စစ်ကိုင်းမြို့နယ်အတွင်းရှိ စျေးများတွင် COVID-19 ရောဂါကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေးအသိပညာမြှင့်တင်ရေး (Mask & Face Shield Campaign) နှင့် ပြုမှုပြောင်းလဲဆက်သွယ်ပညာပေး လူထုလှုပ်ရှားမှုကို အရှိန်အဟုန်မြှင့်ဆောင်ရွက်

စစ်ကိုင်း၊ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၁၉ ရက်

     စစ်ကိုင်းမြို့နယ်အတွင်းရှိ မြို့မဈေးကြီးအပါအဝင် ကျေးလက်ကျန်းမာရေးဌာန နယ်မြေ များရှိ ဈေးများတွင် (၁၉-၁၁-၂၀၂၀) ရက်နေ့၊ နံနက်ပိုင်းမှစ၍ COVID-19 ရောဂါ ကာကွယ်ခြင်း ဆိုင်ရာ ကျန်းမာရေးအသိပညာမြှင့်တင်ရေးနှင့် ပြုမူပြောင်းလဲဆက်သွယ်ပညာပေး လူထုလှုပ်ရှားမှုများ (Mask & Face Shield Campaign) ကို တစ်ပြိုင်နက်တည်း အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါလှုပ်ရှားမှုကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်မှုဖြင့် COVID-19 ရောဂါဒေသတွင်းကူးစက်မှု လျော့နည်း စေရေးနှင့် ပပျောက်စေရေးအတွက် ပြည်သူလူထုက ကာကွယ်ရေးနည်းလမ်းများကို ပိုမို အလေးပေး ဂရုစိုက်ပြီး အလေ့အကျင့်မှ အလေ့အထသို့ ရောက်ရှိစေရန် ရည်ရွည်၍ လူစုလူဝေး များပြားပြီး ကူးစက်မှုအများဆုံးနေရာဖြစ်သည့် ဈေးများတွင် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါသည်။

 

     ထိုလှုပ်ရှားမှုတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးကော်မတီ၊ ရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ ကြက်ခြေနီတပ်ဖွဲ့ အစရှိသည့် ဌာန ဆိုင်ရာများအားလုံးနှင့် လူမှုရေးအဖွဲ့များ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါသည်။ ပညာပေးလုပ်ငန်းများအဖြစ် ဈေးသည်များအား ပါးစပ်နှင့် နှာခေါင်းစည်း (Mask) နှင့် မျက်နှာအကာ (Face Shield) များ ဝေငှပညာပေးခြင်း၊ ဈေးဝယ်သူများအား ပါးစပ်နှင့် နှာခေါင်းစည်း (Mask) များ ဝေငှပညာပေးခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေအသိပညာပေးခြင်းနှင့် အများ လိုက်နာရမည့် COVID-19 ရောဂါကာကွယ်ခြင်းဆိုင်ရာ အမူအကျင့်ကောင်းများကို လက်ကိုင်အသံချဲ့စက်များဖြင့် ကြော်ငြာအသိပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါသည်။ အလားတူ လှုပ်ရှားမှုများကို စစ်ကိုင်းမြို့ မြို့မဈေးအပါအဝင်ကျေးလက်ကျန်းမာရေးဌာန နယ်မြေများရှိဈေးများ၊ လူစည်ကားရာနေရာများနှင့် COVID-19 ရောဂါကူးစက်နိုင်ခြေမြင့်မားသော နေရာ များတွင် ပြည်သူလူထုအတွင်း အဆိုပါ အမူအကျင့်ကောင်းများ အလေ့အထ ဖြစ်လာစေသည်အထိ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

More Tags