နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ ဒီဇင်ဘာလ (၁) ရက်နေ့
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နေ့လယ် (၁) နာရီတွင် Videoconferencing စနစ်ဖြင့် ကျင်းပခဲ့သည့် (၂၀၂၀) ပြည့်နှစ် ကမ္ဘာ့ခုခံအား ကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ (World AIDS Day) ဗဟိုအဆင့်အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။
ရှေးဦးစွာ အခမ်းအနား၌ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် -
• ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် COVID-19 ကပ်ရောဂါ ကူးစက်ဖြစ်ပွားမှု ကွင်းဆက်ကို ဖြတ်တောက်ရန်လုပ်ငန်းများ၊ ဓာတ်ခွဲစစ်ဆေးခြင်းနှင့် COVID-19 လူနာများ အား ကုသမှုပေးခြင်း လုပ်ငန်းများကို အဓိကထားလုပ်ဆောင်နေသကဲ့သို့ အခြားသော ကူးစက်ရောဂါနှင့် မကူးစက်တတ်သောရောဂါများ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများနှင့် ဝန်ကြီး ဌာန၏ ကျန်းမာရေးစီမံချက် (၄၀) ကျော်တို့အား ရပ်တန့်ထား၍မရပါကြောင်း၊
• အခြား ကျန်းမာရေးစီမံချက်လုပ်ငန်းများ၌ လစ်ဟာမှုရှိပါက ရောဂါမျိုးစုံဖြစ်ပွားမှုနှင့် သေဆုံးမှုများ မြင့်တက်လာမည်ဖြစ်ပါကြောင်း၊ အထူးသဖြင့် ခုခံအားကျဆင်းမှုကူးစက်ရောဂါ (AIDS) ဖြစ်ပွားပါက တစ်သက်တာဆေးဝါးသောက်သုံးရမည်ဖြစ်ပြီး စနစ်တကျ ဆေးဝါးသောက်သုံးမှု မရှိပါက ခုခံအားကျဆင်းမှုကြောင့် အခွင့်အရေးယူရောဂါများ (opportunistic infections) ဖြစ်ပွားကာ အသက်သေဆုံးနိုင်ပါကြောင်း၊
• ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ကို ပြည်သူများအား အသိပေး၊ သတိပေးရန်နှင့် ပြည်သူများကိုယ်တိုင် ရောဂါတိုက်ဖျက်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက် စေရန်တို့အတွက် ကျင်းပရခြင်းဖြစ်ပါကြောင်း၊
• မြန်မာနိုင်ငံတွင် (၂၀၁၉) ခုနှစ်၌ HIV ရောဂါပိုး အသစ်ကူးစက်ခံရမှု(၉,၉၀၀) ကျော်ရှိခဲ့ပြီး အဆိုပါကူးစက်မှုများသည် (၂၀၁၀) ခုနှစ်နှင့် နှိုင်းယှဉ်ပါက (၃၆) ရာခိုင်နှုန်းအထိ ကျဆင်း လာခြင်း ဖြစ်ပါကြောင်း၊
• (၂၀၁၉) ခုနှစ်တွင် မြန်မာနိုင်ငံအတွင်း HIV ပိုး ကူးစက်ခံနေရသူ ဦးရေ (၂၄၀,၀၀၀) ခန့်ရှိပြီး ရောဂါဖြစ်ပွားမှုနှုန်း (HIV prevalence) မှာ (၀.၅၈) ရာခိုင်နှုန်းရှိကြောင်း (AIDS Epidemic Model) ဖြင့် ခန့်မှန်းတွက်ချက်သိရှိရပါကြောင်း၊
• ခန့်မှန်းတွက်ချက်မှုများအရ မူးယစ်ဆေးထိုးသူများ၊ အမျိုးသမီးလိင်လုပ်သားများ၊ အမျိုးသားချင်း လိင်တူဆက်ဆံသူများ၊ အကျဉ်းကျသူနေသူများနှင့် ရွှေ့ပြောင်းလုပ်သားများ စသည့် HIV ရောဂါပိုး ကူးစက်ရန် အန္တရာယ်များသော ဦးစားပေးအုပ်စုများတွင် အဖြစ်များနေပြီး ဝန်ကြီးဌာန၏ အမျိုးသားခုခံကျကာလသားရောဂါ တိုက်ဖျက်ရေးစီမံချက်အနေဖြင့် အဆိုပါ ဦးတည်အုပ်စုများကို အထူးဂရုပြုပြီး ရောဂါကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊
_2020%2F&hash=a6a1c319429b7abc0a8e21dc137ab33930842cf5&fileName=1-12-2020_WADay-1.jpg)
_2020%2F&hash=a6a1c319429b7abc0a8e21dc137ab33930842cf5&fileName=1-12-2020_WADay-2.jpg)
• ဖွံ့ဖြိုးဆဲနိုင်ငံများတွင် HIV/ AIDS ဖြစ်ပွားရခြင်း အကြောင်းရင်းများအနက် လူမှုဘဝ စီးပွားရေး အဆင့်နိမ့်ကျခြင်း၏ နောက်ဆက်တွဲများနှင့် HIV နှင့် ပတ်သက်သည့် ကျန်းမာရေး အသိပညာ ဗဟုသုတ နည်းပါးခြင်းတို့ သည် အဓိကအကြောင်းများဖြစ်ပါကြောင်း၊
• HIV/ AIDS ရောဂါ၊ COVID-19 ရောဂါ တို့ကဲ့သို့ ကူးစက်ရောဂါများဖြစ်စေ၊ မကူးစက်တတ်သောရောဂါများဖြစ်စေ မည်သည့်ရောဂါတွင် မဆို အောင်မြင်စွာထိန်းချုပ်နိုင်ရန် အရေးကြီး သည့် အချက် (၅) ချက်မှာ ပြည်သူလူထု၏ စိတ်ဝင်စားမှု၊ ပြည်သူလူထု၏ ပါဝင်ပူးပေါင်းဆောင်ရွက်မှု၊ ပြည်သူလူထု၏ ကျန်းမာရေးအသိပညာဗဟုသုတရှိမှု၊ ပြည်သူလူထုမှ မိမိ၏ အရေး ကိစ္စဟူ၍ သဘောထားကာ အလေးထားဆောင်ရွက်မှုနှင့် ရောဂါဖြစ်ပွားသူ အချင်းချင်း စစ်မှန်သော ဗဟုသုတဖလှယ်မှုတို့ဖြစ်သည်ကို အထူးအလေးထား ပြောကြားလိုပါကြောင်း၊
• ခုခံအားကျဆင်းမှုကူးစက်ရောဂါတိုက်ဖျက်ရေးလုပ်ငန်းများတွင် ပြည်သူများပါဝင်မှု မရှိပါက ဘဏ္ဍာငွေနှင့် အချိန်မည်မျှပင်သုံးစွဲစေကာမှု လိုအပ်သည့် အောင်မြင်မှု ပန်းတိုင်ကိုရရှိရန် ခက်ခဲပါကြောင်း၊
• ဝန်ကြီးဌာနအနေဖြင့် ပြည်သူများ၏ ကျန်းမာရေးအသိပညာမြင့်မားတိုးတက်စေရေးလုပ်ငန်းများအား လွန်ခဲ့သည့် (၄) နှစ်တာကလကစတင်၍ အထူးဦးစားပေးအဖြစ် သတ်မှတ်ဆောင်ရွက် လျက်ရှိပါကြောင်း၊
• မြန်မာနိုင်ငံအနေဖြင့် အနေဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ ကုလသမဂ္ဂ၏ HIV/ AIDS ပူးတွဲစီမံချက် (UNAIDS) နှင့် ကမ္ဘာ့နိုင်ငံပေါင်း (၂၆) နိုင်ငံပါဝင်ဆောင်ရွက်လျက်ရှိသော Global HIV Prevention Coalition Group တွင် အဖွဲ့ဝင်နိုင်ငံအဖြစ် (၂၀၁၈) ခုနှစ်၊ မေလမှ စတင်၍ ပါဝင်ဆောင်ရွက်လျက်ရှိပါကြောင်း၊
• ဝန်ကြီးဌာနအနေဖြင့် အမျိုးသားအဆင့် HIV/ AIDS ရောဂါတိုက်ဖျက်ရေး မဟာဗျူဟာ စီမံကိန်း (National Strategic Plan on HIV and AIDS (2016-2020)) ကို ရေးဆွဲဆောင်ရွက် လျက်ရှိပြီး လာမည့် (၅) နှစ် (၂၀၂၁-၂၀၂၅) အတွက် အမျိုးသားအဆင့် မဟာဗျူဟာ စီမံကိန်းအသစ် ကိုလည်း မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းရေးဆွဲပြီး ဆက်လက်ဆောင်ရွက် သွားမည် ဖြစ်ပါကြောင်း၊
• မိမိတို့ မြန်မာနိုင်ငံ၏ ရောဂါသုံးမျိုး (AIDS၊ တီဘီနှင့် ငှက်ဖျားရောဂါ) တိုက်ဖျက်ရေးလုပ်ငန်းများ၏ အောင်မြင်မှုများအား Global Fund အဖွဲ့က နိုင်ငံတကာအစည်းများတွင် မကြာခဏ ထုတ်ဖော်ချီးကျူးမှုများ ပြုလုပ်နေသည်ဖြစ်၍ ယခုကဲ့သို့ အောင်မြင်မှုများရရှိရန် ဆောင်ရွက်နေသည့် တာဝန်ရှိသူများနှင့် လုပ်ငန်းပါဝင်ဆောင်ရွက်နေသူများအားလုံးကို မိမိအနေဖြင့် ဝမ်းမြောက်ဂုဏ်ယူကြောင်းပြောကြားလိုပါကြောင်း၊
• HIV/ AIDS ရောဂါတိုက်ဖျက်ရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် မြို့နယ် (၃၃၀) လုံးအတွက် အခြေခံမရှိမဖြစ်လိုအပ်သော HIV/ AIDS ကာကွယ်ရေးနှင့် ကုသရေး ဝန်ဆောင်မှု လုပ်ငန်းများ (Essential packages for health services – HIV) ကို အမှန်တကယ် လိုအပ်နေသော နေရာဒေသ၊ အမှန်တကယ် လိုအပ်နေသူများအတွက် လက်လှမ်းမီရရှိနိုင်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိ ပါကြောင်း၊
• (၂၀၂၀) ပြည့်နှစ် ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါတိုက်ဖျက်ရေးနေ့၏ အထိမ်းအမှတ်ဆောင်ပုဒ် ဖြစ်သော "အားလုံးညီညွတ် ပေါင်းစည်းလို့ တာဝန်ကိုယ်စီမျှယူစို့ (Global solidarity, shared responsibility)" နှင့် အညီ HIV ပိုးကူးစက်မှု ကာကွယ်ရေးနှင့် တိုက်ဖျက်ရေးလုပ်ငန်းများတွင် လူငယ်များ၊ လူထုကျန်းမာရေးလုပ်သားများ၊ လူထုအခြေပြု အဖွဲ့အစည်းများ၊ HIV အရေးတက်ကြွလှုပ်ရှားသူများ အစရှိသည့် လူထုအားလုံးပါဝင်ပြီး ဆောင်ရွက်ကြပါရန် တိုက်တွန်းလိုပါကြောင်း၊
• ဝန်ကြီးဌာန၏ လုပ်ငန်းများအားလုံးကို အဆိုပါဆောင်ပုဒ်နှင့် အညီ အားလုံးညီညွတ်စွာဖြင့် တာဝန်ကိုယ်စီမျှဝေဆောင်ရွက်ပါက အောင်မြင်မှုများ ပိုမိုရရှိလာမည်ဖြစ်ပါကြောင်း၊
• HIV/ AIDS တိုက်ဖျက်ရေးစီမံချက်လုပ်ငန်းများကို အဓိကအားဖြင့် Global Fund အဖွဲ့မှ ဘဏ္ဍာငွေအားဖြင့်လည်းကောင်း၊ UNAIDS နှင့် ကမ္ညာ့ကျန်းမာရေးအဖွဲ့တို့မှ ကျွမ်းကျင်မှုပိုင်း ဆိုင်ရာနှင့် အခြားကိစ္စရပ်များဖြင့်လည်းကောင်း ပံ့ပိုးပေးလျက်ရှိပါကြောင်း၊
• နိုင်ငံတော်အစိုးရ အနေဖြင့်လည်း (၂၀၁၆-၁၇) ခု ဘဏ္ဍာနှစ်မှ စတင်၍ နှစ်စဉ် အမေရိကန်ဒေါ်လာ (၁၄) သန်းကို ခုခံအားကျဆင်းမှုကူးစက်ရောဂါတိုက်ဖျက်ရေးလုပ်ငန်းများအတွက် ဆေး၊ ဆေးပစ္စည်းနှင့် စက်ကိရိယာများ ဝယ်ယူဖြည့်တင်းရန်အတွက်လည်းကောင်း၊ အမေရိကန်ဒေါ်လာ (၁) သန်းကို မက်သာဒုန်းဆေး ဝယ်ယူဖြည့်တင်းရန်အတွက်လည်းကောင်း ဘဏ္ဍာငွေများ ချထားပေးလျက်ရှိပါကြောင်း၊
• အကျိုးရလဒ်အနေဖြင့် HIV ပိုး ကူးစက်ခံရသူပေါင်း (၂၄၀,၀၀၀) ကျော်အနက် (၂၀၁၆) ခုနှစ် အစတွင် လူနာ (၁၀၆,၀၀၀) ကျော်ကိုသာ အေအာတီဆေး (lifelong ART) ဆေးပေး ကုသမှုပေးနိုင်ခဲ့ရာမှ ယခုနှစ် စက်တင်ဘာလတွင် အသက် (၁၅) နှစ် အထက် ခန့်မှန်း HIV ကူးစက်ခံရသူအားလုံး၏ (၈၂) ရာခိုင်နှုန်းကျော်အထိ တိုးမြှင့်ကုသမှုပေးနိုင်ခဲ့ပြီဖြစ်ပါကြောင်း၊
• အမျိုးသား ခုခံကျ/ကာလသားရောဂါတိုက်ဖျက်ရေးစီမံချက်အနေဖြင့် (၂၀၂၀) ပြည့်နှစ် နိုဝင်ဘာလအကုန်အထိ မြို့နယ် (၂၇၃) ခုတွင် အေအာတီ (ART) ဆေးကုသရေးဌာန (၃၆၂) ခုထိ တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ပြီး အေအာတီ (ART) ဆေးကုသမှုလုပ်ငန်းများအား ပိုမိုလက်လှမ်းမီရရှိစေရန် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊
• မြန်မာနိုင်ငံအနေဖြင့် မိခင်မှ ကလေးသို့ HIV ကူးစက်မှုမှ ကာကွယ်ခြင်းလုပ်ငန်း (PMCT) ကို ယခုနှစ်တွင် (၃၂၆) မြို့နယ်အထိ တိုးချဲ့ဆောင်ရွက်နိုင်ခဲ့ပြီး (၉၉) ရာခိုင်နှုန်းအထိ လွှမ်းခြုံမှုရရှိနေပြီဖြစ်ပါကြောင်း၊
• (၂၀၁၆) ခုနှစ် အစတွင် ကိုယ်ဝန်ဆောင် (၇၉၀,၀၀၀) ကျော်ကို သွေးစစ်ဆေးပေးနိုင်ခဲ့ရာမှ (၂၀၁၉) ခုနှစ်တွင် ကိုယ်ဝန်ဆောင် (၁၀) သိန်းကျော်ကို သွေးစစ်ဆေးပေးနိုင်ခဲ့ပါကြောင်း၊
• ကိုယ်ဝန်ဆောင်မိခင်များတွင် HIV ဖြစ်ပွားမှုနှုန်းသည်လည်း (၂၀၁၁) ခုနှစ်တွင် (၀.၈၄) ရာခိုင်နှုန်းရှိခဲ့ရာမှ (၂၀၁၉) ခုနှစ်တွင် (၀.၅၀) ရာခိုင်နှုန်းအထိ တဖြည်းဖြည်းကျဆင်းလာသည်ကို တွေ့ရှိရပါကြောင်း၊
• စာရင်းဇယားများအရ မူးယစ်ဆေးထိုးသွင်းသူ (၂၄,၀၀၀) ကျော်အား မက်သာဒုန်းတိုက်ကျွေးမှုဌာန (Methadone Maintenance Therapy (MMT) Center) (၈၀) ကျော်တွင် မက်သာဒုန်းဆေးတိုက်ကျွေးလျက်ရှိပါကြောင်း၊
• (၂၀၁၆) ခုနှစ်တွင် အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့တွင် ကျင်းပခဲ့သော United Nations High-level meeting on HIV and AIDS တွင် မြန်မာနိုင်ငံအနေဖြင့် "2016 United Nations Political Declaration on Ending AIDS sets world on the Fast-Track to end the epidemic by 2030" ကမ္ဘာ့ကုလသမဂ္ဂကြေညာစာတမ်းကို ကြိုဆိုခဲ့ပြီး ကြေညာ စာတမ်းပါ 2011 Political Declaration ကို အခြေခံပြီး Sustainable Development Goals (SDGs) နှင့် အညီ Fast-track targets များကို ပြည့်မီအောင် ဆောင်ရွက်ခြင်းဖြင့် (၂၀၃၀) ပြည့်နှစ်တွင် HIV ပိုးကူးစက်မှု ကင်းဝေးသည့် လူ့အဖွဲ့အစည်းတစ်ရပ် ပေါ်ထွက်လာနိုင်ရေးအတွက် အခြေခံကျသော နည်းဗျူဟာဖြစ်ကြောင်း ထောက်ခံဆွေးနွေးခဲ့ပါကြောင်း
• မိမိတို့နိုင်ငံ၏ ခုခံအားကျဆင်းမှုကူးစက်ရောဂါတိုက်ဖျက်ရေးလုပ်ငန်းများသည် အောင်မြင်မှုများရရှိ နေသော်လည်း ဝေးလံခက်ခဲသောနေရာဒေသများနှင့် ပဋိပက္ခဖြစ်ပွားရာနေရာဒေသ များတွင် ခုခံအားကျဆင်းမှုကူးစက်ရောဂါတိုက်ဖျက်ရေးလုပ်ငန်းများဆောင်ရွက်ရန် အခက်အခဲများရှိနေပါကြောင်း၊
• HIV ပိုးကူးစက်ခံရသူအားလုံး အေအာတီဆေးဝါးရရှိရေးဆောင်ရွက်ရန်၊ HIV လူနာများအား စဉ်ဆက်မပြတ်ပြုစုကုသစောင့်ရှောက်မှုပေးရန်နှင့် HIV ပိုးရှိသူများအား ခွဲခြားနှိမ့်ချ ဆက်ဆံခြင်းများ လုံးဝပပျောက်ရေးဆောင်ရွက်ရန် စသည် ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် စိန်ခေါ်မှုများစွာရှိနေသေးပါကြောင်း၊
• အဆိုပါ စိန်ခေါ်မှုအခက်အခဲများကို အောင်မြင်စွာ ကျော်လွှားနိုင်ရန်အတွက် ပြည်သူလူထု၊ မိတ်ဖက်အဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ လွှတ်တော်ကိုယ်စားလှယ်ကြီးများ အားလုံး လက်တွဲပူးပေါင်းဆောင်ရွက်သွားခြင်းဖြင့် (၂၀၃၀) ပြည့်နှစ်တွင် HIV ရောဂါသည် ပြည်သူ့ကျန်းမာရေးပြဿနာတစ်ရပ်အဖြစ်မှ ကင်းဝေးကာ HIV ပိုးကူးစက်မှု ကင်းစင်သော လူ့အဖွဲ့ အစည်း တစ်ရပ်ပေါ်ထွက်လာမည်ဟု ယုံကြည်ပါကြောင်းပြောကြားခဲ့ပါသည်။
ဆက်လက်၍ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ သဝဏ်လွှာအား UNAIDS ၏ Country Director ဖြစ်သူ Mr. Oussama Tawil ကဖတ်ကြားခဲ့ရာ -
• တစ်ကမ္ဘာလုံး၏ အာရုံစူးစိုက်မှုများသည် COVID-19 ကပ်ရောဂါ အကျပ်အတည်းအပေါ် ရောက်ရှိနေစဉ် နှစ်ပေါင်း ၄၀ နီးပါး ကျွန်ုပ်တို့နှင့်အတူ ရှိနေဆဲဖြစ်သော HIV ပိုးကြောင့် ဖြစ်ပေါ် လာသော ခုခံအားကျဆင်းမှု ကူးစက်ရောဂါကိုလည်း မေ့လျော့မသွားရန် ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ (World AIDS Day) က သတိပေးနေပါကြောင်း၊
• HIV ပိုးကူးစက်ခံရခြင်းမှဆင့် ဖြစ်ပေါ်လာသော ခုခံအားကျဆင်းသည့် ရောဂါလက္ခဏာစုကို ကိုင်တွယ်ထိန်းချုပ်ရာတွင် သိသာထင်ရှားသည့် အောင်မြင်မှုများရှိနေသော်လည်း ကမ္ဘာ ပေါ်တွင် နှစ်စဥ် လူ (၁.၇) သန်းခန့်သည် HIV ပိုးဆက်လက်ကူးစက်ခံနေရပြီး ထိုရောဂါပိုးကြောင့် သေဆုံးသူဦးရေမှာ (၆၉၀,၀၀၀) ခန့်ရှိပါကြောင်း၊
• COVID-19 ကပ်ရောဂါသည် ကမ္ဘာပေါ်၌ ကျန်းမာရေးစောင့်ရှောက်မှုကို လက်လှမ်းမီရာတွင် မညီမျှခြင်းများ တည်ရှိနေသည်ကို ပိုမိုသတိထားလာမိစေပြီး လူသားအားလုံး၏ လုံခြုံမှုသည် လူသား တစ်ဦးတစ်ယောက်ချင်းစီ၏ လုံခြုံမှုပေါ် မူတည်နေပါကြောင်း၊
_2020%2F&hash=a6a1c319429b7abc0a8e21dc137ab33930842cf5&fileName=1-12-2020_WADay-3.jpg)
_2020%2F&hash=a6a1c319429b7abc0a8e21dc137ab33930842cf5&fileName=1-12-2020_WADay-4.jpg)
• အိပ်ချ်အိုင်ဗွီပိုးကြောင့်ဖြစ်ပေါ်လာသော ခုခံအားကျဆင်းမှုကပ်ရောဂါကို တုံ့ပြန်သည့် နည်းဗျူဟာများကို COVID-19 ကပ်ရောဂါတိုက်ဖျက်ရေးတွင်လည်း ပြန်လည်အသုံးချရန် လိုအပ် ပါကြောင်း၊
• အဘယ့်ကြောင့်ဆိုသော် ၎င်းခုခံအားကျဆင်းမှုကပ်ရောဂါကို အဆုံးသတ်ရန်နှင့် COVID-19 ကပ်ရောဂါကို အနိုင်ယူရန်အတွက် ရောဂါပိုးကူးစက်ခံရသူများအား ခွဲခြားနှိမ့်ချဆက်ဆံခြင်းကို ဖယ်ရှားရန်နှင့် ပြည်သူလူထု၊ လူ့အခွင့်အရေး နှင့် ကျား/မရေးရာ တန်းတူညီမျှရေးတို့ကို အခြေပြုသည့် ချဥ်းကပ်မှုများကို လိုက်နာကျင့်သုံးဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊
• ဆင်းရဲချမ်းသာမညီမျှမှုသည် လူသားများအား မိမိတို့ လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများကို ရယူရာတွင် အဟန့်အတား မဖြစ်စေသင့်ပါကြောင်း၊ ကုန်ကျစရိတ်သက်သာသော COVID-19 ရောဂါကာကွယ်ဆေးနှင့် အိပ်ချ်အိုင်ဗွီပိုးကို ဟန့်တားစေနိုင်သော ကုထုံးဖြစ်သည့် ပိုးထိန်းဆေးများအား ကမ္ဘာပေါ်ရှိ လူသားအားလုံး လက်လှမ်းမီရရှိရေးမှာ အဓိက ဖြစ်ပါကြောင်း၊
• ကျန်းမာရေးစောင့်ရှောက်မှုကိုရရှိရေးသည် ကမ္ဘာပေါ်ရှိ လူသားတိုင်း၏ အခွင့်အရေးဖြစ်ပါကြောင်း၊ လူသားတိုင်းလက်လှမ်းမီ လွှမ်းခြုံနိုင်သော ကျန်းမာရေးစောင့်ရှောက်မှုကို ရရှိရန် အတွက် ကျန်းမာရေးကဏ္ဍတွင် ရင်းနှီးမြုပ်နှံမှုများ ပိုမိုလုပ်ဆောင်ရေးသည် လွန်စွာမှ အရေးကြီးပါကြောင်း၊
• ထို့ကြောင့် ယနေ့ကျရောက်လာသော ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါတိုက်ဖျက်ရေးနေ့တွင် ၎င်းကပ်ရောဂါကို အဆုံးသတ်ရန်နှင့် COVID-19 ကပ်ရောဂါကို အနိုင်ယူရန်အတွက် ကျွန်ုပ်တို့အားလုံး အတူတကွ ညီညွတ်ပေါင်းစည်းကာ၊ တာဝန်ဝတ္တရားများ ကိုယ်စီမျှယူကြရန် တိုက်တွန်းလိုက်ပါကြောင်း ပြောကြားခဲ့ပါသည်။
ယင်းနောက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ဌာနေကိုယ်စားလှယ် Dr. Stephan Paul Jost နှင့် အမေရိကန်သံရုံးယာယီတာဝန်ခံ Ms. Gwendolyn Cardno တို့က အထိမ်းအမှတ် အမှာစကား ပြောကြားခဲ့ကြပါသည်။
ဆက်လက်၍ ပြည်သူလူထု အခြေပြုအဖွဲ့အစည်းများ၏ ကိုယ်စား ဦးစိုင်းအောင်ခမ်းက ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါတိုက်ဖျက်ရေးနေ့၏ အရေးကြီးမှုနှင့် ပြည်သူလူထု အခြေပြုအဖွဲ့အစည်းများ၏ လိုလားမျှော်မှန်းချက်များအား ပြောကြားခဲ့ပါသည်။
ခုခံကျ/ ကာလသားရောဂါတိုက်ဖျက်ရေးစီမံချက်၏ လုပ်ငန်းဆောင်ရွက်မှုနှင့် အောင်မြင်မှုများအား ညွှန်ကြားရေးမှူး ဒေါက်တာထွန်းညွန့်ဦးက ရှင်းလင်းတင်ပြခဲ့ပါသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် အခမ်းအနားအထိမ်းအမှတ် ပြခန်းငယ်များအား လှည့်လည်ကြည့်ရှုခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ ပြည်သူ့လွှတ်တော် ကျန်းမာရေးနှင့် အားကစားဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာစံရွှေဝင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ WHO၊ UN Agencies များနှင့် မိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာနမှ ပါမောက္ခချုပ်နှင့် ဆေးရုံအုပ်ကြီးများ၊ ပါမောက္ခများ၊ INGO များ၊ အိပ်ချ်အိုင်ဗီ/ အေအိုင်ဒီအက်စ် ကာကွယ်ကုသရေးဆောင်ရွက်နေကြသော အဖွဲ့အစည်းများ၊ ကွန်ရက်များမှ ကိုယ်စားလှယ်များ၊ ပြည်သူလူထုအခြေပြုအဖွဲ့အစည်များမှ ကိုယ်စားလှယ်များ၊ အခြား ဖိတ်ကြားထားသူများ တက်ရောက်ကြပါသည်။
_2020%2F&hash=a6a1c319429b7abc0a8e21dc137ab33930842cf5&fileName=1-12-2020_WADay-5.jpg)
_2020%2F&hash=a6a1c319429b7abc0a8e21dc137ab33930842cf5&fileName=1-12-2020_WADay-6.jpg)