အမျိုးသားအဆင့် ပဋိဇီဝဆေးယဉ်ပါးမှု တိုက်ဖျက်ရေးဆိုင်ရာကော်မတီ၏ တတိယအကြိမ်အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးတက်ရောက်

နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ နိုဝင်ဘာလ (၂၀) ရက်နေ့

အမျိုးသားအဆင့် ပဋိဇီဝဆေးယဉ်ပါးမှု တိုက်ဖျက်ရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌဖြစ်သူ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နံနက်ပိုင်း တွင် Videoconferencing စနစ်ဖြင့် ကျင်းပခဲ့သည့် အမျိုးသားအဆင့် ပဋိဇီဝဆေးယဉ်ပါးမှု တိုက်ဖျက်ရေးဆိုင်ရာ ကော်မတီ၏ တတိယအကြိမ်အစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။

အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် -

• ကမ္ဘာ့ကျန်းမာရေးအဖွဲ့သည် (၂၀၁၉) ခုနှစ်၌ ပဋိဇီဝဆေးယဉ်ပါးမှုပြဿနာအား ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့ကျန်းမာရေးပြဿနာကြီး (၁၀) ခုတွင် ထည့်သွင်းခဲ့ပြီး ပဋိဇီဝဆေးယဉ်ပါးမှု ပြဿနာအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့်လည်း အလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း၊

• လူအများစားသုံးရန် စီးပွားဖြစ်မွေးမြူထားသော ကြက်၊ ဝက်စသည်များ ကိုယ်အလေးချိန် တိုးလာစေရန်အတွက် ပဋိဇီဝဆေးများကို တိရစ္ဆာန်အစာများတွင် ထည့်သွင်းခြင်းကြောင့် ထိုကြက်၊ ဝက်များကို လူတို့စားသုံးခြင်းမှ တစ်ဆင့် လူအများ၌ ပဋိဇီဝဆေးယဉ်ပါးမှုများ ဖြစ်ပွားနိုင်ပါကြောင်း၊

• ပဋိဇီဝဆေးယဉ်ပါးမှု တိုက်ဖျက်ရေးလုပ်ငန်းများကို အဆင့်ဆင့်ဆောင်ရွက်ရာတွင် စိုက်ပျိုးရေးနှင့် မွေးမြူရေး သက်ဆိုင်ရာဌာနများနှင့် စနစ်တကျ ပူးပေါင်းညှိနှိုင်းဆောင်ရွက် သွားလျက် ရှိပါကြောင်း၊

• (၂၀၁၅) ခုနှစ်တွင် ကမ္ဘာ့ကျန်းမာရေးညီလာခံ၌ ပဋိဇီဝဆေးယဉ်ပါးမှု တိုက်ဖျက်ရေး ကမ္ဘာလုံးဆိုင်ရာလုပ်ငန်း စီမံကိန်း (Global Action Plan) ကို သဘောတူချမှတ်ခဲ့ပြီး (၂၀၁၇) ခုနှစ်မှ စတင်ကာ နိုဝင်ဘာလတိုင်း ကမ္ဘာလုံးဆိုင်ရာ ပဋိဇီဝဆေးယဉ်ပါးခြင်း အသိပညာမြှင့်တင်မှု ရက်သတ္တပတ် ပြုလုပ်ခဲ့ပါကြောင်း၊ ယခု (၂၀၂၀) ပြည့်နှစ်မှစတင်၍ နှစ်စဉ် နိုဝင်ဘာလ (၁၈) ရက်မှ (၂၄) ရက်နေ့ကို ကမ္ဘာလုံးဆိုင်ရာ ပဋိဇီဝဆေးယဉ်ပါးခြင်း အသိပညာမြှင့်တင်မှု ရက်သတ္တပတ်အဖြစ် သတ်မှတ်ခဲ့ပါကြောင်း၊ ယခုနှစ်ပဋိဇီဝဆေးယဉ်ပါးခြင်း အသိပညာမြှင့်တင်မှု ရက်သတ္တပတ်၏ ဆောင်ပုဒ်မှာ "ပဋိဇီဝဆေးအာနိသင် ကြာရှည်စွမ်းထက်ဖို့ အားလုံးထိန်းသိမ်း သုံးစွဲစို့" ဖြစ်ပါကြောင်း၊

• အဆိုပါ ကမ္ဘာလုံးဆိုင်ရာလုပ်ငန်း စီမံကိန်း (Global Action Plan) နှင့် ကိုက်ညီစွာဖြင့် မိမိတို့နိုင်ငံအတွက် ရေးဆွဲထားသော လုပ်ငန်းများကို အမျိုးသား ပဋိဇီဝဆေးယဉ်ပါးမှု တိုက်ဖျက်ရေးဆိုင်ရာ ညှိနှိုင်းရေးဌာနသည် အသိပေးနှိုးဆော်ခြင်းအဖွဲ့၊ ပဋိဇီဝဆေးယဉ်ပါးမှု စောင့်ကြပ်ကြည့်ရှုရေးအဖွဲ့၊ ရောဂါကူးစက်မှုထိန်းချုပ်ရေးအဖွဲ့၊ ပဋိဇီဝဆေးသုံးစွဲမှု ကြီးကြပ်ရေး အဖွဲ့နှင့် သုတေသနနှင့်တီထွင် ဆန်းသစ်မှု လုပ်ငန်းအဖွဲ့တို့ဖြင့် ဖွဲ့စည်းကာ လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊

• ဆေးနှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ်များရှိ သက်ဆိုင်ရာ ဘာသာရပ်များ၌လည်းကောင်း သူနာပြုနှင့် သားဖွားသင်တန်းကျောင်းများတွင်လည်းကောင်း ပဋိဇီဝဆေးယဉ်ပါးမှု ဖြစ်ပွားခြင်း နှင့် ကာကွယ်ခြင်းဆိုင်ရာ အခြေခံအချက်အလက်များကို ပိုမိုထည့်သွင်းသင်ကြားရမည် ဖြစ်ပါကြောင်း၊

• ပဋိဇီဝဆေးများအား စနစ်တကျ အသုံးပြုခြင်းမရှိပါက ရောဂါပိုးများသည် ၎င်းတို့၏ ရှင်သန်မှုသဘောသဘာဝအရ ပဋိဇီဝဆေးများအား ခံနိုင်ရည်ရှိလာပြီး ဆေးမတိုးတော့သော ပိုးများ ဖြစ်လာမည်ဖြစ်ပါကြောင်း၊

• ပဋိဇီဝဆေးယဉ်ပါးပြီး ဆေးမတိုးတော့ပါက ရောဂါဖြစ်ပွားသည့်လူနာတွင် ဆေးရုံတက်ရသည့် ရက်ကြာရှည်မှုအပြင် အသက်သေဆုံးနိုင်သည်အထိ ဖြစ်နိုင်ပြီး၊ ၎င်းလူနာထံမှ အခြား သူများထံသို့လည်း ပဋိဇီဝဆေးယဉ်ပါးသောရောဂါပိုး ကူးစက်နိုင်ပါကြောင်း၊ ထို့အပြင် နိုင်ငံတော်နှင့် လူနာရှင်အတွက်လည်း တန်ဖိုးကြီးမား၍ ဘေးထွက်ဆိုးကျိုးများနိုင်သည့် ပြင်းထန်သော ဆေးများကို အသုံးပြုရမည်ဖြစ်သဖြင့် ဆေးကုသမှုစရိတ်များ ပိုမိုကုန်ကျရပါကြောင်း၊

• လက်ရှိတွင် ပြည်သူများ ထင်ထင်ရှားရှားတွေ့မြင်နိုင်သည့် ပဋိဇီဝဆေးယဉ်ပါးမှုမှာ ဆေးယဉ်ပါး တီဘီရောဂါ (multidrug resistant tuberculosis) နှင့် ပြင်းထန်ဆေးယဉ်ပါးတီဘီရောဂါ (extensively drug resistant tuberculosis) ဖြစ်ပါကြောင်း၊


• ဝန်ကြီးဌာနအနေဖြင့် ယခုနှစ်၌ အရည်အသွေးပြည့်ဝသော ပဋိဇီဝဆေးများ ဝယ်ယူနိုင်ရန် သက်ဆိုင်ရာ ပါမောက္ခများနှင့် ပညာရှင်ကြီးများ ပါဝင်သည့် ယာယီအဖွဲ့တစ်ခုဖွဲ့စည်းကာ အကြံပြုချက်များ ရယူဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊

• အဖွဲ့ဝင် (၁၉) ဦးပါဝင်သည့် လက်ရှိအမျိုးသားအဆင့် ပဋိဇီဝဆေးယဉ်ပါးမှု တိုက်ဖျက်ရေးဆိုင်ရာ ကော်မတီကိုလည်း အသစ်မွမ်းမံဖွဲ့စည်းသွားမည် ဖြစ်ပါကြောင်း၊ ကော်မတီတွင် ယခုပါဝင်သည့် ပါမောက္ခများနှင့် ပညာရှင်များသာမက ဆေးပညာ ပါမောက္ခများ၊ ပြည်သူ့ကျန်းမာရေးနှင့် ကပ်ရောဂါဗေဒပညာရှင်များ၊ အဏုဇီဝဗေဒ၊ ဆေးဝါးဗေဒနှင့် သုတေသန ပညာရှင်များ၊ ဥပဒေပညာရှင်များ၊ အကောက်ခွန် တာဝန်ရှိသူများ အစရှိသူများကို ထည့်သွင်းသွားမည် ဖြစ်ပါကြောင်း၊

• အမျိုးသားအဆင့် ပဋိဇီဝဆေးယဉ်ပါးမှု တိုက်ဖျက်ရေးဆိုင်ရာကော်မတီ၏ ဆပ်ကော်မတီအလိုက် ဆောင်ရွက်ထားရှိမှုများကို ဆန်းစစ်သုံးသပ်ကာ ပိုမိုကောင်းမွန်ထိရောက်စေရေး အကြံပြုချက်များ ပေးအပ်စေလိုပါကြောင်း၊

• ဝန်ကြီးဌာနအနေဖြင့် ပဋိဇီဝဆေးယဉ်ပါးမှု စောင့်ကြပ်ကြည့်ရှုရေး (surveillance) လုပ်ငန်းများ ဆောင်ရွက်ရာတွင် ရရှိလာသော ပဋိဇီဝဆေးယဉ်ပါးမှု အချက်အလက်များကို "ကမ္ဘာလုံးဆိုင်ရာ ပဋိဇီဝဆေးယဉ်ပါးမှု စောင့်ကြပ်ကြည့်ရှုရေးစနစ် (Global Antimicrobial Surveillance System)" သို့ နှစ်စဉ်ပေးပို့လျက်ရှိပါကြောင်း၊

• မြန်မာနိုင်ငံ၏ အမျိုးသားအဆင့် ပဋိဇီဝဆေးယဉ်ပါးမှု စောင့်ကြပ်ကြည့်ရှုရေး လုပ်ငန်းလမ်းညွှန်ကိုလည်း ရေးဆွဲပြီးစီးပြီဖြစ်သဖြင့် မကြာမီ ဖြန့်ဝေသွားမည်ဖြစ်ပါကြောင်း၊

• ဆေးရုံများတွင် ရောဂါကူးစက်မှု ကာကွယ်ထိန်းချုပ်ခြင်း (hospital infection prevention and control) လုပ်ငန်းများသည် ပဋိဇီဝဆေးယဉ်ပါးမှု တိုက်ဖျက်ရေး လုပ်ငန်းများအတွက် အထူးအရေးကြီးသည့်အတွက် ဆေးရုံအလိုက် ရောဂါကူးစက်မှု ကာကွယ်ထိန်းချုပ်ရေးကော်မတီ (Infection prevention and control committee) များဖွဲ့စည်းကာ ဆောင်ရွက်လျက် ရှိပါကြောင်း၊

• ထို့အပြင် အကဲဖြတ်ဆန်းစစ်မှုများပြုလုပ်ခြင်း၊ ဆေးရုံတွင် လူနာတစ်ဦးထံမှတစ်ဆင့် အခြားသူထံသို့ ရောဂါပိုးကူးစက်ခြင်းများကို စနစ်တကျ မှတ်တမ်းတင်ခြင်းနှင့် ပြန်လည် ဆန်းစစ်ခြင်းများ ပြုလုပ်ကြရမည် ဖြစ်ပါကြောင်း၊

• ပဋိဇီဝဆေးယဉ်ပါးမှုကို တိုက်ဖျက်ရာ၌ ပြည်သူများတွင် ကျန်းမာရေး အသိပညာမြင့်မားရေးသည် အရေးကြီးသကဲ့သို့ ဆေးတင်သွင်းသူများနှင့် ဆေးရောင်းချသူများအနေဖြင့် စည်းကမ်း ဥပဒေများလိုက်နာ ဆောင်ရွက်ရေးသည် အရေးကြီးပါကြောင်း၊

• အရည်အသွေးမပြည့်ဝသော ပဋိဇီဝဆေးများသုံးစွဲခြင်း၊ ပဋိဇီဝဆေးများအား မလိုအပ်ဘဲသုံးစွဲခြင်းနှင့် ဆေးပတ်လည် သတ်မှတ်ရက်ပြည့်အောင် မသောက်သုံးခြင်းတို့ကြောင့် ဆေးယဉ်ပါးမှု များ ဖြစ်ပွားမှုများရှိနေပါကြောင်း၊ သို့ဖြစ်၍ ပဋိဇီဝဆေးများအား သက်ဆိုင်ရာ ဆရာဝန်ထံမှ ဆေးညွှန်းစာပါမှသာ ဆေးဆိုင်များမှ ရောင်းချစေရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ညှိနှိုင်းကာ အမြန်ဆုံး ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊

• အမျိုးသား ပဋိဇီဝဆေးယဉ်ပါးမှု တိုက်ဖျက်ရေးဆိုင်ရာ ညှိနှိုင်းရေးဌာနအနေဖြင့်လည်း ကော်မတီတွင် ပါဝင်သော ဆပ်ကော်မတီများနှင့် အစည်းအဝေးငယ်များ မကြာမဏပြုလုပ်၍ ဆွေးနွေးတိုင်ပင်ကာ လုပ်ငန်းများ ဆောင်ရွက်စေလိုပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ အမျိုးသားအဆင့် ပဋိဇီဝဆေးယဉ်ပါးမှု တိုက်ဖျက်ရေးဆိုင်ရာကော်မတီ၏ အတွင်းရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ဓာတ်ခွဲ) ပါမောက္ခဒေါက်တာဌေးဌေးတင်က -

• အမျိုးသားအဆင့် ပဋိဇီဝဆေးယဉ်ပါးမှု တိုက်ဖျက်ရေးဆိုင်ရာ စီမံကိန်း (၂၀၁၇-၂၀၂၂) (National Action Plan of Antimicrobial Resistance) ကို အဆင့်ဆင့်ရေးဆွဲခဲ့မှု၊

• စီမံကိန်းတွင်ပါဝင်သော ရည်မှန်းချက် (၅) ရပ်နှင့်အညီ လုပ်ငန်းများဆောင်ရွက်နေမှု၊

• အမျိုးသားအဆင့် ပဋိဇီဝဆေးယဉ်ပါးမှု တိုက်ဖျက်ရေးဆိုင်ရာကော်မတီကို (၂၀၁၈) ခုနှစ်တွင် ဖွဲ့စည်းခဲ့ပြီး (၂၀၂၀) ပြည့်နှစ်တွင် အသစ်တိုးချဲ့မွမ်းမံဖွဲ့စည်းမည့် အစီအစဉ်၊

• လုပ်ငန်းအဖွဲ့များအလိုက် လုပ်ငန်းဆောင်ရွက်နေမှုများ၊

• ပဋိဇီဝဆေးယဉ်ပါးမှု အသိပညာမြှင့်တင်ရေးလုပ်ငန်းများဆောင်ရွက်ထားရှိမှု၊

• စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်နေမှုများ၊

• ပဋိဇီဝဆေးယဉ်ပါးမှုဆိုင်ရာ အသိပညာရှိမှု အမျိုးသားအဆင့် စစ်တမ်း (National Antimicrobial Resistance (AMR) Awareness Survey 2020) ကောက်ယူထားရှိမှုနှင့် တွေ့ရှိချက်များ၊

• ပဋိဇီဝဆေးယဉ်ပါးခြင်း စောင့်ကြပ်ကြည့်ရှုမှုလုပ်ငန်းများဆောင်ရွက်နေမှု၊

• အမျိုးသားအဆင့် ပဋိဇီဝဆေးယဉ်ပါးမှု စောင့်ကြပ်ကြည့်ရှုရေး လုပ်ငန်းလမ်းညွှန် (၂၀၂၀) ကို ရေးဆွဲထားရှိမှု၊

• ဆေးရုံများတွင်ပဋိဇီဝဆေးယဉ်ပါးမှု အချက်အလက်များအား ဆန်းစစ်သုံးသပ်မှုအစီရင်ခံစာများ (၂၀၁၆)၊ (၂၀၁၇) နှင့် (၂၀၁၈) (Analysis reports on AMR in Myanmar) ပြုစုဖြန့်ဝေထားရှိမှု၊

• ဆေးရုံများတွင် ရောဂါကူးစက်မှု ကာကွယ်ထိန်းချုပ်ခြင်း (hospital infection prevention and control) လုပ်ငန်းများဆောင်ရွက်နေမှု၊

• ပဋိဇီဝဆေး အသုံးပြုမှုနှင့် ကြီးကြပ်မှု (Antimicrobial utilization and stewardship) အစီအစဉ် ထွက်ပေါ်လာရေးဆောင်ရွက်နေမှု၊

• ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ပြုစုထားသော ပဋိဇီဝဆေးယဉ်ပါးမှု တိုက်ဖျက်ရေးဆိုင်ရာ (AWaRe tool) ကို အသုံးချဆောင်ရွက်နေမှု၊

• သုတေသနလုပ်ငန်းများဆောင်ရွက်ထားရှိမှု၊

• နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှုများ၊

• ကဏ္ဍသုံးခုပူးပေါင်း၍ ပဋိဇီဝဆေးယဉ်ပါးမှုဆိုင်ရာ စစ်တမ်း (tripartite AMR country self-assessment survey (2016-2018)) ဆောင်ရွက်ထားရှိမှု၊

• ဆက်လက်ဆောင်ရွက်မည့် စီမံချက်များနှင့် လုပ်ငန်းများ၊

• လုပ်ငန်းဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲနှင့် စိန်ခေါ်မှုများကို အသေးစိတ်ရှင်းလင်း တင်ပြခဲ့ပါသည်။


ထို့နောက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးနှ ကုသရေးဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ မြန်မာ့ဆေးဝါးလုပ်ငန်း၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဆေးဝန်ထမ်းတပ်ဖွဲ့ ညွှန်ကြားရေးမှူးရုံး၊ မြန်မာနိုင်ငံဆေးပညာရှင်အဖွဲ့၊ မြန်မာနိုင်ငံဆရာဝန်အသင်း၊ မြန်မာနိုင်ငံဆေးဝါး ပညာရှင်အသင်း၊ မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်းကုန်သည်များနှင့် လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ ပုဂ္ဂလိကဆေးရုံများအသင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့မှ အမျိုးသားအဆင့် ပဋိဇီဝဆေးယဉ်ပါးမှု တိုက်ဖျက်ရေးဆိုင်ရာ ကော်မတီဝင်များက အသီးသီး ဆွေးနွေးမှုများနှင့် အကြံပြုမှုများ လုပ်ဆောင်ခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် -

• ယခုကဲ့သို့ လုပ်ငန်းများကို ဆောင်ရွက်ထားရှိမှုများနှင့် ဆွေးနွေးအကြံပြုချက်များသည် အမျိုးသားအဆင့် ပဋိဇီဝဆေးယဉ်ပါးမှု တိုက်ဖျက်ရေးဆိုင်ရာ စီမံကိန်း ထိရောက်စွာ အကောင်အထည် ဖော်နိုင်ရေးအတွက် အထောက်အကူပြုသည့်အပြင် ပြည်သူများအတွက်လည်း များစွာအကျိုးရှိပါကြောင်း၊

• ပဋိဇီဝဆေးယဉ်ပါးမှုတိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းများအတွက် အရေးကြီးသည့် ကုသရေးဆိုင်ရာ ဆေးဝါးဗေဒပညာရှင်များ၊ ကုသရေးဆိုင်ရာ အဏုဇီဝဗေဒပညာရှင်များနှင့် ကူးစက် ရောဂါအထူးပြု ပညာရှင်များ မွေးထုတ်နိုင်ရေးအတွက် ဝန်ကြီးဌာန၊ တက္ကသိုလ်များ၊ မြန်မာနိုင်ငံဆေးပညာရှင်အဖွဲ့၊ မြန်မာနိုင်ငံဆရာဝန်အသင်း၊ မြန်မာနိုင်ငံဆေးဝါး ပညာရှင်များအသင်း စသည်တို့မှ တာဝန်ရှိသူများ ဆက်လက်၍ အသေးစိတ်ဆွေးနွေးညှိနှိုင်းကာ ဆောင်ရွက်ပေး စေလိုပါကြောင်း၊

• ဆေးရုံများတွင် ပဋိဇီဝဆေးအမျိုးအစားအလိုက် အသုံးပြုမှုအခြေအနေများနှင့် ပဋိဇီဝဆေးများကို ကျိုးကြောင်းဆီလျော်စွာ အသုံးချရေး လုပ်ငန်းလမ်းညွှန်များအား လိုက်နာဆောင်ရွက်မှု အခြေအနေများကို ဆန်းစစ်လေ့လာခြင်းများ ပြုလုပ်စေလိုပါကြောင်း၊

• ဆေးရုံများနှင့် ပုဂ္ဂလိကဆေးရုံများရှိ ဆေးဆိုင်များတွင် ပဋိဇီဝဆေးများအား ဆရာဝန် ညွှန်းစာဖြင့်သာ ရောင်းချပေးခြင်းဖြင့် ပြည်သူများအနေဖြင့် ဆေးဝါးများအား စနစ်တကျ သုံးစွဲနိုင်မည်ဖြစ်ပါကြောင်း၊

• ပဋိဇီဝဆေးယဉ်ပါးမှု တိုက်ဖျက်ရေးလုပ်ငန်းတွင် အဓိက အခန်းကဏ္ဍတွင် ပါဝင်သည့် အမျိုးသားကျန်းမာရေးဓာတ်ခွဲဌာန၏ ဖွဲ့စည်းပုံအင်အားကို တိုးချဲ့ရန် မိမိအနေဖြင့် မူအားဖြင့် သဘောတူပြီး ဖြစ်သဖြင့် ဆက်လက်၍ အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

More Tags