COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသမှုဆိုင်ရာ အကြောင်းအရာများနှင့် သုတေသနများမှ နောက်ဆုံးတွေ့ရှိချက်များကို တိုင်းဒေသကြီး/ ပြည်နယ်များရှိ ဆရာဝန်များထံသို့ အသိပေးဖြန့်ဝေခြင်း မွမ်းမံသင်တန်းသို့ ပြည်ထောင်စုဝန်ကြီးတက်ရောက်

နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ နိုဝင်ဘာလ (၅) ရက်

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နံနက်ပိုင်းတွင် Videoconference စနစ်ဖြင့် ပြုလုပ်ခဲ့သော COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသမှုဆိုင်ရာအကြောင်းအရာများနှင့် သုတေသနများမှ နောက်ဆုံးတွေ့ရှိချက်များကို တိုင်းဒေသကြီး/ ပြည်နယ်များရှိ ဆရာဝန်များထံသို့ အသိပေးဖြန့်ဝေခြင်း မွမ်းမံသင်တန်းသို့ တက်ရောက်ခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားခဲ့ရာတွင် -

• COVID-19 ကမ္ဘာ့ကပ်ရောဂါသည် စတင်ဖြစ်ပွားချိန်မှ ယနေ့အထိ ရောဂါကူးစက်ပျံ့နှံ့မှု ပုံသဏ္ဌာန်နှင့် ရောဂါပိုး၏ မျိုးဗီဇသည် ပြောင်းလဲလျက်ရှိပြီး တွေ့ရှိချက်အသစ်များ၊ ရောဂါ ကာကွယ်ထိန်းချုပ်နည်းဗျူဟာများနှင့် ကုသမှုကုထုံးပုံစံများသည်လည်း ပြောင်းလဲလျက်ရှိပါကြောင်း၊

• ယနေ့မွမ်းမံသင်တန်းတွင် တက်ရောက်နေသည့် ဆရာဝန်ပေါင်း (၈၀၀) ခန့်အား COVID-19 ဆိုင်ရာ ခိုင်လုံသည့် နောက်ဆုံးလေ့လာတွေ့ရှိချက်များနှင့် ကုထုံးပုံစံများ၊ နိုင်ငံတကာနှင့် မြန်မာနိုင်ငံတို့တွင် ရောဂါကူးစက်ဖြစ်ပွားမှု အခြေအနေများ၊ လက်ရှိမြန်မာနိုင်ငံတွင် ဆောင်ရွက်နေသည့် ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသမှု လုပ်ငန်းများ၊ နည်းဗျူဟာများနှင့် လုပ်ငန်း လမ်းညွှန်များကို ပါမောက္ခကြီးများနှင့် ပညာရှင်ကြီးများမှ ဟောပြောပို့ချသွားရန် ဝန်ကြီးဌာနမှ စီစဉ်ဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း၊

• COVID-19 သည် တစ်နိုင်ငံလုံးတွင် ကူးစက်မှုရှိနေပြီး ဖြစ်ပွားမှုအနည်းအများသာ ကွာခြားပါကြောင်း၊ ဤရောဂါသည် မြန်မာနိုင်ငံတွင်သာမက ကမ္ဘာတွင်ပါဆက်လက်ရှိနေမည့် ရောဂါဖြစ်သဖြင့် ဆရာဝန်တိုင်းသည် ဤရောဂါ ကူးစက်မှုနှင့် ကပ်ရောဂါသဘောသဘာဝ၊ အသွားအလာ ကန့်သတ်ခြင်းနှင့် သီးခြားထားရှိခြင်း၊ ရောဂါရှာဖွေဓာတ်ခွဲစမ်းသပ်ခြင်း၊ ကုသမှု ကုထုံးများ၊ ရောဂါကူးစက်မှု ကာကွယ်ရေးနည်းလမ်းများ စသည်တို့ကို ပိုမိုသိရှိနားလည် တတ်ကျွမ်းစေရန် အတွက် မိမိတို့ဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း၊

• ဤသို့ပုံစံဖြင့် ကျယ်ပြန့်စွာဆောင်ရွက်ခြင်းမှာ ပထမအကြိမ်ဖြစ်ပြီး နောင်တွင်လည်း ယခုကဲ့သို့သော အင်တာနက်ကွန်ရက်အသုံးပြု Videoconferencing စနစ်ဖြင့် ဟောပြောပို့ချမှုနှင့် မွမ်းမံသင်တန်းအစီအစဉ်များကို ဆရာဝန်များ၊ သူနာပြုများ၊ ဆေးနှင့် ဆေးနှီးနွှယ်ပညာရှင်များနှင့် အခြေခံကျန်းမာရေး ပညာရှင်များအတွက် တက္ကသိုလ်များအလိုက်၊ ပညာရပ်အလိုက်၊ ကဏ္ဍအလိုက် ပုံမှန်ပြုလုပ်သွားမည် ဖြစ်ပါကြောင်း၊


• ထိုသို့ ဟောပြောပို့ချမှုနှင့် မွမ်းမံသင်တန်းများ ပြုလုပ်မည့် အစီအစဉ်ကို ကြိုတင်ရေးဆွဲကာ ဘာသာရပ်အမျိုးအစားနှင့် ဟောပြောပေးမည့် ပါမောက္ခများ၊ ဆရာဝန်ကြီးများနှင့် အချိန် ဇယားများကိုလည်း ဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာတွင် ကြိုတင်အသိပေးထားမည် ဖြစ်ပါကြောင်း၊

• ဤသို့ မွမ်းမံသင်တန်းပြုလုပ်ရာ၌ အဓိကအားဖြင့် ပြည်သူ့ကျန်းမာရေးကဏ္ဍနှင့် ကုသရေးကဏ္ဍ ခေါင်းစဉ်ကြီး (၂) ခုအောက်မှ သင်တန်းများကို တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ဆက်လက်ဆောင်ရွက်တော့မည် ဖြစ်ပါကြောင်း၊

• သင်တန်းများ၌ ပို့ချသည့် ဟောပြောပို့ချသည့် အကြောင်းအရာများကိုလည်း ဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာ၌ လွှင့်တင်ထားခြင်းဖြင့် တစ်နိုင်ငံလုံးမှ ဆရာဝန်များအနေဖြင့် အချိန်မရွေး မီငြမ်းပြုနိုင်မည် ဖြစ်ပါကြောင်း၊

• ဤသို့ ဆောင်ရွက်ခြင်းဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ပေးသူများသည် ကုသမှုကုထုံးများနှင့် ပြည်သူ့ကျန်းမာရေးနိယာမများကို ပိုမိုသိရှိကာ ယခုဖြစ်ပွားနေသည့် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသမှုလုပ်ငန်းများအပြင် အခြားရောဂါများ ကုသမှုသည်လည်း ပိုမိုကောင်းမွန်အရည်အသွေး ပြည့်လာမည်ဖြစ်ပါကြောင်း၊

• သို့မှသာ လူတိုင်းလက်လှမ်းမီ လွှမ်းခြုံကျန်းမာရေး စောင့်ရှောက်မှုကို မိမိတို့နိုင်ငံ ပြည်သူများအနေဖြင့် ရရှိနိုင်မည်ဖြစ်ပါကြောင်း၊

• ယနေ့မွမ်းမံသင်တန်းသို့ မြန်မာနိုင်ငံတစ်ဝန်းမှ မြို့နယ်ဆရာဝန်များ၊ အထူးကုလက်ထောက်ဆရာဝန်များ၊ အထူးကုဆရာဝန်ကြီးများ၊ ဆေးရုံအုပ်ကြီးများ စိတ်ပါဝင်စားစွာ တက်ရောက်ကြသည်ကို တွေ့ရှိရသည့်အတွက် ကျန်းမာရေးစနစ် ကောင်းမွန်မှုအတွက် ထူးခြားသည့် လက္ခဏာတစ်ခုဖြစ်ပါကြောင်း၊

• ဝန်ကြီးဌာနအနေဖြင့်လည်း ဆေးနှင့်ဆေးနှီးနွှယ် တက္ကသိုလ်များက သက်ဆိုင်ရာဆေးနှင့် ဆေးနှီးနွှယ်ပညာ ဘာသာရပ်အလိုက် ရိုက်ကူးထားသော သင်ကြားရေးရုပ်သံဗွီဒီယို (၂၀၀) ကျော်ကို ဝန်ကြီးဌာန၏ အင်တာနက်လိပ်စာ -

https://event-mohs.gov.mm/ တွင် (၂၃-၁၀-၂၀၂၀) ရက်နေ့မှ စတင်ကာ တစ်စုတစ်စည်းတည်း လွှင့်တင်ထားရှိပါပြီး ဆက်လက်၍လည်း ရိုက်ကူးလွှင့်တင်သွားမည် ဖြစ်ပါကြောင်း၊

• ထိုသို့ ပညာရပ်ဆိုင်ရာ ဟောပြောပို့ချမှု ရုပ်သံများကို မြို့ကြီးများမှသာမက ခက်ခဲဝေးလံဒေသများတွင် တာဝန်ထမ်းဆောင်နေသော ဆရာဝန်၊ သူနာပြုနှင့် ကုသမှုပညာရှင်များ၊ ပြည်သူ့ကျန်းမာရေး ပညာရှင်များ၊ အခြေခံကျန်းမာရေး ပညာရှင်ဝန်ထမ်းများ အားလုံးတို့သည် အင်တာနက်ကွန်ရက် အသုံးပြုကာ အချိန်မရွေးလေ့လာနိုင်မည်ဖြစ်သဖြင့် နောက်ဆုံးပေါ် ပညာရပ်များကိုသိရှိပြီး စွမ်းဆောင်ရည်များ ပိုမိုမြင့်တက်လာကာ ပြည်သူများ ပိုမိုအကျိုးရှိမည်ဖြစ်ပါကြောင်း၊

• ဆေးတက္ကသိုလ်များတွင် နိုင်ငံတကာအဆင့်မီ "မျှော်မှန်းရလဒ် အခြေခံသော စုစည်းချိတ်ဆက် သင်ကြားခြင်း သင်ရိုးညွှန်းတမ်း (Outcome Based Integrated Curriculum)" ဖြင့် (၂၀၁၉) ခုနှစ်မှ စတင်သင်ကြားနိုင်ခဲ့ပါကြောင်း၊ ဝန်ကြီးဌာန၏ တက္ကသိုလ်များတွင်လည်း သင်ရိုးညွှန်းတမ်းများ မွမ်းမံရေးဆွဲခြင်းများကို ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊

• ဆက်လက်ဆောင်ရွက်မည့် မွမ်းမံသင်တန်းများ ယခုထက်ပိုမိုအကျိုးရှိ ထိရောက်စွာဆောင်ရွက်နိုင်ရေးအတွက် ပါမောက္ခများနှင့် တာဝန်ရှိသူများ ဆွေးနွေးခြင်း၊ သင်တန်းတက်ရောက်သူ များထံမှ အကြံပြုချက်များရယူခြင်းနှင့် ယခင်သင်တန်း အတွေ့အကြုံများကို ပြန်လည်သုံးသပ်ခြင်းများ အမြန်ဆုံး ပြုလုပ်သွားမည်ဖြစ်ပါကြောင်း၊

• ထိုသို့ပြုလုပ်ခြင်းဖြင့် ဝန်ကြီးဌာနမှ ဝန်ထမ်းပညာရှင်များအားလုံးသည် ပညာရပ်အလိုက် နောက်ဆုံး တွေ့ရှိချက်များကို အမြဲသိရှိလေ့လာနိုင်ကာ ကျန်းမာရေးစောင့်ရှောက်မှု အရည်အသွေး များ ပိုမိုတိုးတက်လာမည်ဖြစ်ပါကြောင်း၊

• ဟောပြောပို့ချမှုဆိုင်ရာ ရုပ်သံများရိုက်ကူးရန်နှင့် ယခုကဲ့သို့ အင်တာနက်ကွန်ရက်အသုံးပြု မွမ်းမံသင်တန်းများ ဆက်လက်ပြုလုပ်ရန်အတွက် လိုအပ်သည့် လူအင်အား၊ ဘဏ္ဍာငွေများကို ဝန်ကြီးဌာနမှ ပိုမိုချထားပံ့ပိုးပေးသွားမည် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ မွမ်းမံသင်တန်းတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် (ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေး) ဒေါက်တာထွန်းတင်၊ ဆေးတက္ကသိုလ် (၁)၊ ဆေးပညာဌာနမှ ပါမောက္ခ/ဌာနမှူး ပါမောက္ခ ဒေါက်တာဇော်လင်းအောင်၊ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ပါမောက္ ခဒေါက်တာဌေးဌေးတင်၊ ဆေးတက္ကသိုလ် (၁)၊ အရေးပေါ်ကုသမှုဆေးပညာဌာနမှ ပါမောက္ခ/ ဌာနမှူး ပါမောက္ခ ဒေါက်တာမော်မော်ဦး၊ ဆေးတက္ကသိုလ် (၁) မေ့ဆေးပညာဌာနမှ ပါမောက္ခ/ ဌာနမှူး ပါမောက္ခ ဒေါက်တာမူမူနိုင်နှင့် ဆေးတက္ကသိုလ် (၁)၊ မူခင်းဆေးပညာဌာနမှ ပါမောက္ခ/ဌာနမှူး ပါမောက္ခဒေါက်တာမျိုးသိုက်ဦးတို့က သက်ဆိုင်ရာ ပညာရပ်အလိုက် နောက်ဆုံး တွေ့ရှိချက်များ၊ ပြည်သူ့ကျန်းမာရေးနှင့် အသွားအလာကန့်သတ်ခြင်း နိယာမများ၊ ကုသမှုကုထုံးများ၊ ဓာတ်ခွဲမှုနည်းပညာရပ်များ၊ လူနာသယ်ယူပို့ဆောင်မှုနှင့် လူနာအဆင့် ခွဲခြားသတ်မှတ်မှုများ၊ အရေးပေါ်နှင့် အထူးကြပ်မတ်ကုသမှုများ၊ လူနာစီမံခန့်ခွဲမှုများ၊ သေဆုံးရသည့် အကြောင်းအရင်းသတ်မှတ်ချက်များ၊ လက်ရှိတွင် မြန်မာနိုင်ငံတွင်ဆောင်ရွက်နေသည့် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသမှုလုပ်ငန်းများနှင့် နည်းဗျူဟာများ၊ လုပ်ငန်းလမ်းညွှန်များ စသည်တို့ကို ဟောပြောပို့ချခဲ့ပါသည်။

ထို့နောက် တက်ရောက်လာကြသူများက မေးမြန်းသည့် မေးခွန်းများကို ပါမောက္ခများ၊ ပညာရှင်များနှင့် တာဝန်ရှိသူများက အသေးစိတ်ပြန်လည် ဖြေကြားပေးခဲ့ပါသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားရာတွင် -

• ယနေ့မွမ်းမံသင်တန်းတွင် ကလေး၊ ကလော၊ ဗန်းမော်၊ တမူး၊ ကသာ၊ ဂွ၊ လားရှိုး၊ ထီးချိုင့်၊ မတ္တရာ၊ ဖားကန့်၊ သရက်နှင့် ဟားခါးမြို့နယ်တို့ကဲ့သို့ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ မြို့နယ်များမှ ဆရာဝန်များနှင့် တိုက်နယ်ဆရာဝန်များ စိတ်ပါဝင်စားတက်ရောက်ပြီး မေးခွန်းများ မေးမြန်းခြင်းနှင့် ပါမောက္ခများ၊ ပညာရှင်များနှင့် တာဝန်ရှိသူများက မေးခွန်းတစ်ခုချင်းစီအား အသေးစိတ်ပြန်လည် ဖြေကြားရှင်းလင်းခြင်းသည် ကောင်းမွန်ပါကြောင်း၊

• ပါမောက္ခဆရာဝန်ကြီးများနှင့် နယ်မှ ဆရာဝန်ကြီးများ၊ မြို့နယ်နှင့် တိုက်နယ်ဆရာဝန်များ အကြား ထိတွေ့နီးစပ်မှု ပိုမိုကောင်းမွန်ခြင်းသည် ဝန်ကြီးဌာနအတွက် အင်အားတစ်ခုဖြစ်စေပြီး ကွန်ရက်ချိတ်ဆက်မှုပိုမိုအားကောင်းလာမည်ဖြစ်ပါကြောင်း၊

• ယနေ့ မွမ်းမံသင်တန်းတွင် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသမှုလုပ်ငန်းများ နှင့် ပတ်သက်၍ အရေးကြီးသည့် သတိပြုရမည့် အချက်များကို ဆွေးနွေးပြောကြားခြင်း၊ လုပ်ငန်းအတွေ့အကြုံများ ဝေမျှခြင်းများ ဆောင်ရွက်ခဲ့ကြသည့် ပါမောက္ခများ၊ ပညာရှင်များနှင့် တာဝန်ရှိသူအားလုံးအား ကျေးဇူးတင်ရှိပါကြောင်း၊

• ယခုကဲ့သို့ ပြုလုပ်ခြင်းဖြင့် မြို့နယ်အသီးသီးမှ မြို့နယ်ဆရာဝန်များအနေဖြင့် ပြည်သူ့ကျန်းမာရေးဆိုင်ရာလုပ်ငန်းများကို ပိုမိုသိရှိကာ COVID-19 ကာကွယ်ထိန်းချုပ်မှုလုပ်ငန်းများကို ပိုမိုပီပြင်စွာဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊

• ကုသရေးအပိုင်းတွင်လည်း COVID-19 အတွက် ကုထုံးများနှင့် အရေးကြီးသည့် အချက်များကို ပိုမိုသိရှိကာ လူနာများ၏ အသက်ကို ပိုမိုကယ်တင်ကုသနိုင်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

အဆိုပါ မွမ်းမံသင်တန်းသို့ တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနများမှ တာဝန်ရှိသူများ၊ နိုင်ငံတစ်ဝန်းရှိ အထူးကုဆရာဝန်ကြီးများ၊ အထူးကုဆရာဝန်များ၊ အထူးကုလက်ထောက်ဆရာဝန်များ၊ ဆရာဝန်များ၊ ဆေးရုံအုပ်ကြီးများ၊ ဆေးရုံအုပ်များ၊ မြို့နယ်ဆရာဝန်များနှင့် တိုက်နယ်ဆရာဝန်များ စုစုပေါင်း (၈၀၀) ဦးခန့်တက်ရောက်ခဲ့ပါသည်။

More Tags