ဒစ်ဂျစ်တယ်ပလက်ဖောင်းများနှင့် ကိုဗစ် - ၁၉ အပေါ် မြန်မာနိုင်ငံတုံ့ပြန်မှု အွန်လိုင်းစကားဝိုင်းဆွေးနွေးခြင်းသို့ ပြည်ထောင်စုဝန်ကြီး တက်ရောက်

နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ နိုဝင်ဘာလ (၂၈) ရက်

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့ နေ့လယ် (၂) နာရီတွင် ပြုလုပ်ခဲ့သော "ဒစ်ဂျစ်တယ်ပလက်ဖောင်းများနှင့် ကိုဗစ် - ၁၉ အပေါ် မြန်မာနိုင်ငံတုံ့ပြန်မှု စကားဝိုင်းဆွေးနွေးခြင်း (Digital Platforms and Myanmar’s COVID-19 Response Webinar)" သို့ တက်ရောက်ခဲ့ပါသည်။

     ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် -

• ယနေ့ ပြုလုပ်သော အွန်လိုင်းစကားဝိုင်းဆွေးနွေးခြင်းသည် မြန်မာနိုင်ငံတွင် ယခုလက်ရှိ ဆောင်ရွက်နေသော COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် အရေးကြီး ပါကြောင်း၊

• ဘေးထွက်ဆိုးကျိုးနည်းပါးပြီး စွမ်းရည်အာနိသင်ထက်မြက်သော COVID-19 ကာကွယ်ဆေးပေါ်ပေါက် လာပြီးနောက်တွင်လည်း တစ်ကမ္ဘာလုံးအတိုင်းအတာနှင့် မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာ ထိုးနှံရန်မှာ အချိန်တိုအတွင်း မဖြစ်နိုင်သဖြင့် ထိုကာလတွင် COVID-19 ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ရာ၌လည်း ယနေ့ အွန်လိုင်းစကားဝိုင်းဆွေးနွေးခြင်းမှ ဆွေးနွေး အကြံပြုချက်များကို အသုံးချဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊

• ထို့အပြင် ဒစ်ဂျစ်တယ်နည်းပညာများသည် ကျန်းမာရေးကဏ္ဍအတွက်သာမက ကဏ္ဍစုံနှင့် နိုင်ငံတော် ဘက်စုံ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အထူးအရေးကြီးပါကြောင်း၊

• ယခင်က ပြုလုပ်ခဲ့သော စကားဝိုင်းဆွေးနွေးပွဲများနှင့် ယနေ့ စကားဝိုင်းဆွေးနွေးခြင်းမှ ထွက်ပေါ် လာသော ဆွေးနွေးအကြံပြုချက်များမှ တစ်ဆင့် ရေရှည်တွင် မိမိတို့နိုင်ငံ ပြည်သူများ၏ ဒစ်ဂျစ်တယ် နည်းပညာနှင့် ကွန်ပျူတာဆိုင်ရာ စာတတ်မြောက်မှု (“Digital and Computer Literacy”) တို့ကို ပိုမိုတိုးတက်စေရေစဆောင်ရွက်ရန်အတွက် နိုင်ငံတွင် ရှိသော အရင်းအမြစ် ပေါ် မူတည်ပြီး ဖြစ်နိုင်ချေ ရှိသည့် လက်တွေ့ကျပြီး အမှန်တကယ်လုပ်ဆောင်နိုင်မည့် (realistic, practical and doable) လမ်းပြမြေပုံနှင့် စီမံကိန်းတစ်ခုကို ရေးဆွဲပြီး အကောင်အထည်ဖော် ဆောင်ရွက်စေလိုပါကြောင်း၊

• ဤကိစ္စရပ် ပိုမိုဖွံ့ဖြိုးစေရန် သက်ဆိုင်ရာဝန်ကြီးဌာနများ အထူးသဖြင့် ပညာရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာနနှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကွန်ပျူတာ တက္ကသိုလ်များ၊ မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်၊ မြန်မာနိုင်ငံ ဒစ်ဂျစ်တယ်အသင်းဖြစ်မြောက်ရေးကော်မတီ အစရှိသည်တို့မှ ဆက်လက်လုပ်ဆောင်စေလိုပါကြောင်း၊

• ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံများနှင့် ရင်ဘောင်တန်းနိုင်ရန် ဝန်ကြီးဌာနများ၏ ဦးစီးအရာရှိ၊ လက်ထောက် ညွှန်ကြားရေးမှူးအဆင့်များကို ဒစ်ဂျစ်တယ်ပလက်ဖောင်းနှင့်ပတ်သက်သည့် ကိစ္စရပ်များ၊ ဒစ်ဂျစ်တယ်နည်းပညာနှင့် ကွန်ပျူတာ အခြေခံများနှင့် ဆော့ဝဲလ် (Software) များ အသုံးပြုမှု အခြေခံသဘောတရားများဆိုင်ရာ သင်တန်းများကို မဖြစ်မနေ တက်ရောက်နိုင်ရန် သက်ဆိုင်ရာ ဝန်ကြီးဌာနမှ သင်တန်းများကို အွန်လိုင်းစနစ်ဖြင့် စီစဉ်ပေးစေလိုပါကြောင်း၊

 

• မိမိတို့ ဝန်ကြီးဌာနရှိ ဆေးတက္ကသိုလ်နှင့် ဆေးနှီးနွှယ်တက္ကသိုလ် (၁၆) ခုတို့၌လည်း ဒစ်ဂျစ်တယ် နည်းပညာနှင့် ကွန်ပျူတာ အခြေခံများကို ယခုထက်ပိုမို ထည့်သွင်းသင်ကြားရန် အတွက် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်၊ ပညာရေးဝန်ကြီးဌာနရှိ ကွန်ပျူတာတက္ကသိုလ်နှင့် မြန်မာနိုင်ငံ ဒစ်ဂျစ်တယ်အသင်း ဖြစ်မြောက်ရေးကော်မတီ တို့၏ အကူအညီကို ရယူမည်ဖြစ်ပါကြောင်း၊

• စွမ်းရည်အာနိသင်ထက်မြက်သော COVID-19 ကာကွယ်ဆေးပေါ်ပေါက်လာသည့် တိုင် ကမ္ဘာ့နိုင်ငံအားလုံးမှ COVID-19 ကာကွယ်ဆေးကို လိုအပ်နေသဖြင့် အပြိုင်အဆိုင်ဝယ်ယူရန် ကြိုးစားလျက်ရှိမှု၊ ကမ္ဘာတစ်ခုလုံးအတိုင်းအတာနှင့် နိုင်ငံတစ်ဝန်းလုံး COVID-19 ကာကွယ်ဆေးထိုးနှံရန်မှာ အချိန်တိုအတွင်းမဖြစ်နိုင်မှု၊ ရောဂါပိုး၏ မျိုးဗီဇပြောင်းလဲလာနိုင်မှုတို့ကြောင့် COVID-19 ရောဂါသည် ကမ္ဘာတွင် ကြာရှည်စွာရှိနေနိုင်သည့်အတွက် မိမိတို့သက်ဆိုင်သူအားလုံးက COVID-19 နှင့် သက်ဆိုင်သည့် ဒစ်ဂျစ်တယ်ပလက်ဖောင်းများကို အမြန်ဆုံး ဆက်လက် အားဖြည့်ခြင်းဖြင့်လည်းကောင်း၊ COVID-19 ကာကွယ်ဆေးထိုးလုပ်ငန်းများ ထိုးသည့်အခါ လိုအပ်မည့် ဒစ်ဂျစ်တယ်ပလက်ဖောင်းများကိုလည်းကောင်း၊ COVID-19 နှင့် ဆက်နွှယ်သည့်ကိစ္စရပ်များအတွက် ထပ်မံလိုအပ်မည့် ဒစ်ဂျစ်တယ်ပလက်ဖောင်းများကို အသစ်ထူထောင်ခြင်းဖြင့် လည်းကောင်း၊ ဆောင်ရွက်ပါက COVID-19 ထိန်းချုပ်မှုလုပ်ငန်းများ ပိုမိုမြန်ဆန်ထိရောက်လာမည်ဖြစ်ပါကြောင်း၊

• ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် Coronavirus Disease 2019 (COVID-19) ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ရာ၌ ဒစ်ဂျစ်တယ် နည်းပညာ၊ ခေတ်မီသတင်းအချက်အလက် နှင့်ဆက်သွယ်ရေးနည်းပညာ (ICT) နှင် ပလက်ဖောင်းများကို ထိရောက်စွာ အသုံးပြုဆောင်ရွက်လျက်ရှိပါကြောင်း၊

• COVID-19 ရောဂါနှင့်ပတ်သက်ပြီး ဝန်ကြီးဌာန၏ Website (www.mohs.gov.mm) နှင့် Facebook Page များမှတစ်ဆင့် ဝန်ကြီးဌာန၏ ဆောင်ရွက်ချက်များ၊ သတင်းထုတ်ပြန်ချက် များ၊ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီး၏ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသခြင်းလုပ်ငန်း ဆောင်ရွက်မှုသတင်းများ၊ ကျန်းမာရေးဝန်ထမ်းများအတွက် လုပ်ငန်းလမ်းညွှန်များ၊ ပြည်သူများ အတွက် COVID-19 ရောဂါဆိုင်ရာ ကျန်းမာရေးအသိပညာ အချက်အလက်များ အချိန်နဲ့ တစ်ပြေးညီ လွှင့်တင်လျက်ရှိပါကြောင်း၊

• အလားတူ Geographic Information System (GIS) နည်းပညာ အသုံးပြုထားသော COVID-19 Surveillance Dashboard နဲ့ မြေပုံတို့ကိုလည်း လွှင့်တင်လျက်ရှိပါကြောင်း၊

• (၂၀၂၀) ခုနှစ်၊ မတ်လမှ စတင်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာန၊ နေပြည်တော် (ရုံးချုပ်)နဲ့ တိုင်းဒေသကြီး/ ပြည်နယ်ကျန်းမာရေး ဦးစီးဌာနများ၊ ဆေးရုံများ၊ နိုင်ငံတကာ အဖွဲ့အစည်းများ၊ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ အစည်းအဝေးများ အပါအဝင် ဦးစီးဌာနအသီးသီးမှ အစည်းအဝေးများ ကို Online Video Conferencing စနစ်အသုံးပြုကာ ပြုလုပ်လျက်ရှိပါကြောင်း၊

• COVID-19 ကို လျင်မြန်စွာ ထိန်းချုပ်နိုင်ရေးအတွက် လျင်မြန်စွာ ဆုံးဖြတ်လုပ်ကိုင်နိုင်မှုရန် သတင်းအချက် စာရင်းဇယားများကို အချိန်နှင့်တစ်ပြေးညီ ရရှိခြင်းသည် အထူးအရေးကြီး ပါကြောင်း၊

• COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ရာ၌ ဝန်ကြီးဌာနအတွင်း ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိပုဂ္ဂိုလ်များအကြား ပိုမိုထိရောက် မြန်ဆန်စွာ ဆက်သွယ် ဆောင်ရွက်နိုင်ရန်အတွက် စီမံခန့်ခွဲညွှန်ကြားမှု “COVID-19 Intramural Dashboard” (https://covid19.mohs.gov.mm/) ကိုလည်း ရေးဆွဲပြီး စတင် ဆောင်ရွက်ခဲ့ပါကြောင်း၊

• COVID-19 ရောဂါဆိုင်ရာ ဆေးနှင့်ဆေးပစ္စည်း ရရှိမှု၊ ဖြန့်ဝေမှု၊ သုံးစွဲမှု များကို စီမံခန့်ခွဲမှုများအတွက် Logistic Management Dashboard ကိုလည်း ဆောင်ရွက်ထားရှိပြီး တိုင်းဒေသကြီး/ပြည်နယ်၊ မြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနများနှင့် ဆေးရုံများမှာ စတင်အသုံးပြုလျက် ရှိပါကြောင်း၊

• COVID-19 ဆိုင်ရာ သတင်းအချက်အလက်များစီမံခန့်ခွဲမှု စနစ် “Web-based COVID-19 Database Management System Application” (https://covid19db.mohs.gov.mm/) ကိုလည်း ရေးဆွဲ ထားပြီး အဆိုပါ Application ကို (၂၀၂၀) ပြည့်နှစ်၊ နိုဝင်ဘာလအတွင်း၌ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရှိ Quarantine Centre မျးနှင့် နေပြည်တော်ပြည်သူ့ဆေးရုံ (ခုတင်-၃၀၀) တို့တွင် ကနဦး (Pilot) အနေဖြင့် အသုံးပြုဆောင်ရွက်ခဲ့ပြီး လာမည့်ဒီဇင်ဘာလမှစ၍ နေပြည်တော်တွင် စတင်အသုံးပြုသွားမည် ဖြစ်သကဲ့သို့ အခြားတိုင်းဒေသကြီး/ပြည်နယ်တွင်လည်း အသုံးပြုသွားနိုင်ရေး ဆက်လက် ဆောင်ရွက်မှာဖြစ်ပါကြောင်း၊

• "COVID-19 ရောဂါအကြောင်းသိကောင်းစရာ အမေး/ အဖြေအစီအစဉ်" ကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ပြန်ကြားရေးဝန်ကြီးဌာန တို့ ပူးပေါင်းပြီး မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV) နှင့် လူမှုကွန်ရက်စာမျက်နှာတို့မှတစ်ဆင့် အပတ်စဉ် ထုတ်လွှင့်တင်ဆက်လျက်ရှိပါကြောင်း၊

• ထို့အပြင် COVID-19 ရောဂါအကြောင်း သိကောင်းစရာ အမေး/ အဖြေ များကို ဝန်ကြီးဌာန၏ Facebook Page မှတစ်ဆင့်လည်း National Covid-19 Call Centre - Myanmar နှင့် Health Literacy Promotion Unit Facebook စာမျက်နှာများ အသုံးပြုပြီး ကျန်းမာရေးပညာရှင်များက ဖြေကြားပေးလျက်ရှိပါကြောင်း၊

• ဆေးသုတေသနဦးစီးဌာန (ရုံးချုပ်)၊ ရန်ကုန်၌ “National COVID-19 Call Centre” ကို (၂၀၂၀) ပြည့်နှစ်၊ ဧပြီလတွင် စတင်ဖွင့်လှစ်ခဲ့ပြီး COVID-19 ရောဂါဆိုင်ရာ အကြောင်း အရာများကို Hotline ဖုန်း နံပါတ် "2019" သို့ မည်သည့်ဖုန်းနံပါတ်နှင့့်မဆို အခမဲ့ ခေါ်ဆိုမေးမြန်းနိုင်ရန်လည်း စီစဉ် ဆောင်ရွက်ထားရှိခဲ့ကြောင်း၊ မြန်မာဘာသာစကားဖြင့် ဖြေဆိုမှုတွင် လိုင်းခွဲများအနေဖြင့် နံပါတ် (၁)ရောဂါလက္ခဏာများအကြောင်း၊ နံပါတ် (၂)ကူးစက်နိုင်သော နည်းလမ်းများ အကြောင်း၊ နံပါတ် (၃)ကာကွယ်နိုင် သော နည်းလမ်းများ အကြောင်း၊ နံပါတ် (၄)အသွားအလာ ကန့်သတ်ခြင်းအကြောင်း၊ နံပါတ် (၅) နောက်ဆုံးရ COVID-19 ပိုးတွေ့လူနာအရေ အတွက် ၊ နံပါတ် (၆) Quarantine Center များမှ မေးမြန်းမှုများကို ဖြေကြားရန်နှင့် နံပါတ် (၀) - ဆရာဝန်များနှင့် တိုက်ရိုက်မေးမြန်းရန် တို့ကို စီစဉ်ဆောင်ရွက်ထားပါကြောင်း၊ COVID-19 ကူးစက်မှု ပထမလှိုင်းတွင် စက်မှ ဖြေဆိုမှုအနေဖြင့် ဧပြီလ၌ အကြိမ်ရေ(၅.၂) သန်းကျော်၊ COVID-19 ကူးစက်မှု ဒုတိယလှိုင်း တွင် စက်တင်ဘာလ၌ အကြိမ်ရေ (၆.၃) သန်းခန့်၊ အောက်တိုဘာလ၌ အကြိမ်ရေ (၃.၁) သန်း ခေါ်ဆိုဖြေကြားမှု ရှိခဲ့ ပါကြောင်း၊

• ခေတ်မီသတင်းအချက်အလက် နှင့်ဆက်သွယ်ရေးနည်းပညာ (ICT) အထောက်အကူပြု လုပ်ငန်းအဖွဲ့၏ ဦးဆောင်မှုဖြင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ်တို့ ပူးပေါင်းပြီး ရောဂါဖြစ်ပွားသူများနဲ့ ထိတွေ့ခဲ့မှု ရှိ/မရှိ ဆန်းစစ်နိုင်သော စောစောရှာ “Saw Saw Shar” Mobile Application ကိုလည်း ရေးဆွဲအကောင်အထည်ဖော်ခဲ့ပါကြောင်း၊

• အခြေခံကျန်းမာရေးပညာရှင်ဝန်ထမ်းများ၏ အရည်အသွေးနှင့် လုပ်ငန်း စွမ်းဆောင်ရည်များကိုမြှင့်တင်နိုင်ရန်၊ ပြည်သူ့ကျန်းမာရေးစောင့်ရှောက် မှုလုပ်ငန်းများကို ယခုထက် ပိုမို ထိရောက်အောင်မြင်စွာ ဆောင်ရွက် နိုင်ရန် ရည်ရွယ်ပြီး Mobile Tablet များ အသုံးပြုအားဖြည့် ဆောင်ရွက်လျက်ရှိရာ ယနေ့အထိ တိုင်းဒေသကြီး/ ပြည်နယ်ကျန်းမာရေးဦးစီးဌာနများ၊ မြို့နယ်နှင့်တိုက်နယ်ဆရာဝန်များ၊ အခြေခံကျန်းမာ ရေးပညာရှင်ဝန်ထမ်းများအတွက် Mobile Tablet စုစုပေါင်း (၃၀,၀၀၀) ကျော်ကို ဖြန့်ဝေပေးအပ်ခဲ့ပြီးဖြစ်ပါကြောင်း၊ သုတေသနစစ်တမ်းများနှင့် စစ်တမ်းအချက်အလက်ကောက်ယူ မှုများကိုလည်း Mobile Application များကို အသုံးပြုပြီး ဆောင်ရွက် လျက်ရှိပါကြောင်း၊ အဆိုပါ Mobile Tablet များကို ယခု COVID-19 ကာကွယ်ထိန်းချု်ပရေးလုပ်ငန်းများတွင်သာမက အမျိုးမျိုးသာ လုပ်ငန်းများတွင် အသုံးချဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊

• ဝန်ကြီးဌာန၏ အီးမေးလ် MoHS Mail Exchange System (mail.mohs.gov.mm) အပြင် ဆေးနှင့်နှီးနွှယ်တက္ကသိုလ်များအတွက် (mail.mohs.edu.mm) ကိုလည်း တည်ထောင်ပြီး အသုံးပြုလျက် ရှိပါကြောင်း၊

• အဆိုပါ Email စနစ်များဖြင့် သက်ဆိုင်ရာလုပ်ငန်းအလိုက်၊ ပညာရပ် အလိုက် Email Group များ ဖွဲ့ပြီး COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် အချိန်နဲ့တစ်ပြေးညီ လွယ်ကူ လျင်မြန်စွာ ဆက်သွယ်ဆောင်ရွက်လျက်ရှိပါကြောင်း၊

• ဝန်ကြီးဌာနတွင်း ရုံးစာများ အပြန်အလှန်ပေးပို့မှုစနစ် (Electronic Memo System - https://memo-mohs.gov.mm) ကိုလည်း ကနဦး စတင်အသုံးပြုနေပြီဖြစ်ပါကြောင်း၊

 

• ထို့အပြင် စဉ်ဆက်မပြတ် ဆေးနှင့်ဆေးပညာနှီးနွှယ် သင်ကြားရေးအတွက် ဝန်ကြီးဌာန၏ Paperless Workshop System (MoHS Events Website - https://event-mohs.gov.mm) အင်တာနက်စာမျက်နှာတွင် ဆေးနှင့်ဆေးနှီးနွှယ် တက္ကသိုလ်များက သက်ဆိုင်ရာဆေးပညာဘာသာရပ်အလိုက် ရိုက်ကူး ပြုစုထားသော သင်ကြားရေး ရုပ်သံဗွီဒီယို (၂၀၀) ကျော်ကိုလည်း လွှင့်တင်ထားရှိပါကြောင်း၊

• e-Government ဦးဆောင်ကော်မတီ နာယက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် (၂၀၁၈) ခုနှစ်၊ ဧပြီလ (၄) ရက်တွင် e-Government ဦးဆောင် ကော်မတီ၏ ပထမအကြိမ် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးတွင် လမ်းညွှန်ချက်များစွာကို ညွှန်ကြားခဲ့ပါကြောင်း၊

• နိုင်ငံတော်အစိုးရမှလည်း ဝန်ကြီးဌာနများရှိ e-Government Unit ဖွဲ့စည်းပုံကို ခွင့်ပြုပြီး ဖြစ်သည့်အတွက် မိမိတို့အားလုံးသည် ဤကိစ္စရပ်ကို အထူးအရေးကြီးကိစ္စရပ်တစ်ခုဖြစ်ကြောင်း သိရှိကာ လိုအပ်သည်များကို အမြန်ဆုံးဆောင်ရွက်သင့်ပါကြောင်း၊

• မိမိတို့ဝန်ကြီးဌာနအပါအဝင် ဝန်ကြီးဌာန အသီးသီးမှ e-Government Unit များ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေးအတွက်လည်း ဝိုင်းဝန်းအကြံပြုဆောင်ရွက်ကြစေလိုပါကြောင်း၊

• ယခုစကားဝိုင်းဆွေးနွေးပွဲသည် မြန်မာနိုင်ငံ၏ ရေရှည်အကျိုးအတွက် အရေးကြီးသည့် ဆွေးနွေးပွဲဖြစ်ပါကြောင်း၊ ဆက်လက်၍လည်း ဝန်ကြီးဌာန အသီးသီး၏ e-Government Unit များမှ တာဝန်ရှိသူများပါဝင် တက်ရောက်သည့် ဆွေးနွေးပွဲများ ပြုလုပ်ပေးစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။

     ထို့နောက် ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

     ဆက်လက်၍ မြန်မာနိုင်ငံ ဒစ်ဂျစ်တယ်မီဒီယာအသင်း ဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးသောင်းစုငြိမ်းက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပါသည်။

     ထို့နောက် ဒစ်ဂျစ်တယ်ပလက်ဖောင်းများနှင့် ကိုဗစ်-၁၉ အပေါ် မြန်မာနိုင်ငံ တုံ့ပြန်မှု စကားဝိုင်းကို ဆက်လက်ကျင်းပရာ AYA Bank မှ အုပ်ချုပ်မှုဒါရိုက်တာ (ဒစ်ဂျစ်တယ်) ဦးချစ်ထွန်းဖေ က ဦးဆောင်ဆွေးနွေးသူအဖြစ်ဆောင်ရွက်ပြီး မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာထွန်းသူရသက်၊ ကိုဗစ် - ၁၉ စေတနာ့ဝန်ထမ်းလုပ်ခဲ့သူ ဒေါက်တာ စိန်ဖြိုးလှိုင် နှင့် စာရေးဆရာမ လွန်းထားထား (ဆေးတက္ကသိုလ်) တို့က ပါဝင် ဆွေးနွေးကြသည်။

     ဒေါက်တာထွန်းသူရသက်က Contact Tracing လုပ်ဆောင်နိုင်သည့် ဒစ်ဂျစ်တယ် နည်းပညာ အကြောင်း၊ နိုင်ငံတကာတွင် ဆောင်ရွက်နေသည့် ဒစ်ဂျစ်တယ် ပလက် ဖောင်းများ၊ QR Code အသုံးပြု ဆောင်ရွက်နေသည့် အတွေ့အကြုံများ၊ ဒစ်ဂျစ်တယ် နည်းပညာကူးပြောင်းမှုများ၏ အထောက်အကူပြုပုံများနှင့် ဒစ်ဂျစ်တယ်နည်းပညာ အသုံးချရာတွင် သတင်းအချက် အလက် ပြည်စုံမှန်ကန်မှုနှင့် သတင်းအချက် အလက် ထိန်း သိမ်းမှု အရေးကြီးပုံများကို ဆွေးနွေးသည်။

     ဒေါက်တာစိန်ဖြိုးလှိုင်က ကိုယ်တိုင် ပေါ့စတစ်လူနာအဖြစ်ဆေးရုံတက်ခဲ့စဉ်နှင့် စေတနာ့ဝန်ထမ်း လုပ်အားပေးအဖြစ် ဆောင်ရွက်ခဲ့စဉ်က တွေ့ကြုံခဲ့သည့် ဒစ်ဂျစ်တယ် ပလက်ဖောင်း အသုံးပြုပုံများ၊ လူနာမှတ်တမ်းများကို ဒစ်ဂျစ်တယ်နည်းပညာအသုံးချဆောင်ရွက်သင့်သည့်များ၊ ကိုဗစ်-၁၉နှင့်ပတ်သက်၍ သတင်းမှားများဖြန့်ဝေနေမှုများကို ဒစ်ဂျစ်တယ် ပလက်ဖောင်းများ အသုံးပြုပညာပေး လုပ်ငန်းဆောင်ရွက်သင့်သည်များကို ဆွေးနွေးသည်။

     စာရေးဆရာမ လွန်းထားထား (ဆေးတက္ကသိုလ်) က အင်္ဂလန်နိုင်ငံတွင် ကိုဗစ်-၁၉ လူနာများကို Contact Tracing လုပ်ရာ၌ ဒစ်ဂျစ်တယ် ပလက်ဖောင်းများ အသုံးပြု နေမှုအခြေအနေ၊ မြန်မာနိုင်ငံ၏ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် ကုသမှု လုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်မှုအပေါ်အမြင်နှင့် Tele-medicine နည်း ပညာဖြင့် ကိုဗစ်-၁၉ ကာလအတွင်း ပြင်ပဆေးခန်း များက ကျန်းမာရေး စောင့်ရှောက်မှု ပေးနေသည့် အတွေ့ အကြုံများကို ဆွေးနွေးသည်။

     ဆက်လက်၍ အွန်လိုင်းမှ တက်ရောက်နားထောင်ကြသူများက မေးခွန်းများကို မေးမြန်းကြရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ဒုတိယဝန်ကြီး ဦးအောင်လှထွန်းနှင့် စကားဝိုင်း ဆွေးနွေးပွဲဟောပြောဆွေးနွေးသူများ က ပြန်လည်ဖြေကြားကြသည်။

     ထို့နောက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး တို့က နိဂုံးချုပ်အမှာစကားပြောကြားကာ စကားဝိုင်း ဆွေးနွေးခြင်းကို ရုတ်သိမ်းခဲ့ပါသည်။

 

 

 
 

More Tags