ပင်းတယမြို့နယ်တွင် တီဘီရောဂါ အခမဲ့ နယ်လှည့်ကွင်းဆင်း ရှာဖွေခြင်းနှင့် ကုသခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ပင်းတယ၊၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ(၂၆)ရက်

      ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် တီဘီရောဂါ ကင်းဝေးပပျောက်ရေး၊ လူတိုင်းသက်တမ်းစေ့ နေထိုင်နိုင်ရေး ရည်ရွယ်ချက်ဖြင့် မြန်မာနိုင်ငံ တီဘီတိုက်ဖျက်ရေးဌာန TB Mobile Team ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တီဘီရောဂါနယ်လှည့်ကွင်းဆင်းရှာဖွေရေး အဖွဲ့ခေါင်းဆောင် ဒေါက်တာ စိုင်းခမ်းပန်ဖ ဦးဆောင်၍ ပင်းတယမြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမို့မို့ကြည် ဦးဆောင်သောအဖွဲ့နှင့် ကျေးလက်ကျန်းမာရေးဌာနတို့ ပူးပေါင်းပြီး နိုဝင်ဘာ (၂၄)ရက် နံနက် (၉)နာရီက ပန်းစစ်ကျေးရွာ ရွာဦးဘုန်းတော်ကြီးကျောင်း၌ တီဘီရောဂါ ကွင်းဆင်းရှာဖွေကုသခြင်းနှင့် အခမဲ့ဆေးကုသခြင်း လုပ်ငန်း ဆောင်ရွက်ခဲ့ပါသည်။


     တီဘီရောဂါ ရှာဖွေကုသခြင်း လုပ်ငန်းဆောင်ရွက်ရာတွင် လူစုလူဝေးမဖြစ်စေရေးအတွက် COVID-19 ရောဂါဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ ကျေးရွာအတွင်းရှိ တီဘီရောဂါ သံသယရှိသူများ၊ တီဘီရောဂါသည်နှင့် အတူနေ မိသားစုဝင်များနှင့် ပန်းစစ်ရွာဦးဘုန်းတော်ကြီးကျောင်းစုရပ်တွင် လာရောက်ပြသသူ (၁၆၅)ဦးကို ဓါတ်မှန်ရိုက် စစ်ဆေးပြီး တီဘီရောဂါ သံသယလက္ခဏာတွေ့ရသူ (၁၄)ဦး၏ သလိပ်နမူနာများကို ပင်းတယမြို့နယ် ဓါတ်ခွဲဌာနသို့ ပေးပို့ထားကြောင်း၊ စမ်းသပ်စစ်ဆေးချက်အရ တီဘီရောဂါပိုး တွေ့ရှိရသူများကို တီဘီဆေးများ အခမဲ့ပေးသွားမည် ဖြစ်ပါသည်။ TB Mobile Team အဖွဲ့သည် နိုဝင်ဘာ (၂၃)ရက်မှ (၂၇)ရက်အထိ ပင်းတယမြို့နယ်တွင် (ပွေးလှ၊ ပန်းစစ်၊ မြောက်ရွှေပုထိုး၊ ဝါးပြား၊ သစ်အယ်ပင်) ကျေးရွာတို့တွင် စုရပ်အဖြစ်ထားရှိပြီး တီဘီရောဂါ ရှာဖွေကုသခြင်းနှင့် အခမဲ့ဆေးကုသခြင်းများ ဆက်လက် ဆောင်ရွက်မည် ဖြစ်ပါသည်။

 

More Tags