Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် အလှူရှင်များက လှူဒါန်းမှုအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးတက်ရောက်

နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ နိုဝင်ဘာလ (၂၃) ရက်

Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ အတွင်းရေးမှူး (၂)၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နေ့လယ်ပိုင်းတွင် "Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် အလှူရှင်များ က လှူဒါန်းမှုအခမ်းအနားသို့" တက်ရောက်ခဲ့ ပါသည်။

ရှေးဦးစွာ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က လှူဒါန်းရသည့် အကြောင်းအရင်းများကို ပြောကြားခဲ့ရာ -

• ထိုင်းအခြေစိုက် ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းတစ်ခုဖြစ်သော PTTEP ကုမ္ပဏီမှ လူမှုတာဝန်သိစိတ် (Corporate Social Responsibility (CSR)) ဖြင့် မြန်မာနိုင်ငံ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် အမေရိကန် ဒေါ်လာ (၁) သိန်း လှူဒါန်းခြင်းဖြစ်ပါကြောင်း၊

• လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနနှင့် ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်နေသည့် ကုမ္ပဏီများက COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် ယနေ့အထိ လှူဒါန်းငွေ နှင့် လှူဒါန်းပစ္စည်း တန်ဖိုးစုစုပေါင်း အမေရိကန်ဒေါ်လာ (၉) သိန်းခန့်ရှိပြီ ဖြစ်ပါကြောင်း၊

• လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် COVID-19 ကပ်ရောဂါ ဖြစ်ပွားနေစဉ်အတွင်း ပြည်သူများအား မီတာခများ လျှော့ပေါ့ကောက်ခံခြင်းနှင့် COVID-19 လူနာများကို ကုသမှု ပေးနေသော ပြည်သူ့ဆေးရုံများနှင့် ကုသရေးဌာနများ၌ လျှပ်စစ်မီး မပြတ်တောက်စေရေးတို့ကို အလေးထား ဆောင်ရွက်ခဲ့ပါကြောင်း၊

• မိမိတို့ဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို ရှေ့တန်းမှ စွမ်းစွမ်းတမံဆောင်ရွက်နေသော ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ တာဝန်ရှိသူများနှင့် ဝန်ထမ်းများအားလုံးကို မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။


ထို့နောက် DKSH Myanmar Ltd မှ တာဝန်ရှိသူတစ်ဦးက -

• မိမိတို့ အနေဖြင့် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ရှေ့တန်းမှ ဆောင်ရွက်နေသော ကျန်းမာရေးဝန်ထမ်းများအား ဂုဏ်ပြုသည့် အနေဖြင့် ကျပ်သိန်း (၁,၄၀၀) ကျော် တန်ဖိုးရှိ ဆေးရုံသုံးပစ္စည်းများ ပါဝင်လှူဒါန်းခြင်း ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ယင်းနောက် Ayar- MED Myanmar Co.,Ltd မှ တာဝန်ရှိသူတစ်ဦးက -

• မိမိတို့ Ayar- MED Myanmar Co.,Ltd အနေဖြင့် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ဆေးဝါးများ၊ စားသောက်ဖွယ်ရာများ လှူဒါန်းမှုများကို ပြုလုပ်လျက်ရှိပြီး ယခု Remdesivir 100 mg ထိုးဆေး (၄၈၀) ပုလင်းကို လှူဒါန်းခြင်းဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက လှူဒါန်းမှုများအပေါ် ကျေးဇူးတင်ဝမ်းမြောက်စကားပြောကြားခဲ့ရာတွင် -

• ယခုကဲ့သို့ လှူဒါန်းမှုများသည် မြန်မာနိုင်ငံ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် များစွာအကျိုးရှိမည်ဖြစ်ပြီး ကျေးဇူးတင်ဂုဏ်ပြုပါကြောင်း၊

• ဝန်ကြီးဌာနအနေဖြင့် လက်ရှိတွင် တိုင်းဒေသကြီး/ ပြည်နယ် အားလုံး၌ ပါးစပ်နှင့်နှာခေါင်းစည်း (Mask) မဖြစ်မနေတပ်ဆင်ရေး လူထုလှုပ်ရှားမှုစီမံချက်ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊

• COVID-19 ရောဂါကူးစက်ပြန့်ပွားမှုကွင်းဆက်ကို ဖြတ်တောက်ပြီး ထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်မှသာ မိမိတို့နိုင်ငံတွင် စီးပွားရေး၊ ပညာရေးနှင့် လူမှုရေးလုပ်ငန်းများကို ပုံမှန် အနေအထားအတိုင်း အမြန်ဆုံးပြန်လည် လုပ်ကိုင်လာနိုင်မည် ဖြစ်ပါကြောင်း၊

• ထိုသို့ ရောဂါကူးစက်ပြန့်ပွားမှုကွင်းဆက်ကို ဖြတ်တောက်နိုင်ရန်အတွက် ပြည်သူများ၏ တာဝန်သိစွာ ပူးပေါင်းပါဝင်ဆောင်ရွက်မှုများသည် အရေးကြီးပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ PTTEP International (Yangon) Branch and Andaman Transportation Ltd မှ အမေရိကန်ဒေါ်လာ (၁) သိန်း လှူဒါန်းမှုအား ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးထံသို့လွှဲပြောင်းပေးအပ်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက မှတ်တမ်းတင် ဂုဏ်ပြုလွှာ ပြန်လည်ပေးအပ်ခဲ့ပါသည်။

ထို့နောက် Ayar-MED Myanmar Co.,Ltd က Remdesivir 100 mg Injection (၄၈၀) ပုလင်း လှူဒါန်းခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက လက်ခံခဲ့ကာ မှတ်တမ်းတင် ဂုဏ်ပြုလွှာ ပြန်လည်ပေးအပ်ခဲ့ပါသည်။

ယင်းနောက် DKSH Myanmar Ltd က စုစုပေါင်း ကျပ်ငွေ (၁၄၀,၂၉၆,၀၀၀) တန်ဖိုးရှိ Portable X-Ray စက်များအပါအဝင် ဆေးရုံသုံးပစ္စည်းများကို လှူဒါန်းခဲ့ရာ ဆေးသုတေသနဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာဇော်သန်းထွန်းက လက်ခံခဲ့ပြီး မှတ်တမ်းတင်ဂုဏ်ပြုလွှာ ပြန်လည်ပေးအပ်ခဲ့ပါသည်။

More Tags