ရှမ်းပြည်နယ် (တောင်ပိုင်း) ၌ COVID-19 ရောဂါ ကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေးအသိပညာမြှင့်တင်ရေးနှင့် ပြုမူပြောင်းလဲရေးဆက်သွယ်ပညာပေး လူထုလှုပ်ရှားမှုစီမံချက် (Mask and Face Shield Campaign) ကို အရှိန်အဟုန်မြှင့်ဆောင်ရွက်

တောင်ကြီး၊ ၂၀၂၀ ပြည့်နှစ်၊ နို၀င်ဘာလ (၃၀) ရက်

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှု၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနတို့၏ ဦးဆောင်မှုဖြင့် ရှမ်းပြည်နယ် (တောင်ပိုင်း) အတွင်း COVID-19 ရောဂါ ကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေးအသိပညာမြှင့်တင်ရေးနှင့် ပြုမူပြောင်းလဲရေးဆက်သွယ်ပညာပေး လူထုလှုပ်ရှားမှုစီမံချက် (Mask and Face Shield Campaign) ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါသည်။

 
 

     ဈေးများ၊ လမ်းများနှင့်လူစည်ကားရာနေရာများ၊ COVID-19 ရောဂါ ကူးစက်နိုင်ခြေမြင့်မားသော နေရာများတွင် ပြည်သူများအား ပါးစပ်နှင့်နှာခေါင်းစည်း (Mask) နှင့် မျက်နှာအကာ (Face Shield) များ ဖြန့်ဝေပြီး စနစ်တကျတပ်ဆင်စေခြင်း၊ လက်ကိုင်အသံချဲ့စက်များဖြင့် ကျန်းမာရေးအသိပညာပေးခြင်း၊ ပြည်သူများလိုက်နာရမည့် COVID-19 ရောဂါကာကွယ်ခြင်းဆိုင်ရာ အမူအကျင့်ကောင်းများကို အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါသည်။

 
 

     နိုဝင်ဘာလ (၃၀) ရက်နေ့တွင် ရှမ်းပြည်နယ် (တောင်ပိုင်း) ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးသည် တောင်ကြီးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အခြေခံကျန်းမာရေးပညာရှင်ဝန်ထမ်းများနှင့်အတူ တောင်ကြီးမြို့ပေါ်ရှိ အ.ထ.က (၅) ပျံကျဈေး၊ အဝေရာကွင်း ပျံကျဈေး၊ စိန်ပန်း/ရွှေတောင်ရပ်ကွက် ပျံကျဈေးများသို့ သွားရောက်ပြီး ဈေးသည်နှင့် ဈေးဝယ်များအား Mask များ အခမဲ့ဖြန့်ဝေပေးခဲ့သည်အပြင် Mask များ စနစ်တကျ တပ်ဆင်ကြရန်နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များကို လိုက်နာကြရန် လက်ကိုင်အသံချဲ့စက်များဖြင့် ပညာပေးဆော်ဩခဲ့ပါသည်။

 

     ထို့အပြင် မင်္ဂလာဦးရပ်ကွက်ရှိ မြို့ဦးဘုန်းတော်ကြီးကျောင်းနှင့် ရှမ်းရိုးမဘိုးဘွားရိပ်သာများသို့လည်း သွားရောက်ပြီး Mask နှင့် Face Shield များ လှူဒါန်းခဲ့ပါသည်။

More Tags