ရှမ်းပြည်နယ် (အရှေ့ပိုင်း) ရှိ ဈေးများတွင် COVID-19 ရောဂါ ကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေးအသိပညာမြှင့်တင်ရေးနှင့် ပြုမူပြောင်းလဲဆက်သွယ် ပညာပေး လူထုလှုပ်ရှားမှုများ (Mask & Face Shield Campaign) ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်

ကျိုင်းတုံ၊ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၁၈) ရက်

     ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးရဲနိုင်၊ ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကျော်ကျော်လင်းနှင့် ဒေါက်တာဝင်းလဲ့ထွဋ်တို့ ဦးဆောင်ပြီး ကျိုင်းတုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မီးသတ်ဦးစီးဌာန၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း အစရှိသော ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့သည် (၁၈-၁၁-၂၀၂၀) ရက်နေ့၊ နံနက်ပိုင်းတွင် ကျိုင်းတုံမြို့မဈေး၌ COVID-19 ရောဂါ ကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေးအသိပညာမြှင့်တင်ရေးနှင့် ပြုမူပြောင်းလဲဆက်သွယ်ပညာပေး လူထုလှုပ်ရှားမှုများ (Mask & Face Shield Campaign) ကို ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

 
 

     အဆိုပါလှုပ်ရှားမှုကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှုဖြင့် COVID-19 ရောဂါ ဒေသတွင်းကူးစက်မှု လျော့နည်းစေရေးနှင့် ပပျောက်စေရေးအတွက် ပြည်သူလူထုက ရောဂါကာကွယ်ရေးနည်းလမ်းများကို ပိုမိုအလေးပေး ဂရုစိုက်လာစေပြီး အလေ့အကျင့်မှ အလေ့အထသို့ ရောက်ရှိစေရန် ရည်ရွယ်၍ လူစည်ကားရာနေရာဖြစ်သော ကျိုင်းတုံမြို့မဈေးတွင် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါသည်။

 
 
 

     ကျိုင်းတုံမြို့မဈေးအတွင်းသို့ ဝင်ရောက်မည့် မည်သူမဆို ပါးစပ်နှင့်နှာခေါင်းစည်း တပ်ဆင်ခြင်း၊ ဈေးအတွင်း ဈေးရောင်း/ဈေးဝယ်များအား ပါးစပ်နှင့်နှာခေါင်းစည်း စနစ်တကျတပ်ဆင်စေခြင်း၊ လက်ကိုင်စပီကာများဖြင့် COVID-19 ရောဂါ ကာကွယ်ရေး နည်းလမ်းများကို လှည့်လည်အသိပေးပြောကြားခြင်း၊ COVID-19 ရောဂါကာကွယ်ရေး လိုက်နာဆောင်ရွက်ရမည့် အချက်များပါဝင်သော လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ ပါးစပ်နှင့်နှာခေါင်းစည်း (၅,၀၀၀) ခုနှင့် မျက်နှာအကာ (၅,၀၀၀) ခုတို့ကို အခမဲ့ပေးဝေခြင်း စသည်တို့ကို လူထုလှုပ်ရှားမှုအသွင်ဖြင့် ဆောင်ရွက်ခဲ့ကြပြီး ရောဂါကူးစက်နိုင်မှုမြင့်မားနိုင်သော အခြားနေရာများတွင်လည်း ဆက်လက်၍ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

More Tags