နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင် - ၁,၀၀၀) မှ COVID-19 လူနာဆောင်များနှင့် အထူးကြပ်မတ်ကုသဆောင်များသို့ ပြည်ထောင်စုဝန်ကြီး လှည့်လည်ကြည့်ရှုခဲ့ပြီး ထပ်မံလိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်

နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ အောက်တိုဘာလ (၂၈) ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နံနက်အစောပိုင်းတွင် ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းနှင့် တာဝန်ရှိသူများလိုက်ပါလျက် နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင် - ၁,၀၀၀) မှ COVID-19 လူနာဆောင်များနှင့် အထူးကြပ်မတ်ကုသဆောင်များသို့ လှည့်လည် ကြည့်ရှုခဲ့ပါသည်။

     ထိုသို့လှည့်လည်ကြည့်ရှုခဲ့ရာတွင် ဆေးရုံအုပ်ကြီး ဒေါက်တာအောင်လင်းအေး၊ ပါမောက္ခဒေါက်တာတင့်တင့်ကြည်၊ ပါမောက္ခ ဒေါက်တာကျော်ကျော်ဦးနှင့် တာဝန်ရှိသူများက -

• COVID-19 သံသယလူနာများ သီးခြားထားရှိကုသရန် (၄၄) ခုတင်၊

• COVID-19 ဓာတ်ခွဲအတည်ပြုလူနာများ သီးခြားထားရှိကုသရန် (၈၀) ခုတင်၊

• COVID-19 ရောဂါကူးစက်ခံရသူ ကျန်းမာရေးဝန်ထမ်းများအတွက် သီးခြားထားရှိကုသရန် (၁၆) ခုတင်နှင့်

• COVID-19 ဓာတ်ခွဲအတည်ပြုလူနာများအား အထူးကြပ်မတ်ကုသရန် (၉) ခုတင် ပြင်ဆင်ထားရှိမှု၊

• အောက်ဆီဂျင်ပေးကုသရန် အောက်ဆီဂျင်ပွိုင့် (၁၀၁) ခု၊

• အထူးကြပ်မတ်ကုသဆောင်တွင် အသက်ရှူစက် (၉) လုံးနှင့် စက်ပစ္စည်းများ လက်ရှိတွင် တပ်ဆင်ထားရှိမှု နှင့် အောက်ဆီဂျင်ပေးကုသရန် အောက်ဆီဂျင်ပွိုင့် (၄၄) ခုနှင့် အသက်ရှူစက် (၆) ခုတို့ တင်ဆင်သွားမည့် အစီအစဉ်တို့ကို လိုက်လံရှင်းလင်းပြသခဲ့ပါသည်။

 

     ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင် - ၁,၀၀၀) ဆေးရုံအုပ်ကြီး၊ အထူးကုဆရာဝန်ကြီးများ၊ သူနာပြုဆရာမကြီးများနှင့် တွေ့ဆုံရာ၌ -

• နေပြည်တော်နှင့် အနီးတစ်ဝိုက်တွင် နေထိုင်ကြသော ပြည်သူများ၊ ဝန်ကြီးဌာနအသီးသီးမှ ဝန်ထမ်းများနှင့် လွှတ်တော်ကိုယ်စားလှယ်များသာမက အခြားတိုင်းဒေသကြီး/ ပြည်နယ် (၇) ခုမှ ပြည်သူများက အားကိုးအားထားပြုကာ ကျန်းမာရေးစောင့်ရှောက်မှုခံယူလျက်ရှိသည့် နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင် - ၁,၀၀၀) မှ ဆေးရုံအုပ်ကြီး၊ ဆေးရုံအုပ်များ၊ အထူးကုဆရာဝန်များ၊ ဆရာဝန်များ၊ သူနာပြုများ၊ ဓာတ်ခွဲ၊ ဓာတ်မှန်ပညာရှင်များ၊ ကုသမှုအထောက်အကူပြုပညာရှင်များနှင့် ဝန်ထမ်းများအားလုံး၏ အရည်အသွေးပြည့်ဝပြည့်ဝသော ကျန်းမာရေးဝန်ဆောင်မှုပေးနေခြင်းကို အသိအမှတ်ပြုပါကြောင်း၊

• ဝန်ကြီးဌာနအနေဖြင့် နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင် - ၁,၀၀၀) အား ရန်ကုန်ပြည်သူ့ ဆေးရုံကြီးနှင့် အဆင့်တန်းတူဆေးရုံကြီးအဖြစ်သာမက စံနမူနာပြဆေးရုံကြီး ဖြစ်စေရေးအတွက် ဆောင်ရွက်လျက်ရှိပြီး ထပ်မံလိုအပ်မည့် ပစ္စည်းကိရိယာများပံ့ပိုးပေးပြီး ဝန်ထမ်းများအားလည်း ဆက်လက်ခန့်ထားသွားမည် ဖြစ်ပါကြောင်း၊

• ဆေးရုံတစ်ရုံ၏ သဘောသဘာဝအရ ရာထူးအဆင့်အမျိုးမျိုးသော ဝန်ထမ်းများသည် သက်ဆိုင်ရာတာဝန်အသီးသီးကို ဆောင်ရွက်နေရာ၌ ဝန်ထမ်းအမျိုးအစား တစ်မျိုးစီ၏ အရေးပါမှုသည် ညီတူညီမျှ အရေးကြီးပါကြောင်း၊

 

• ဆေးရုံကြီးမှ စီမံခန့်ခွဲမှုတာဝန်ရှိသူများနှင့် ကုသမှုပါမောက္ခများ၊ ဆရာဝန်များ၊ သူနာပြုများနှင့် ပညာရှင်များသည် စည်းလုံးညီညွတ်စွာလက်တွဲဆောင်ရွက်ခြင်း၊ ပွင့်လင်းစွာဖြင့် ညှိနှိုင်းတိုင်ပင် ဆောင်ရွက်ခြင်းများ လုပ်ဆောင်နေသည်ကို မိမိတို့ သိရှိနေရပါကြောင်း၊ ဆေးရုံအထောက်အကူပြုအဖွဲ့နှင့် လည်း အမြဲတမ်းဆွေးနွေးတိုင်ပင်ကာ ဆေးရုံကြီး၏ ရှုထောင့်မျိုးစုံမှ ထပ်မံလိုအပ်ချက်များကို ဝန်ကြီးဌာနမှ ပံ့ပိုးပေးမည်ဖြစ်ပါကြောင်း၊

• ဆေးရုံကြီးရှိ တန်ဖိုးကြီး ဓာတ်ခွဲ၊ ဓာတ်မှန်စက်ပစ္စည်းများအပါအဝင် စက်ပစ္စည်းကိရိယာများ ပုံမှန် ထိမ်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ရန်အတွက် အဖွဲ့တစ်ဖွဲ့ဖွဲ့စည်းကာ စနစ်တကျ သုံးသပ်ပြီး စက်ပစ္စည်းများ အမြဲတမ်းလည်ပတ်နေရန် အတွက် ဆောင်ရွက်စေလိုပါကြောင်း၊

• ဆေးရုံတစ်ရုံ၏ သတင်းအချက်အလက်စနစ်သည် ဆေးရုံတိုးတက်မှုနှင့် လုပ်ငန်းဆောင်ရွက်မှု ပီပြင်ရန်အတွက် အလွန်အရေးကြီးသည့် အတွက် မိမိတို့ ဗဟိုမှနေ၍ ဦးစားပေး၍ ပံ့ပိုးမည်ဖြစ်ပါကြောင်း၊

• လူနာစောင့်များနှင့် လူနာများ ဆေးရုံစည်းကမ်းလိုက်နာရေးအတွက်ကိုလည်း ယခုဆောင်ရွက်နေသည့် ပုံစံအတိုင်းမပြုလုပ်ဘဲ ကိုယ်တိုင်ပါဝင်ဆောင်ရွက်သည့် ပုံစံမျိုးဖြင့် ဆောင်ရွက်ရန် မိမိတို့ စဉ်းစားလျက်ရှိပါကြောင်း၊

• ယခုတွေ့ဆုံရာတွင် လိုအပ်သည်များအား ပွင့်လင်းစွာပြောကြားကြစေလိုပါကြောင်း ပြောကြား ခဲ့ပါသည်။

     ထို့နောက် ဆေးရုံအုပ်ကြီး၊ အထူးကုဆရာဝန်ကြီးများနှင့် သူနာပြုဆရာမကြီးများက -

• ဆေးရုံကြီးရှိ ဝန်ထမ်းများအားလုံး စည်းလုံးညီညွတ်စွာဖြင့် လုပ်ငန်းများဆောင်ရွက်လျက်ရှိမှု၊

• ဆေးရုံသတင်းအချက်အလက်စနစ်အား အင်တာနက်ဝက်ဘ်ဆိုက် အခြေပြု (web-based) စနစ်ဖြင့် ဆောင်ရွက်ထားရှိပြီး ဆက်လက်တိုးချဲ့ဆောင်ရွက်လိုမှု၊

• ဆေးဝါးများဝယ်ယူရာ၌ အချို့သော ဆေးဝါးများသည် တင်ဒါခေါ်ယူရာတွင် ဝင်ရောက်ပြိုင်ခြင်း မရှိသဖြင့် သီးခြားဝယ်ယူရန် လိုအပ်မှုနှင့် ထပ်မံလိုအပ်သည်များအားတင်ပြခဲ့ကြပါသည်။

 

     တင်ပြချက်များနှင့် ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးက ဖြည့်ဆည်းပေးခဲ့ပြီး -

• ဆေးရုံသတင်းအချက်အလက်စနစ်အား အဆင့်မြင့်တိုးချဲ့ဆောင်ရွက်ရန်မှာအရေးကြီးသဖြင့် ဝန်ကြီးဌာနရှိ ကျန်းမာရေးသတင်းအချက်အလက်ဌာနခွဲနှင့် eHealth Unit တို့မှ တာဝန်ရှိသူများနှင့် အမြန်ဆုံး ဆွေးနွေးဆောင်ရွက်စေမည်ဖြစ်ပါကြောင်း၊

• အရေးပေါ်လူနာ အမျိုးမျိုးအတွက် ဆေးဝါးများပြတ်လပ်မှုမရှိရန် လိုအပ်သည့်ဆေးဝါးများကို ကြိုတင်ဝယ်ယူ စုဆောင်းထားရမည်ဖြစ်ပါကြောင်း၊ ယခုနှစ်တွင် မြန်မာနိုင်ငံရှိ လူနာများပြားစွာ တက်ရောက်သော ဆေးရုံများကို ဆေးနှင့်ဆေးပစ္စည်းဝယ်ယူရန် ပိုမိုတိုးမြှင့်ချထားမည်ဖြစ်ပါကြောင်းပြောကြားခဲ့ပါသည်။

More Tags