အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီသို့ ငွေကျပ် သိန်း (၃,၀၀၀) လှူဒါန်းမှုအား ပြည်ထောင်စုဝန်ကြီးလက်ခံ

နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ နိုဝင်ဘာလ (၁၈) ရက်

     Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ အတွင်းရေးမှူး (၂)၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နေ့လယ်ပိုင်းတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (National League for Democracy) မှ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီသို့ ငွေကျပ် သိန်း (၃,၀၀၀) လှူဒါန်းမှုအား လက်ခံခဲ့ပါသည်။

     ရှေးဦးစွာ လှူဒါန်းရသည့် အကြောင်းအရင်းများကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ သဘာပတိအဖွဲ့ဝင် ဦးဝင်းထိန်က ပြောကြားခဲ့ရာ -

• အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဥက္ကဋ္ဌ၏ လမ်းညွှန်မှုဖြင့် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီသို့ အလှူငွေများ ပေးအပ်လှူဒါန်းခြင်း ဖြစ်ပါကြောင်း၊

• မိမိတို့အနေဖြင့် ယခုကဲ့သို့ မြန်မာနိုင်ငံ၏ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ပါဝင် လှူဒါန်းရသည့် အပေါ် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း ပြောကြားခဲ့ပါသည်။

 

     ဆက်လက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက လှူဒါန်းမှုများအပေါ် ကျေးဇူးတင်စကားပြောကြားခဲ့ရာတွင် -

• ယခုကဲ့သို့ လှူဒါန်းမှုအတွက် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို ရှေ့တန်းမှ ဆောင်ရွက်နေသူများ အားလုံး၏ ကိုယ်စားကျေးဇူးတင်ရှိပါကြောင်း၊

• ဝန်ကြီးဌာနအနေဖြင့် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်မှုနှင့် နှီးနွှယ်ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ဆောင်ရွက်လျက်ရှိပါကြောင်း၊

• ပြည်သူများ ပါးစပ်နှင့်နှာခေါင်းစည်း (Mask) မဖြစ်မနေ စနစ်တကျတပ်ဆင်ကြရေး လူထုကျန်းမာရေး အသိပညာပေးလှုပ်ရှားမှုစီမံချက်ကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊

     အဆိုပါစီမံချက်လုပ်ငန်းများတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့်လည်း တတ်နိုင်သမျှပါဝင်ကူညီကြပါရန် သဘာပတိကြီးမှ မေတ္တာရပ်ခံပေးစေလိုပါကြောင်း၊

• ရောဂါကူးစက်ပြန့်ပွားမှုကွင်းဆက်ကို ဖြတ်တောက်ပြီး ထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်မှသာ စီးပွားရေး၊ ပညာရေး နှင့် လူမှုရေးလုပ်ငန်းများကို ပုံမှန်အနေအထားအတိုင်း အမြန်ဆုံး ပြန်လည်လုပ်ကိုင်လာနိုင်မည်ဖြစ်သည့်အတွက် အဆိုပါ စီမံချက်သည် ပြည်သူများ၏ ကျန်းမာရေးအတွက် အရေးကြီးသော စီမံချက်ဖြစ်ပါကြောင်း၊

• ပြည်သူများအနေဖြင့် COVID-19 ကာကွယ်ရေးစည်းကမ်းများနှင့် အညီ လိုက်နာကျင့်သုံးပါက ရောဂါကူးစက်မှုများ အချိန်တိုအတွင်း ကျဆင်းသွားမည်ဖြစ်ပါကြောင်း၊

 

• ယခုကဲ့သို့ လှူဒါန်းမှုများသည် COVID-19 ဖြစ်ပွားနေစဉ်ကာလတွင် ဆေးရုံများရှိ အထူးကြပ်မတ်ကုသဆောင်များ အဆင့်မြှင့်တင်ခြင်း၊ ဆေးရုံများတွင် အောက်ဆီဂျင်ပိုက်လိုင်း တပ်ဆင်ခြင်း စသည်တို့တွင် အသုံးပြု‌ဆောင်ရွက်လျက်ရှိသဖြင့် ယခု COVID-19 ဖြစ်စဉ်အတွင်း၌သာမက ရေရှည်တွင်ပါ လူနာများ၏ အသက်ကိုကယ်တင်ကုသနိုင်မည်ဖြစ်ပြီး ပြည်သူများအတွက် များစွာ အကျိုးရှိပါကြောင်း ပြောကြားခဲ့ပါသည်။

     ထို့နောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီသို့ ငွေကျပ် သိန်း (၃,၀၀၀) လှူဒါန်းမှုအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ သဘာပတိအဖွဲ့ဝင် ဦးဝင်းထိန်နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်တို့က ပြည်ထောင်စုဝန်ကြီးထံ လွှဲပြောင်းပေးအပ်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ပါသည်။

More Tags