ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၌ COVID-19 ရောဂါကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေးအသိပညာမြှင့်တင်ရေးနှင့် ပြုမူပြောင်းလဲရေးဆက်သွယ်ပညာပေး လူထုလှုပ်ရှားမှုစီမံချက် (Mask and Face Shield Campaign) ကို အရှိန်အဟုန်မြှင့်ဆောင်ရွက်

နေပြည်တော်၊ ၂၀၂၀ ပြည့်နှစ်၊ နို၀င်ဘာလ (၂၄) ရက်

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်မှု၊ နေပြည်တော်ကောင်စီနှင့် နေပြည်တော်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနတို့၏ ဦးဆောင်မှုဖြင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ (၈) မြို့နယ်တွင် COVID-19 ရောဂါကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေးအသိပညာမြှင့်တင်ရေးနှင့် ပြုမူပြောင်းလဲရေးဆက်သွယ်ပညာပေး လူထုလှုပ်ရှားမှုစီမံချက် (Mask and Face Shield Campaign) ကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိပါသည်။

 

     ဈေးများ၊ လမ်းဆုံလမ်းခွများနှင့် လူစည်ကားရာနေရာများ၊ COVID-19 ရောဂါကူးစက်နိုင်ခြေမြင့်မား သောနေရာများတွင် ပြည်သူများအား ပါးစပ်နှင့်နှာခေါင်းစည်း (Mask) များ ဖြန့်ဝေခြင်း၊ လက်ကိုင်အသံချဲ့စက်များဖြင့် ကျန်းမာရေးအသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ ပိုစတာများ ကိုင်ဆောင်ချိတ်ဆွဲခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါသည်။

     အဆိုပါလူထုလှုပ်ရှားမှုစီမံချက်တွင် မြို့နယ်အသီးသီးရှိ ပြည်သူ့ကျန်းမာရေးဦးစီးဌာနများ၊ အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနများ၊ စည်ပင်သာယာရေးကော်မတီများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြန်မာ နိုင်ငံကြက်ခြေနီအသင်း၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၊ လူမှုအဖွဲ့အစည်းများနှင့် စေတနာ့၀န်ထမ်းများ ပူးပေါင်းကူညီဆောင်ရွက်ခဲ့ကြပါသည်။

 

     COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုကွင်းဆက်ကို ဖြတ်တောက်ပြီး ထိရောက်စွာ ကာကွယ်ထိန်းချုပ် နိုင်မှသာ စီးပွားရေး၊ ပညာရေးနှင့် လူမှုရေးလုပ်ငန်းများကို ပုံမှန်အနေအထားအတိုင်း အမြန်ဆုံး ပြန်လည်လုပ်ကိုင်လာနိုင်မည် ဖြစ်သည့်အတွက် ပြည်သူလူထုအနေဖြင့် ပူးပေါင်းပါဝင် လိုက်နာဆောင်ရွက်ကြပါရန် တိုက်တွန်းနှိုးဆော် ပန်ကြားအပ်ပါသည်။

More Tags