကြောင်း၊

• ယခုထွက်ပေါ်လာသည့် COVID-19 ကာကွယ်ဆေးများသည် နှစ်ကြိမ်ထိုးပြီးပါက မည်သည့်အချိန်အတိုင်းအတာကာလအထိ ရောဂါမှကာကွယ်ပေးနိုင်မည်ကို မသိရှိရသေးပါကြောင်း၊

• အဆိုပါ အချက်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိရန်မှာ အထူးအရေးကြီးသဖြင့် ကျန်းမာရေး အသိပညာပေးခြင်းနှင့် သတင်းမီဒီယာများမှ ထုတ်ပြန်ခြင်းတို့ကို လုပ်ဆောင်ရမည် ဖြစ်ပါကြောင်း၊


• မိမိတို့အနေဖြင့် COVID-19 ကာကွယ်ဆေးရွေးချယ်ရာတွင် -

. ကာကွယ်ဆေးထိုးနှံပြီး ချက်ချင်းနှင့် အချိန်အတန်ကြာမှဖြစ်ပွားသော နောက်ဆက်တွဲဖြစ်ရပ်များ (Adverse event following immunization (AEFI)) နည်းပါးခြင်း၊

. အာနိသင်စွမ်းရည်ထက်မြက်၍ ရောဂါကာကွယ်နိုင်သည့် ကာလကြာရှည်ခြင်း၊

. ကာကွယ်ဆေးထိုးနှံရမည့် အကြိမ်ရေနည်းခြင်း၊

. မိမိတို့နိုင်ငံ ကျန်းမာရေးစနစ်အရင်းအမြစ်နှင့် ကိုက်ညီခြင်း၊

. လိုအပ်သည့် ပမာဏကို စောစီးစွာ ရရှိနိုင်ခြင်း အစရှိသည့်အချက်များအပေါ်မူတည် စဉ်းစားဆုံးဖြတ်ရခြင်းဖြစ်ပြီး COVID-19 ကာကွယ်ဆေးသည် အသုတ်လိုက်ခွဲကာ ရရှိမည်ဖြစ်သဖြင့် ဦးစားပေးထိုးနှံ ပေးသင့်သည့် လူအုပ်စုများကို တိကျသေချာစွာ သတ်မှတ်ထားရှိရခြင်း ဖြစ်ပါကြောင်း၊

• ဝန်ကြီးဌာနအနေဖြင့် COVID-19 ကာကွယ်ဆေးရရှိထိုးနှံပေးနိုင်ရေးအတွက် -

. ကော်မတီနှင့် လုပ်ငန်းအဖွဲ့များဖွဲ့စည်းကာ ပညာရှင်ကြီးများနှင့် တိုင်ပင်ဆွေးနွေးခြင်း၊

. နိုင်ငံတကာ COVID-19 ကာကွယ်ဆေး သုတေသနစမ်းသပ်မှုသတင်းများကို တရားဝင်လမ်းကြောင်းများမှ မျက်ခြေမပြတ်စုံစမ်းခြင်း၊

. Gavi, the Vaccine Alliance အဖွဲ့နှင့် အမြဲချိတ်ဆက်ကာ COVAX Facility မှတစ်ဆင့် ကာကွယ်ဆေးရရှိနိုင်ရေး ဆောင်ရွက်ခြင်း၊

. COVID-19 ကာကွယ်ဆေးထိုးနှံရန်အတွက် လိုအပ်သည့်ပြင်ဆင်မှုများ အသင့်ဖြစ်မှု အခြေအနေများကို အချိန်နှင့်တပြေးညီ အသေးစိတ် ဆန်းစစ်ထားရှိခြင်း (readiness assessment)၊

. COVAX Facility မှ Gavi, the vaccine alliance ၏ပံ့ပိုးမှုအပြင် ထပ်မံဝယ်ယူရရှိနိုင်မှု၊ နှစ်နိုင်ငံ သဘောတူညီချက်ဖြင့် ဝယ်ယူရရှိနိုင်မှုနှင့် ပုဂ္ဂလိက ကာကွယ်ဆေး ထုတ်လုပ်သူများ ထံမှ တိုက်ရိုက်ဝယ်ယူနိုင်မည့် အခြေအနေများကို ဆန်းစစ်သုံးသပ်လျက်ရှိခြင်း၊

. COVID-19 ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများအတွက် ဘဏ္ဍာရေးဆိုင်ရာ ခန့်မှန်းတွက်ချက်ခြင်းတို့ကို လုပ်ဆောင်ခဲ့ပြီးဖြစ်ပါကြောင်း၊

• ထို့ကြောင့် ဝန်ကြီးဌာနအနေဖြင့် Gavi, the Vaccine Alliance အဖွဲ့၊ COVAX Facility၊ ကာကွယ်ဆေးထုတ်လုပ် သုတေသနပြုစမ်းသပ်နေသော အိန္ဒိယ၊ တရုတ်၊ ရုရှ၊ ယူကေ၊ အမေရိကန် စသည့်နိုင်ငံများနှင့် အမြဲချိတ်ဆက်လျက်ရှိကာ ကာကွယ်ဆေး အမြန်ဆုံး ဝယ်ယူရရှိ ထိုးနှံနိုင်ရန် ဆက်လက်ပြုလုပ်မည် ဖြစ်ပါကြောင်း၊

• မိမိအနေဖြင့်လည်း Gavi, the vaccine alliance အဖွဲ့၊ ကာကွယ်ဆေးထုတ်လုပ် သုတေသနပြု စမ်းသပ်နေသောနိုင်ငံများမှ သက်ဆိုင်ရာနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီးများနှင့် တိုက်ရိုက်ဖုန်းဆက်ဆွေးနွေးခြင်းကို ပြုလုပ်လျက်ရှိပါကြောင်း၊

• ယမန်နေ့က World Bank အဖွဲ့နှင့် COVID-19 ကာကွယ်ဆေး ဝယ်ယူရေး၊ သယ်ယူပို့ဆောင်ရေးနှင့် ဖြန့်ဖြူးထိုးနှံရေး ကိစ္စရပ်များအတွက် World Bank အဖွဲ့မှ မြန်မာနိုင်ငံသို့ ချေးငွေ ထောက်ပံ့ပေးရန် စီစဉ်ထားမှုနှင့် ပတ်သက်၍ သေးစိတ်ဆွေးနွေးခဲ့ပြီး World Bank နှင့် ဆက်လက် ချိတ်ဆက် ဆောင်ရွက်လျက်ရှိပါကြောင်း၊

• အဆိုပါဆွေးနွေးချက်များနှင့် ဝန်ကြီးဌာန၏ အကြံပြုချက်များအား COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီထံသို့ တင်ပြထားပြီး လမ်းညွှန်မှုများ ခံယူကာ ဆက်လက် ဆောင်ရွက်မည် ဖြစ်ပါကြောင်း၊

• အမျိုးသားအဆင့် ကာကွယ်ဆေးထိုးလုပ်ငန်းဆိုင်ရာ နည်းပညာအကြံပေးအဖွဲ့ (National Immunization Technical Advisory Group - NITAG) မှ ပညာရှင်ကြီးများက ဝန်ကြီးဌာန အတွက် အကြံပြုချက်များ ပေးအပ်နေမှုအပေါ် ကျေးဇူးတင်ရှိပါကြောင်း၊

• ဝန်ကြီးဌာန၏ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းစီမံချက်မှ တာဝန်ရှိသူများအနေဖြင့် Gavi, The Vaccine Alliance အဖွဲ့၊ COVAX Facility တို့နှင့် ဆက်သွယ်ဆွေးနွေးချက်များ၊ နိုင်ငံတကာမှ COVID-19 ဆိုင်ရာ သတင်းအချက်အလက်များကို အမျိုးသားအဆင့် ကာကွယ်ဆေးထိုးလုပ်ငန်းဆိုင်ရာ နည်းပညာအကြံပေးအဖွဲ့ထံသို့ ဆက်လက်ပေးပို့ကာ တိုင်ပင်ဆွေးနွေး ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းစီမံချက်မှ ညွှန်ကြားရေးမှူး ဒေါက်တာထားထားလင်းနှင့် နည်းပညာပိုင်းဆိုင်ရာ၊ ဘဏ္ဍာငွေစီမံခန့်ခွဲမှုဆိုင်ရာ၊ ကာကွယ်ဆေး အရည်အသွေး ဆန်းစစ်မှုဆိုင်ရာ၊ အလှူရှင်များနှင့် ချိတ်ဆက်ခြင်းဆိုင်ရာ၊ စီမံခန့်ခွဲမှုနှင့် သတင်းအချက်အလက်ဆိုင်ရာ၊ ကာကွယ်ဆေးပံ့ပိုး ဖြန့်ဝေမှုဆိုင်ရာ၊ ကပ်ရောဂါဖြစ်ပွားနေပုံအခြေအနေအရပ်ရပ်ကို ဆန်းစစ်သုံးသပ်ခြင်းဆိုင်ရာနှင့် ကာကွယ်ဆေး ရရှိရန် ဆက်သွယ်ဆောင်ရွက်ခြင်းဆိုင်ရာ လုပ်ငန်းအဖွဲ့ခွဲများမှ ဒေါက်တာအောင်နိုင်ဦးနှင့် ဒေါက်တာအေးမြချမ်းသာတို့ က COVID-19 ကာကွယ်ဆေး ပေါ်ပေါက်ရရှိပါကစနစ်တကျ ထိုးနှံပေးနိုင်ရေးအတွက် အစီအစဉ်များနှင့် ပတ်သက်၍အသီးသီးတင်ပြကြရာတွင် -

• မြန်မာနိုင်ငံ COVID-19 ကာကွယ်ဆေး စီမံချက်အတွက် COVID-19 ကာကွယ်ဆေး လုပ်ငန်း ပေါင်းစပ် ညှိနှိုင်း စီမံခန့်ခွဲမှုကော်မတီ၏ (၁/၂၀၂၀) အစည်းအဝေးမှ ဆုံးဖြတ်ချက်များကို ဆောင်ရွက်ပြီးစီးမှု အခြေအနေနှင့် COVID-19 ကာကွယ်ဆေးရရှိနိုင်ရေး Gavi, The Vaccine Alliance ထံသို့ ဒီဇင်ဘာလ (၇) ရက်နေ့အရောက် ပေးပို့နိုင်ရန် ပြင်ဆင်ထားပြီး ဖြစ်သည့် အဆိုပြုလွှာ (application) ကို ရှင်းလင်းတင်ပြခဲ့ပြီး၊

• နှီးနွှယ်ဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းထားရှိမှုများ၊

• COVID-19 ကာကွယ်ဆေးထိုးနှံရန် ရည်မှန်းဦးရေနှင့် ဦးစားပေးထိုးနှံမည့် လူအုပ်စုများကို ရွေးချယ်ရာတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ကာကွယ်ဆေးဆိုင်ရာ အထူးကျွမ်းကျင် ပညာရှင်များ အဖွဲ့၏ အကြံပြုချက်နှင့်အညီ မိမိတို့နိုင်ငံနှင့် သင့်တော်အောင် ရွေးချယ်သတ်မှတ်ခဲ့မှု၊

• COVID-19 ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများအတွက် ဘဏ္ဍာရေးဆိုင်ရာ ခန့်မှန်းတွက်ချက်မှုများ၊

• COVID-19 ကာကွယ်ဆေးထိုးနှံမည့် လူဦးရေရာခိုင်နှုန်းအလိုက် ခန့်မှန်းကုန်ကျစရိတ်များ၊

• ဘဏ္ဍာငွေ၊ ရန်ပုံငွေနှင့် ချေးငွေရယူနိုင်မှု အခြေအနေများ၊

• ကမ္ဘာတစ်ဝန်းတွင် သုတေသနပြုနေသည့် COVID-19 ကာကွယ်ဆေးအမျိုးအစားအလိုက် အောင်မြင်မှု အတိုင်းအတာ အခြေအနေများနှင့် ထုတ်လုပ်နိုင်မှု အနေအထားများ၊

• အိန္ဒိယ၊ တရုတ်၊ ရုရှ၊ ယူကေနိုင်ငံ သံရုံးများနှင့် ကာကွယ်ဆေးထုတ်လုပ် သုတေသနပြု စမ်းသပ်နေသော ကုမ္ပဏီများနှင့် ချိတ်ဆက်ဆွေးနွေးထားရှိမှုများ၊

• World Bank အဖွဲ့နှင့် အစည်းအဝေးများ ပြုလုပ်ဆွေးနွေးထားရှိမှုများ၊

• အလွန်အမင်းအေးခဲမှု လိုအပ်သော ကာကွယ်ဆေးသိုလှောင်ထိန်းသိမ်းမှု စနစ်လိုအပ်သည့် ကာကွယ်ဆေးများရရှိလာပါက ထိန်းသိမ်းထားနိုင်ရေးအတွက် အအေးလမ်းကြောင်းစနစ် ပြင်ဆင်ထားရှိမည့် ကိစ္စရပ်များ၊

• COVID-19 ကာကွယ်ဆေးကို ပုဂ္ဂလိကဏ္ဍနှင့် လှူဒါန်းမှုများတွင် အသုံးပြုလိုပါက ပြည်သူများ အန္တရာယ်ကင်းရှင်းစေရန်အတွက် လိုအပ်မည့် အချက်အလက်များကို ပြဌာန်းရန် ကိစ္စရပ်များ၊

• COVAX Facility မှ တစ်ဆင့်ရရှိလာနိုင်သည့် ကာကွယ်ဆေး၏ အမျိုးအစားလက္ခဏာ (Vaccine Characteristics) (၁၂) မျိုးနှင့် ပတ်သက်၍ နိုင်ငံမှ နှစ်သက်လိုလားမှုအဆင့်ကို ရွေးချယ်သတ်မှတ်ခဲ့မှု၊

• COVID-19 ကာကွယ်ဆေးရရှိမှု အပေါ်မူတည်၍ COVID-19 လူနာများအား ကိုင်တွယ်ကုသမှု လုပ်ငန်းများနှင့် ကွင်းဆင်းလုပ်ငန်းများ ဆောင်ရွက်နေသည့် ကျန်းမာရေးဝန်ထမ်းများနှင့် ကျန်းမာရေး လုပ်သားများ၊ မရှိမဖြစ်အရေးကြီးသည့် ကဏ္ဍများမှ ဝန်ထမ်းများ၊ ရောဂါဖြစ်ပွားပါက အသက်အန္တရာယ် စိုးရိမ်ရနိုင်ချေရှိသည့် အသက်အရွယ်ကြီးသူများအား ဦးစားပေး ထိုးနှံလူအုပ်စုတွင် ထည့်သွင်းရန်နှင့် ရောဂါဖြစ်ပွား၊ သေဆုံးမှုများသော တိုင်းဒေသကြီး/ပြည်နယ်ကို ရွေးချယ်မည့် ကိစ္စရပ်များတို့ကို ရှင်းလင်းတင်ပြခဲ့ပါသည်။


ဆက်လက်၍ အမျိုးသားအဆင့် ကာကွယ်ဆေးထိုးလုပ်ငန်းဆိုင်ရာ နည်းပညာအကြံပေးအဖွဲ့ (National Immunization Technical Advisory Group - NITAG) ဥက္ကဋ္ဌ ပါမောက္ ခဒေါက်တာစိုးလွင်ငြိမ်း၊ အဖွဲ့ဝင်များဖြစ်သည့် ပါမောက္ခဒေါက်တာသိန်းအောင်၊ ပါမောက္ခဒေါက်တာစောဝင်း၊ ပါမောက္ခဒေါက်တာနေဝင်း၊ ပါမောက္ခ ဒေါက်တာကြည်ကြည်သင်း၊ ပါမောက္ခ ဒေါက်တာဇော်လင်းအောင်၊ ပါမောက္ခဒေါက်တာခင်ပြုံးကြည်နှင့် အခြားအဖွဲ့ဝင် ပညာရှင်ကြီးများက -

• နည်းပညာဆိုင်ရာအကြံပေးအဖွဲ့သည် လိုအပ်ချက်အပေါ်တွင် မူတည်၍ တစ်ပတ်တွင် (၂)ကြိမ် ဆွေးနွေးခြင်း၊

• ကမ္ဘာတစ်ဝန်းတွင် သုတေသနပြုနေသည့် COVID-19 ကာကွယ်ဆေးအမျိုးအစားအလိုက် အောင်မြင်မှု အတိုင်းအတာများရရှိနေသည့် COVID-19 ကာကွယ်ဆေး အမျိုးအစားများနှင့် ပတ်သက်၍ ဆွေးနွေးခြင်း၊

• အာနိသင်မရှိသည့်၊ ဘေးထွက်ဆိုးကျိုးများသည့် COVID-19 ကာကွယ်ဆေးအတုများ ပြည်တွင်းသို့ ဝင်ရောက်လာနိုင်သည့် ကိစ္စရပ်များ၊ ပုဂ္ဂလိက ကဏ္ဍမှလည်း ဝယ်ယူထိုးနှံနိုင်ရေး ကိစ္စရပ်များ၊ COVID-19 ကာကွယ်ဆေးရရှိမှု အပေါ်မူတည်၍ ဦးစားပေးထိုးနှံပေးသင့်သည့် လူအုပ်စုများ၊ ကာကွယ်ဆေးနှင့် ပတ်သက်၍ အမျိုးမျိုးသော ကောလာဟလများ ပေါ်ထွက်နေမှုများ၊ ကာကွယ်ဆေးထိုးနှံချိန်တွင်လည်း လူစုလူဝေးမဖြစ်စေဘဲ စနစ်တကျထိုးနှံနိုင်ရေးစသည့် ကိစ္စရပ်များနှင့် ပတ်သက်၍ အကြံပြုချက်များ ပေးအပ်ခဲ့ပါသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက ဝိုင်းဝန်းဆွေးနွေး အကြံပြုခဲ့ကြပါသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက COVID-19 ကာကွယ်ဆေးရရှိနိုင်ရေး Gavi, the Vaccine Alliance ထံသို့ ဒီဇင်ဘာလ (၇) ရက်နေ့အရောက် ပေးပို့နိုင်ရန် ပြင်ဆင်ထားပြီး ဖြစ်သည့် အဆိုပြုလွှာ (application) ကို အတည်ပြုပေးခဲ့ကာ ဆွေးနွေးတင်ပြချက်များနှင့် ပတ်သက်၍ ပြန်လည်ဆွေးနွေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် -

• ယခုကဲ့သို့ ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ အမျိုးသားအဆင့် ကာကွယ်ဆေးထိုးလုပ်ငန်းဆိုင်ရာ နည်းပညာအကြံပေးအဖွဲ့ (National Immunization Technical Advisory Group - NITAG) မှ ပညာရှင်ကြီးများက မိမိတို့၏ကိုယ်ပိုင်အရေးကိစ္စသဖွယ် ပြည်သူများအကျိုးအတွက် စိတ်ပါဝင်စားစွာ လုပ်ငန်းဆောင်ရွက်ထားရှိမှုများ၊ အကြံပြုမှုများကို ကျေးဇူးတင်ရှိ ပါကြောင်း၊

• COVID-19 ကာကွယ်ဆေးအမြန်ဆုံး ရရှိထိုးနှံနိုင်ရေးအတွက် လုပ်ငန်းအဆင့်ဆင့်ကို အားလုံးဆက်လက် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

အဆိုပါ အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံ COVID-19 ကာကွယ်ဆေး လုပ်ငန်းပေါင်းစပ်ညှိနှိုင်း စီမံခန့်ခွဲမှု ကော်မတီ (COVAX National Coordinating Committee – CNCC)၊ မြန်မာနိုင်ငံ COVID-19 ကာကွယ်ဆေးလုပ်ငန်းအဖွဲ့ (COVAX National Technical Working Group-CTWG) နှင့် အမျိုးသားအဆင့် ကာကွယ်ဆေးထိုးလုပ်ငန်းဆိုင်ရာ နည်းပညာအကြံပေးအဖွဲ့ (National Immunization Technical Advisory Group - NITAG) တို့မှ အဖွဲ့ဝင်များနှင့် တိုးချဲ့ကာကွယ်ဆေးထိုး လုပ်ငန်းစီမံချက်မှ တာဝန်ရှိသူများတက်ရောက်ခဲ့ပါသည်။

More Tags