COVID-19 ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဆေးပစ္စည်းကိရိယာများလှူဒါန်းပေးအပ်မှုအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးတက်ရောက်

နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ နိုဝင်ဘာလ (၆) ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ ညနေပိုင်းတွင် COVID-19 ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဆေးပစ္စည်းကိရိယာများလှူဒါန်းပေးအပ်မှုအခမ်းအနားသို့ Videoconferencing စနစ်ဖြင့် တက်ရောက်ခဲ့ပါသည်။

     အခမ်းအနားတွင် ရှေးဦးစွာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Chen Hai က -

• မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့သည် COVID-19 ကပ်ရောဂါကို ရင်ဆိုင်ရာတွင် ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှုများဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊

• တရုတ်နိုင်ငံတွင် COVID-19 ကပ်ရောဂါကူးစက်ပျံ့နှံ့မှုများဖြစ်ပွားစဉ်က မြန်မာနိုင်ငံမှ မိတ်ဆွေ ကောင်းပီသစွာ ပံ့ပိုးကူညီခဲ့သကဲ့သို့ မြန်မာနိုင်ငံတွင် COVID-19 ဖြစ်ပွားချိန်တွင်လည်း တရုတ်နိုင်ငံမှ အပြန်အလှန်ပံ့ပိုးခြင်းဖြစ်ပါကြောင်း၊

• COVID-19 ဖြစ်ပွားနေစဉ်အတွင်း မြန်မာနိုင်ငံသို့ တရုတ်နိုင်ငံ ဗဟိုအစိုးရ၊ ဒေသဆိုင်ရာအစိုးရ၊ ကုမ္ပဏီနှင့် လူမှုအဖွဲ့အစည်းများက ဆေးနှင့်ဆေးပစ္စည်းကိရိယာများ ပံ့ပိုးခဲ့ပြီး ဆေးဘက်ဆိုင်ရာ ပညာရှင်အဖွဲ့များလည်း (၃) ကြိမ်လာရောက်ခဲ့ကာ အတွေ့အကြုံများ မျှဝေပေးခဲ့ပါကြောင်း၊

 

• ယခုအခမ်းအနားတွင် တစ်ကိုယ်ရည်သုံး ရောဂါကာကွယ်ရေးဝတ်စုံပြည့် (၂၄၀,၀၀၀) ကို ပေးအပ်လှူဒါန်းသွားမည်ဖြစ်ပါကြောင်း၊

• COVID-19 ရောဂါကူးစက်မှု ဒုတိယလှိုင်းအား ကာကွယ်ထိန်းချုပ်မှုလုပ်ငန်းများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်နေမှုအား တွေ့မြင်နေရပါကြောင်း၊

• တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ COVID-19 ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် နှစ်နိုင်ငံ သွေးစည်းညီညွတ်မှုဖြင့် ဆက်လက်ပူးပေါင်းပံ့ပိုးဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါ သည်။

    ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ကျေးဇူးတင်စကားပြောကြားရာတွင် -

• ယခုကဲ့သို့ တရုတ်နိုင်ငံမှ နှစ်နိုင်ငံရင်းနှီးချစ်ကြည်စွာဖြင့် COVID-19 ကာကွယ်ထိန်းချုပ်မှုလုပ်ငန်းများအတွက် ပံ့ပိုးဆောင်ရွက်နေမှုများအပေါ် ဝန်ကြီးဌာန၏ ဆေးရုံများမှ ဝန်ထမ်းများ၊

ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းဆောင်ရွက်နေသည့် ဝန်ထမ်းများနှင့် ပြည်သူများ အားလုံးကိုယ်စားကျေးဇူးတင်ရှိပါကြောင်း၊

• တရုတ်နိုင်ငံသည် (၂၀၁၇) ခုနှစ်တွင် မြန်မာနိုင်ငံ၌ ရာသီတုပ်ကွေးရောဂါ (influenza A (H1N1)) ကူးစက်ပျံ့နှံ့ခဲ့စဉ်ကလည်း ရောဂါကာကွယ်ရေးပစ္စည်းများ၊ ဆေးနှင့် ဆေးပစ္စည်းများစွာ ပံ့ပိုးခဲ့မှုကို ဝန်ကြီးဌာနမှ ကျေးဇူးတင်ရှိ မှတ်တမ်းတင်အပ်ပါကြောင်း၊

• ယခု COVID-19 ဖြစ်ပွားချိန်တွင်လည်း တရုတ်နိုင်ငံ အစိုးရမှ အမေရိကန်ဒေါ်လာ (၅.၉၄) သန်းကျော်နှင့် ကုမ္ပဏီနှင့် လူမှုအဖွဲ့အစည်းများမှ ယခုနှင့် မတ်လ (၁၇) ရက်နေ့ မှ ယနေ့အထိ အမေရိကန်ဒေါ်လာ (၈) သိန်း (၉) သောင်းကျော်၊ စုစုပေါင်း အမေရိကန်ဒေါ်လာ (၆.၈) သန်းကျော် တန်ဖိုးရှိ ဆေးနှင့်ဆေးပစ္စည်းကိရိယာများအား ပံ့ပိုးပေးအပ်ခဲ့သည့်အပြင် ဆေးဘက်ဆိုင်ရာ ပညာရှင်အဖွဲ့များ စေလွှတ်ပြီး ရောဂါကာကွယ်ထိန်းချုပ်မှု အတွေ့အကြုံများ ဝေမျှခြင်းနှင့် အကြံပြုခြင်းများ ဆောင်ရွက်ခဲ့သည့် အပေါ် ကျေးဇူးတင်ရှိပါကြောင်း၊

• ထိုသို့ပံ့ပိုးမှုများကြောင့် မြန်မာနိုင်ငံပြည်သူများ၏ အသက်များကို ကယ်တင်ကုသခြင်း၊ ပြည်သူများအကြား ရောဂါကူးစက်မှုကို ကာကွယ်ခြင်းနှင့် ရောဂါကူးစက်မှု လမ်းကြောင်းကို ဖြတ်တောက်ခြင်း လုပ်ငန်းများအတွက်များစွာ အထောက်အကူပြုရုံသာမက ပံ့ပိုးသည့် ပစ္စည်းများအသုံးပြုကာ လူနာများအား ကိုင်တွယ်ကုသမှုပေးနေသူများထံသို့ ရောဂါကူးစက်နိုင်မှု အလားအလာနည်းပါးစေခြင်းတို့အတွက် အကျိုးကျေးဇူးများစွာ ရရှိပါကြောင်း၊

• တရုတ်နိုင်ငံ၏ ပံ့ပိုးမှုဖြင့် မြန်မာနိုင်ငံရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာန (Myanmar Center for Disease Control) ကို အမြန်ဆုံးစတင်တည်ဆောက်နိုင်ရေးအတွက် ဆောင်ရွက်နေသည်ကိုလည်း ကျေးဇူးတင်ရှိပါကြောင်း၊

 

• အဆိုပါ ဌာနပြီးစီးပါက ကူးစက်ရောဂါနှင့် မကူးစက်နိုင်သောရောဂါများ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို ပိုမိုထိရောက်ကောင်းမွန်စွာဆောင်ရွက်ခြင်း၊ ရောဂါကာကွယ်ထိန်းချုပ်ရေး စွမ်းဆောင်ရည်မြှင့်လုပ်ငန်းများ ပိုမိုကျယ်ပြန့်စွာဆောင်ရွက်ခြင်း၊ တရုတ်နိုင်ငံနှင့် ပူးပေါင်း၍ သုတေသနလေ့လာမှုများဆောင်ရွက်ခြင်း၊ နှစ်နိုင်ငံ ပညာရှင်များ ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းများ ကျယ်ပြန့်စွာဆောင်ရွက်ခြင်း၊ ဓာတ်ခွဲလုပ်ငန်းများ ပိုမိုအဆင့်မြင့်မားစွာဆောင်ရွက်ခြင်း စသည် တို့ကို လုပ်ဆောင်နိုင်မည်ဖြစ်ပြီး မြန်မာနိုင်ငံ ပြည်သူများအတွက် များစွာ အကျိုးရှိမည်ဖြစ်ပါကြောင်း၊

• အဆိုပါဌာနကြီးသည် မြန်မာ-တရုတ်ချစ်ကြည်ရင်းနှီးမှု သင်္ကေတအဖြစ် နှစ်ပေါင်းများစွာ တည်တံ့သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

     ထို့နောက် သံအမတ်ကြီး H.E. Mr. Chen Hai တရုတ်နိုင်ငံမှ လှူဒါန်းသည့် တစ်ကိုယ်ရည်သုံး ရောဂါကာကွယ်ရေးဝတ်စုံပြည့် (၂၄၀,၀၀၀) အား ဆေးသုတေသနဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာဇော်သန်းထွန်း ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး ညွှန်ကြားရေးမှူးချုပ်က ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ပါသည်။

More Tags