နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနမှ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် လှူဒါန်းမှုများအား ပြည်ထောင်စုဝန်ကြီးလက်ခံ

နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ ဒီဇင်ဘာလ (၃) ရက်

     Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ အတွင်းရေးမှူး (၂)၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နေ့လယ်ပိုင်းတွင် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနမှ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် လှူဒါန်းမှုများအား လက်ခံခဲ့ပါသည်။

 

     ရှေးဦးစွာ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက လှူဒါန်းရသည့် အကြောင်းအရင်းများကို ပြောကြားခဲ့ရာ -

• မြန်မာနိုင်ငံတွင် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအား စေတနာပြည့်ဝစွာဖြင့် တာဝန်ယူဆောင်ရွက်နေကြသည့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် လက်တွေ့မြေပြင်တွင် ရှေ့တန်းမှ အားတက်သရောတာဝန်ထမ်းဆောင်နေကြသည့် ကျန်းမာရေး ဝန်ထမ်းများ အားလုံးကို ကျေးဇူးတင်ရှိ ဂုဏ်ပြုအပ်ပါကြောင်း၊

• မိမိတို့မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုဖြစ်သော်လည်း COVID-19 ကပ်ရောဂါအား တုံ့ပြန်ဆောင်ရွက်ရာတွင် ပြည်သူများအားလုံးက စည်းလုံးညီညွတ်စွာဖြင့် ပူးပေါင်းဆောင်ရွက်လျက် ရှိပါကြောင်း၊

• မိမိတို့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနမှ ဝန်ထမ်းများအနေဖြင့် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် မိမိတို့တတ်အားသရွေ့ ပါဝင်လှူဒါန်းခြင်းဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

 

     ဆက်လက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက လှူဒါန်းမှုများအပေါ် ကျေးဇူးတင်ဝမ်းမြောက်စကားပြောကြားခဲ့ရာတွင် -

• ယခုကဲ့သို့ လှူဒါန်းမှုများသည် မြန်မာနိုင်ငံ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် များစွာအကျိုးရှိမည်ဖြစ်ပြီး ကျေးဇူးတင်ဂုဏ်ပြုပါကြောင်း၊

• မိမိတို့နိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုဖြစ်သော်လည်း နိုင်ငံတော်အစိုးရ၏ ဘဏ္ဍာငွေများ၊ အလှူရှင်များ၏ ပံ့ပိုးမှုများဖြင့် အသွားအလာကန့်သတ်ရာတွင်လည်းကောင်း၊ COVID-19 ရောဂါစစ်ဆေးရာတွင်လည်းကောင်း၊ COVID-19 လူနာများအား ကုသရာတွင်လည်းကောင်း ပြည်သူများအား အခမဲ့ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊

• မိမိတို့ဝန်ကြီးဌာနမှ ဝန်ထမ်းများအားလုံးသည် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို တာဝန်ကိုယ်စီဘက်ပေါင်းစုံမှ အစွမ်းကုန်ကြိုးပမ်း ဆောင်ရွက်လျက် ရှိပါကြောင်း၊

• COVID-19 ရောဂါကူးစက်ပြန့်ပွားမှုကွင်းဆက်ကို ဖြတ်တောက်နိုင်ရန်အတွက် အဓိကအရေးအကြီးဆုံး အချက်မှာ ပြည်သူများ၏ တာဝန်သိစွာဖြင့် COVID-19 ကာကွယ်ရေးစည်းကမ်းများကို လိုက်နာ ဆောင်ရွက်ခြင်းပင်ဖြစ်ပါကြောင်း၊

• မိမိအနေဖြင့် COVID-19 ရောဂါကူးစက်ဖြစ်ပွားမှုများပြားလျက်ရှိသော ရန်ကုန်တိုင်းဒေသကြီးတွင် COVID-19 ကာကွယ်ရေးစည်းကမ်းလိုက်နာမှုများ ပိုမိုကောင်းမွန်စေရေး ပိုမိုကြီးကြပ်ဆောင်ရွက်ပေးပါရန် တိုင်းဒေသကြီးအစိုးရအဖွဲ့ထံသို့ မေတ္တာရပ်ခံညှိနှိုင်းထားပါကြောင်း ပြောကြားခဲ့ပါသည်။

     ဆက်လက်၍ လှူဒါန်းမှုအား နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ဝန်ထမ်းများ၏ လှူဒါန်းငွေ ကျပ် (၆၀) သိန်းကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးထံ လွှဲပြောင်းပေးအပ်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက မှတ်တမ်းတင်ဂုဏ်ပြုလွှာပြန်လည်ပေးအပ်ခဲ့ပါသည်။

More Tags