ရခိုင်ပြည်နယ်အတွင်းရှိ စျေးများတွင် COVID-19 ရောဂါကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေးအသိပညာမြှင့်တင်ရေး (Mask & Face Shield Campaign) နှင့် ပြုမှုပြောင်းလဲဆက်သွယ်ပညာပေး လူထုလှုပ်ရှားမှုကို အရှိန်အဟုန်မြှင့် ‌ဆောင်ရွက်

စစ်တွေ၊ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၁၇) ရက်

     (၁၄-၁၁-၂၀၂၀) ရက်နေ့၊ နံနက်ပိုင်းမှစ၍ COVID-19 ရောဂါ ကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေး အသိပညာမြှင့်တင်ရေးနှင့် ပြုမူပြောင်းလဲဆက်သွယ်ပညာပေး လူထုလှုပ်ရှားမှုများ (Mask & Face Shield Campaign) ကို ရခိုင်ပြည်နယ်၊ မြို့နယ်အားလုံးရှိ ဈေးများတွင် တစ်ပြိုင်နက်တည်း အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါသည်။ ၎င်းလှုပ်ရှားမှုကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှုဖြင့် COVID-19 ရောဂါ ဒေသတွင်းကူးစက်မှု လျော့နည်းစေရေးနှင့် ပပျောက်စေရေးအတွက် ပြည်သူလူထုက ကာကွယ်ရေး နည်းလမ်းများကို ပိုမိုအလေးပေး ဂရုစိုက်ပြီး အလေ့အကျင့်မှ အလေ့အထသို့ ရောက်ရှိစေရန် ရည်ရွည်၍ လူစုလူဝေးများပြားပြီး ကူးစက်မှု အများဆုံးနေရာဖြစ်သည့် ဈေးများတွင် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါသည်။ ၎င်းလှုပ်ရှားမှုတွင် မြို့နယ်အသီးသီးရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးကော်မတီ၊ ရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ ကြက်ခြေနီတပ်ဖွဲ့ အစရှိသည့် ဌာနဆိုင်ရာများအားလုံးနှင့် လူမှုရေးအဖွဲ့များ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။


     ပညာပေးလုပ်ငန်းများအဖြစ် ဈေးသည်များအား ပါးစပ်နှင့် နှာခေါင်းစည်း (Mask) နှင့် မျက်နှာအကာ (Face Shield) များ ဝေငှပညာပေးခြင်း၊ ဈေးဝယ်သူများအား ပါးစပ်နှင့် နှာခေါင်းစည်း(Mask)များ ဝေငှပညာပေးခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေအသိပညာပေးခြင်းနှင့် အများလိုက်နာရမည့် COVID-19 ရောဂါကာကွယ်ခြင်းဆိုင်ရာ အမူအကျင့်ကောင်း များ ကို လက်ကိုင်စပီကာများဖြင့် ကြော်ငြာအသိပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါသည်။

     အလားတူလှုပ်ရှားမှုများကို ရခိုင်ပြည်နယ်အတွင်းရှိ ဈေးပေါင်း (၆၈) ဈေးခန့်တွင် ပြည်သူလူထုအတွင်း အမူအကျင့်ကောင်းများ အလေ့အထ ဖြစ်လာသည်အထိ ဆက်လက်ဆောင်ရွက် သွားမည် ဖြစ်ပါသည်။

 

More Tags