ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဈေးများတွင် COVID-19 ရောဂါ ကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေးအသိပညာမြှင့်တင်ရေးနှင့် ပြုမူပြောင်းလဲဆက်သွယ်ပညာပေးလူထုလှုပ်ရှားမှုများ (Mask & Face Shield Campaign) ကို အရှိန်အဟုန်မြှင့်ဆောင်ရွက်

ရန်ကုန်၊ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၁၅)ရက်

     (၁၅-၁၁-၂၀၂၀) ရက်နေ့၊ နံနက်ပိုင်းတွင် COVID-19 ရောဂါ ကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေးအသိပညာမြှင့်တင်ရေးနှင့် ပြုမူပြောင်းလဲဆက်သွယ် ပညာပေးလူထုလှုပ်ရှားမှုများ (Mask & Face shield Campaign) ကို ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်အားလုံးရှိ ဈေးများတွင် တစ်ပြိုင်နက်တည်း အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါသည်။ ၎င်းလှုပ်ရှားမှုကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှုဖြင့် COVID-19 ရောဂါ ဒေသတွင်းကူးစက်မှု လျော့နည်းစေရေးနှင့် ပပျောက်စေရေးအတွက် ပြည်သူလူထုက ကာကွယ်ရေးနည်းလမ်းများကို ပိုမိုအလေးပေး ဂရုစိုက်ပြီး အလေ့အကျင့်မှ အလေ့အထသို့ ရောက်ရှိစေရန် ရည်ရွည်၍ လူစုလူဝေးများပြားပြီး ကူးစက်မှုအများဆုံးနေရာဖြစ်သည့် ဈေးများတွင် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါသည်။ ၎င်းလှုပ်ရှားမှုတွင် မြို့နယ်အသီးသီးရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးကော်မတီ၊ ရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ ကြက်ခြေနီတပ်ဖွဲ့ အစရှိသည့် ဌာနဆိုင်ရာများအားလုံးနှင့် လူမှုရေးအဖွဲ့များ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။


     ပညာပေးလုပ်ငန်းများအဖြစ် ဈေးသည်များအား ပါးစပ်နှင့် နှာခေါင်းစည်း (Mask)နှင့် မျက်နှာအကာ (Face Shield)များ ဝေငှပညာပေးခြင်း၊ ဈေးဝယ်သူများအား ပါးစပ်နှင့် နှာခေါင်းစည်း (Mask) များ ဝေငှပညာပေးခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေအသိပညာပေးခြင်းနှင့် အများလိုက်နာရမည့် COVID-19 ရောဂါကာကွယ်ခြင်းဆိုင်ရာ အမူအကျင့်ကောင်း များကို လက်ကိုင်စပီကာများဖြင့် ကြော်ငြာအသိပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါသည်။    

 
 
 

     ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်ကလည်း အနောက်ပိုင်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှူးနှင့်အတူ ဗဟိုစံပြ ငါးဈေးနှင့် သီရိမင်္ဂလာဈေးများသို့ သွားရောက်ပြီး Mask & Face Shield Campaign တွင် ဦးဆောင်ပါဝင် အသိပညာပေးခဲ့သည့်အပြင် မီဒီယာများမှ တစ်ဆင့်လည်း ပြည်သူလူထုများ ပိုမိုသိရှိစေရန်နှင့် လိုက်နာစေရန် အသိပေးတင်ပြခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ အလားတူလှုပ်ရှားမှုများကို ရန်ကုန်မြို့အတွင်းရှိ ဈေးပေါင်း (၁၈၀) ခန့်တွင် ပြည်သူလူထုအတွင်း အမူအကျင့်ကောင်းများ အလေ့အထ ဖြစ်လာသည်အထိ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

    

 

 
 

More Tags