Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် မြန်မာနိုင်ငံ တရုတ်ကုန်သည်ကြီးများအသင်းချုပ်မှ လှူဒါန်းမှုအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးတက်ရောက်

နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ နိုဝင်ဘာလ (၂၀) ရက်

     Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ အတွင်းရေးမှူး (၂)၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နေ့လယ်ပိုင်းတွင် မြန်မာနိုင်ငံ တရုတ်ကုန်သည်ကြီးများ အသင်းချုပ်မှ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီသို့ ကျပ်ငွေသိန်း (၅,၀၀၀) နှင့် COVID-19 ကာကွယ်၊ ကုသရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့် မြို့နယ်ဆေးရုံများ အဆင့်မြှင့်တင်ရန် ကျပ်ငွေသိန်း (၂,၀၀၀) လှူဒါန်းမှုအခမ်းအနားသို့ Videoconferencing စနစ်ဖြင့် တက်ရောက်ခဲ့ပါသည်။

ရှေးဦးစွာ မြန်မာနိုင်ငံ တရုတ်ကုန်သည်ကြီးများအသင်းချုပ်၏ ဥက္ကဋ္ဌ ဦးအိုက်ထွန်းက လှူဒါန်းရသည့် အကြောင်းအရင်းများကို ပြောကြားခဲ့ရာ -

• မြန်မာနိုင်ငံ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ပြည်သူများကိုယ်တိုင် ပါဝင်ပူးပေါင်းဆောင်ရွက်မှသာ အောင်မြင်မှုရရှိမည်ကို မိမိတို့သိရှိပါကြောင်း၊

• သို့ဖြစ်ပါ၍ မိမိတို့အနေဖြင့် တတ်အားသရွေ့ ပါဝင်လှူဒါန်းခြင်းဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိမ်းက ကျေးဇူးတင်ဝမ်းမြောက် စကားပြောကြားခဲ့ရာတွင် -

• ယခုကဲ့သို့ မိမိတို့မြန်မာနိုင်ငံတွင် COVID-19 ကပ်ရောဂါကို ရင်ဆိုင်နေရချိန်တွင် ဌာနဆိုင်ရာ အသီးသီးက လုပ်ငန်းများကြိုးပမ်းဆောင်ရွက်နေသကဲ့သို့ ပြည်သူများကလည်း ငွေကြေးအား ဖြင့် သော်လည်းကောင်း၊ လုပ်အားဖြင့်သော်လည်းကောင်း ပါဝင်ပံ့ပိုးဆောင်ရွက်နေကြသည်ကို တွေ့မြင်နေရပါကြောင်း၊

• COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်နေသည့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် လက်တွေ့မြေပြင်တွင် လူနာများ အား ကိုင်တွယ်ကုသမှု ပေးနေသည့် ကျန်းမာရေး ဝန်ထမ်းများအားလည်း ကျေးဇူးတင်ရှိပါကြောင်း၊


• ရန်ကုန်တိုင်းဒေသကြီးတွင် COVID-19 ကပ်ရောဂါကို အများဆုံးထိခိုက်ခံစားနေရပါကြောင်း၊

• မိမိတို့နိုင်ငံ၏ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများနှင့် COVID-19 ကြောင့် ကြုံတွေ့ရသော အကြပ်အတည်းများကို ဖြေရှင်းဆောင်ရွက်ရာတွင် ပြည်သူများမှ ဆက်လက်ဝိုင်းဝန်း ကူညီကြပါရန် တိုက်တွန်းလိုပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက လှူဒါန်းမှုများအပေါ် ကျေးဇူးတင်ဝမ်းမြောက်စကားပြောကြားခဲ့ရာတွင် -

• ယခုကဲ့သို့ လှူဒါန်းမှုများသည် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် များစွာအကျိုးရှိမည်ဖြစ်ပြီး လူနာများ၏ အသက်ကို ကယ်တင်ကုသရာတွင် အသုံးပြုနိုင်မည် ဖြစ်သဖြင့် ကျေးဇူးတင်ရှိပါကြောင်း၊

• မိမိတို့နိုင်ငံတွင် COVID-19 အား ရောဂါကူးစက်ပြန့်ပွားမှု ကွင်းဆက်ကို ဖြတ်တောက်ပြီး ထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်မှသာ စီးပွားရေး၊ ပညာရေးနှင့် လူမှုရေးလုပ်ငန်းများကို ပုံမှန်အနေအထားအတိုင်း အမြန်ဆုံးပြန်လည် လုပ်ကိုင်လာနိုင်မည် ဖြစ်သည့်အတွက် ပြည်သူလူထုအနေဖြင့် COVID-19 ကာကွယ်ရေးစည်းကမ်းများကို ပူးပေါင်းပါဝင် လိုက်နာဆောင်ရွက် ကြပါရန်မှာ အထူးအရေးကြီးပါကြောင်း၊

• ပြည်သူများ အချင်းချင်းအနေဖြင့်လည်း COVID-19 ကာကွယ်ရေးနည်းလမ်းများအား လက်ဆင့်ကမ်းဝေမျှခြင်းနှင့် လိုက်နာဆောင်ရွက်ကြစေရန် အချင်းချင်းတိုက်တွန်း နှိုးဆော်ခြင်းများ ပြုလုပ်ကြစေလိုပါကြောင်း၊

• ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ COVID-19 ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများတွင် ပံ့ပိုးကူညီနေမှုများအားလည်း ကျေးဇူးတင်ရှိ ပါကြောင်း၊

• တိုင်းဒေသကြီး/ ပြည်နယ်များ၌ ပါးစပ်နှင့်နှာခေါင်းစည်း (Mask) မဖြစ်မနေတပ်ဆင်ရေး လူထုလှုပ်ရှားမှုစီမံချက်ကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိရာတွင် တိုင်းဒေသကြီး/ ပြည်နယ်များအစိုးရအဖွဲ့များအနေဖြင့် ပံ့ပိုးကူညီ ဆောင်ရွက်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။


ဆက်လက်၍ မြန်မာနိုင်ငံ တရုတ်ကုန်သည်ကြီးများအသင်းချုပ်မှ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီသို့ ကျပ်ငွေသိန်း (၅,၀၀၀) နှင့် COVID-19 ကာကွယ်၊ ကုသရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့် မြို့နယ်ဆေးရုံများ အဆင့်မြှင့်တင်ရန် ကျပ်ငွေသိန်း (၂,၀၀၀) လှူဒါန်းမှုအား မြန်မာနိုင်ငံ တရုတ်ကုန်သည်ကြီးများအသင်းချုပ်၏ ဥက္ကဋ္ဌ ဦးအိုက်ထွန်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိမ်း ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး ဝန်ကြီးချုပ်က မှတ်တမ်းတင်ဂုဏ်ပြုလွှာပြန်လည်ပေးအပ်ခဲ့ပါသည်။

More Tags