ပင်းတယမြို့နယ်တွင် မျက်နှာနှင့်နှာခေါင်းစည်းမဖြစ်မနေတပ်ဆင်ရေး လူထုလှုပ်ရှားမှု စီမံချက်ဆောင်ရွက်ခြင်းကို အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်

ပင်းတယ၊ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၂၆ ရက်

     ရှမ်း​ပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင်၊ ပင်းတယမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အခြေခံကျန်းမာရေးဝန်ထမ်းပညာရှင်များသည် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်မှု၊ ပင်းတယမြို့နယ်COVID-19 ကာကွယ်ထိန်းချုပ်ကုသရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ပင်းတယမြို့ရှိ ဌာဆိုင်ရာ တာဝန်ရှိသူများနှင့် ပူးပေါင်းကာ မြို့နယ်စည်ပင်သာယာ ယာယီပျံကျစျေး၊မြို့မစျေး၊ လူစည်ကားရာနေရာများနှင့် ကားလမ်းမကြီး တစ်လျှောက်တွင် Mask များဝေငှခြင်း၊ Face shield များဝေငှခြင်းနှင့် ကျန်းမာရေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း လုပ်ငန်းကို နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ဆောင်ရွက်ခဲ့ပါသည်။

 

     အဆိုပါလူထုလှုပ်ရှားမှုစီမံချက်တွင် ပါးစပ်နှင့်နှာခေါင်းစည်း(Mask) ၊ မျက်နှာအကာ (Face shield) မဖြစ်မနေတပ်ဆင်ရေးအတွက် အသိပေးစည်းရုံးလှုံ့ဆော်ခြင်း၊ ပေးဝေခြင်းနှင့် တပ်ဆင်ခြင်း၊ လက်ကိုင်အသံချဲ့စက်များဖြင့် လှည့်လည်အသိပေးပြောကြားခြင်းနှင့် ကျန်းမာရေးအသိပညာပေး လက်ကမ်းစာစောင်များပေးဝေခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါသည်။ ဆက်လက်ပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမို့မို့ကြည်၏ လမ်းညွှန်မှုဖြင့် သက်ဆိုင်ရာကျန်းမာရေးဝန်ထမ်းများက ပင်းတယမြို့ပေါ်ရှိရပ်ကွက်များနှင့် ကျေးရွာများရှိ လူစည်ကားရာနေရာများ၌ မျက်နှာနှင့်နှာခေါင်းစည်းမဖြစ်မနေတပ်ဆင်ရေး လူထုလှုပ်ရှားမှု စီမံချက်ဆောင်ရွက်ခြင်းကို အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

More Tags