အကျဉ်းထောင်များတွင် COVID-19 ကာကွယ်ထိန်းချုပ်ရေးနှင့် အကျဉ်းထောင်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပိုမိုတိုးတက်ကောင်းမွန်စေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး တက်ရောက်

နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ အောက်တိုဘာလ (၂၃) ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နံနက်ပိုင်းတွင် Videoconferencing စနစ်ဖြင့် ပြုလုပ်ခဲ့သော အကျဉ်းထောင်များတွင် COVID-19 ကာကွယ်ထိန်းချုပ်ရေးနှင့် အကျဉ်းထောင်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပိုမိုတိုးတက်ကောင်းမွန်စေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ဆွေးနွေးခဲ့ ပါသည်။

အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် -

• အကြောင်းအမျိုးမျိုးကြောင့် အကျဉ်းကျခံနေရသူများသည်လည်း မိမိတို့နိုင်ငံသားများဖြစ်၍ အခြား ပြည်သူများနည်းတူ ကျန်းမာရေးစောင့်ရှောက်မှုများ ရရှိရန်မှာ ဆေးပညာကျင့်ဝတ်များအရ အရေးကြီး ပါကြောင်း၊

• မြန်မာနိုင်ငံ၏ အကျဉ်းထောင်အချို့နှင့် အချုပ်ခန်းအချို့တွင် COVID-19 ဖြစ်ပွားတွေ့ရှိမှုကို ယခုရက်ပိုင်း၌ သတင်းများရရှိပြီးချက်ချင်း ပြည်ထဲရေးဝန်ကြီးဌာနနှင့် ပေါင်းစပ်ကာ Rapid Antigen Diagnostic Test Kit များဖြင့် ရောဂါစစ်ဆေးခြင်းအပါအဝင် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို စတင်လုပ်ဆောင်လျက် ရှိပါကြောင်း၊

• အကျဉ်းထောင်များသည် အလုံပိတ်ပတ်ဝန်းကျင်ဖြစ်ခြင်း၊ တစ်ဦးနှင့်တစ်ဦး အလွန်နီးကပ်စွာ နေထိုင် ရခြင်း၊ တစ်ကိုယ်ရေသန့်ရှင်းရေးအတွက် လိုအပ်ချက်ရှိနေနိုင်ခြင်း၊ အာဟာရပြည့်ဝမှု လိုအပ်ချက်များ ရှိနိုင်ခြင်း၊ ကိုယ်ခံအားကျနေနိုင်ခြင်းတို့ကြောင့် COVID-19 ကဲ့သို့ ကူးစက်မြန်သော ရောဂါတစ်စုံတစ်ဦးတွင် ဖြစ်ပွားပါက အလွန်လျင်မြန်စွာကူးစက်ပျံ့နှံ့သွားမည် ဖြစ်သဖြင့် မိမိတို့ ဝန်ကြီးဌာနအနေဖြင့် အကျဉ်းဦးစီးဌာနနှင့် ပေါင်းစပ်၍ အထူးအလေးထားကာ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊

 

 

• COVID-19 သည် ပြင်ပမှထောင်ဝင်စာလာတွေ့သူများနှင့် ဝန်ထမ်းများမှ တစ်ဆင့် အကျဉ်းကျခံနေရသူ များထံသို့လည်းကောင်း၊ ထိုသို့ ရောဂါကူးစက်ဖြစ်ပွားသူ အကျဉ်းသားမှတစ်ဆင့် အခြားသော အကျဉ်းသားများ၊ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများထံသို့လည်းကောင်း အပြန်အလှန် အဆင့်ဆင့် ကူးစက်နိုင်သဖြင့် အကျဉ်းဦးစီးဌာနနှင့် ရောဂါဆိုင်ရာသတင်းများ အချိန်နှင့် တစ်ပြေးညီမျှဝေကာ ချိန်သားကိုက်ပူးပေါင်းဆောင်ရွက်မည်ဖြစ်ပါကြောင်း၊

• COVID-19 သည် အကျဉ်းထောင်များ၏ သဘောသဘာဝအရ လျင်မြန်စွာကူးစက်ပြန့်ပွားနိုင်သည်ဖြစ်သဖြင့် လုပ်ငန်းများကိုအချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရန်အတွက် တိုင်းဒေသကြီး/ ပြည်နယ်အကျဉ်းဦးစီးဌာနမှူးများ၊ အကျဉ်းဦးစီးဌာန ဆေးမှူးချုပ်၊ အကျဉ်းထောင်မှူးများနှင့် တိုင်းဒေသကြီး/ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီး ဌာနမှူးများသည် အချိန်နှင့် တစ်ပြေးညီစနစ်တကျသတင်းမျှဝေခြင်း၊ ချိတ်ဆက်ဆောင်ရွက်ခြင်းတို့ကို လုပ်ဆောင်ရမည့်အပြင် ဆုံးဖြတ်ချက်များကိုလည်း ချက်ချင်းချမှတ်ကာ အကောင်အထည်ဖော်ရမည် ဖြစ်ပါကြောင်း၊

• အကျဉ်းထောင်၌ စတင်တွေ့ရှိသော COVID-19 ကို အချိန်နှင့် တစ်ပြေးညီထိန်းချုပ်ကာ အကျဉ်းထောင်များ၌ ကပ်ရောဂါအသွင် ပြန့်ပွားကူးစက်မှုမရှိစေရေးအတွက် ကာကွယ်ထိန်းချုပ်မှု လုပ်ငန်းများကို ပြတ်ပြတ်သားသား တိတိကျကျ စနစ်ကျစွာ အရှိန်မြှင့်၍ အမြန်ဆုံးဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊

• ယခုပြုလုပ်သော အစည်းအဝေးအပြီးတွင်လည်း အစည်းအဝေးမှ ထွက်ပေါ်လာမည့် လုပ်ဆောင်ရန် အချက်များကို တိုင်းဒေသကြီး/ ပြည်နယ်တိုင်းဒေသကြီး/ ပြည်နယ် အကျဉ်းဦးစီးဌာနမှူး၊ နှင့် တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးတို့က မိမိတို့ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် မြေပြင်အခြေအနေများနှင့် ကိုက်ညီသည့် လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အသေးစိတ် ဆက်လက်ဆွေးနွေးပြီး အကောင်အထည်ဖော်ကြရမည်ဖြစ်ပါကြောင်း၊

• အကျဉ်းထောင်များတွင် COVID-19 ကာကွယ်ထိန်းချုပ်ရေးအတွက် အကျဉ်းဦးစီးဌာနမှ ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်ကိုလည်း မိမိအနေဖြင့် သိရှိပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် အကျဉ်းဦးစီးဌာန၏ COVID-19 ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအား အတတ်နိုင်ဆုံး ထိရောက်စွာပံ့ပိုးဆောင်ရွက်သွားမည်ဖြစ်ကာ အရှိန်အဟုန်မြှင့်၍လည်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊

• အကျဉ်းထောင်များတွင် COVID-19 ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းချက်များ၊ လုပ်ထုံး လုပ်နည်းများ၊ လုပ်ငန်းလမ်းညွှန်များကို အကျဉ်းဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ပူးပေါင်း ရေးဆွဲခြင်းနှင့် မွမ်းမံပြင်ဆင်ခြင်းများ ရက်ပိုင်းအတွင်း ပြုလုပ်သွားမည်ဖြစ်ပါကြောင်း၊

 

 

• COVID-19 ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများသာမက ပုံမှန်ဆောင်ရွက်နေသည့် အကျဉ်းထောင် ကျန်းမာရေးလုပ်ငန်းများသည်လည်း အရေးကြီးပါကြောင်း၊ (၂၀၁၉) ခုနှစ်ဇူလိုင်လတွင် ပြုလုပ်ခဲ့သော "အကျဉ်းထောင်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပိုမိုတိုးတက်ကောင်းမွန်စေရေး လုပ်ငန်း ညှိနှိုင်း အစည်းအဝေး" ထွက်ပေါ်ခဲ့သော လုပ်ငန်းများကို မိမိတို့ဝန်ကြီး ဌာန နှင့် အကျဉ်းဦးစီးဌာနတို့ ပူးပေါင်းလက်တွဲဆောင်ရွက်လျက်ရှိပါကြောင်း၊

• "အကျဉ်းထောင်ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ စံလုပ်ထုံးလုပ်နည်းများ" အပါအဝင် အကျဉ်းထောင် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ လုပ်ငန်းလမ်းညွှန်များကို လက်တွေ့မြေပြင် အခြေအနေနှင့် ကိုက်ညီပြီး အမှန်တကယ်လုပ်ဆောင်နိုင်သည့် လုပ်ငန်းများဖြစ်စေရေး၊ ပြောင်းလဲလျက်ရှိသော အခြေအနေများနှင့်အညီ ကိုက်ညီစေရေးတို့အတွက် ဆန်းစစ်ခြင်းများနှင့် မွမ်းမံပြင်ဆင်ခြင်းများ ကိုလည်း (၂၀၁၉) ခုနှစ် နှစ်ကုန်ပိုင်းတွင် ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါကြောင်း၊

• အကျဉ်းထောင်များ၏ ကျန်းမာရေးစောင့်ရှောက်မှု အခြေအနေလေ့လာဆန်းစစ်ခြင်းကိုလည်း (၂၀၂၀) ခုနှစ်၊ ဇွန်လက ပြီးစီးပြီဖြစ်ပါ၍ အကျဉ်းသားများ၏ ကျန်းမာရေးကဏ္ဍအတွက် အကျဉ်းထောင်များ၌ ပြည်သူ့ကျန်းမာရေးနှင့်ပတ်သက်၍ ဆောင်ရွက်သည့်အချက်များကို ယခုထက်အရှိန်အဟုန်မြှင့်၍ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊

• အကျဉ်းထောင်များတွင် COVID-19 ဆိုင်ရာ ကျန်းမာရေးအသိပညာပေးနှိုးဆော်မှုများပြုလုပ်နိုင်ရန် အတွက် ကျန်းမာရေးအသိပေးကြေညာချက်များ ကြိုတင်အသံသွင်းထည့်ထားသော လက်ကိုင် အသံချဲ့စက်များကို ပံ့ပိုးပေးမည်ပါကြောင်း၊ အထူးသဖြင့် ရောဂါလက္ခဏာတစ်စုံတစ်ရာမပြသဘဲ ရောဂါပိုးရှိနေနိုင်ကြောင်းနှင့် COVID-19 အလွန်လျင်မြန်စွာကူးစက် ပြန့်ပွား နေသည်ဆိုသည့် အချက်တို့ကို အသိပေးပြောကြား စေလိုပါကြောင်း၊ အကျဉ်းထောင်များ၌ COVID-19 ဖြစ်ပွားသူတစ်ဦးတွေ့ရှိပါက အခြားများစွာသော အကျဉ်းသားများ၌လည်း ကူးစက်ပြီးဖြစ်နေနိုင်သည် ဖြစ်ပါကြောင်း၊

• အကျဉ်းထောင်များသည် စည်ကမ်း၊ စည်းမျဉ်းများဖြင့် အမြဲလုပ်ဆောင်နေခြင်းဖြစ်သဖြင့် အကျဉ်းသား များအား ရောဂါကာကွယ်ရေးစည်းကမ်းများချမှတ်ပေးရာ၌ လွယ်ကူပြီး လိုက်နာဆောင်ရွက်မှု အားကောင်းမည်ဟု ထင်မြင်ပါကြောင်း၊

• ထို့အပြင် အကျဉ်းထောင်ဝန်ထမ်းများ အနေဖြင့်လည်း ပါးစပ်နှင့်နှာခေါင်းစည်း (mask) အပြင် မျက်နှာအကာ (face shield) ကိုပါတပ်ဆင်စေလိုပါကြောင်း၊

• ယခုအစည်းအဝေးသို့ တက်ရောက်လာကြသူများက သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များ၏ လက်ရှိအခြေအနေအရပ်ရပ်နှင့်အညီ ပွင့်လင်းပြတ်သားစွာ ဆွေးနွေးကြစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။

 

 

     ထို့နောက် အကျဉ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်စိုးက -

• နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်များ၊ စိုက်ပျိုးရေးစခန်းများနှင့် ကုန်ထုတ်ရေးစခန်းများ အရေအတွက်၊

• အကျဉ်းထောင်ကျန်းမာရေးလုပ်ငန်းများအား စီမံချက်များချမှတ်ဆောင်ရွက်နေမှု၊

• ယခင်က COVID-19 ကာကွယ်ရေးစည်းကမ်းများဖြင့် ထောင်ဝင်စာပေးတွေ့ခဲ့သော်လည်း စက်တင်ဘာလဆန်းပိုင်းမှ စတင်ကာ ထောင်ဝင်စာတွေ့မှုအား ခေတ္တပိတ်ထားမှု၊

• အကျဉ်းထောင်များတွင် ရောဂါကာကွယ်ရေးစည်းကမ်းများချမှတ်ဆောင်ရွက်နေမှု၊

• ရောဂါကာကွယ်ရေး အသုံးအဆောင်နှင့် ပစ္စည်းကိရိယာများ ဝယ်ယူထားမှု၊

• အကျဉ်းသားအသစ်များ၊ အချုပ်သားအသစ်များ ရောက်ရှိလာပါက အကျဉ်းသားဟောင်းများ၊ အချုပ်သားဟောင်းနှင့် ရောနှောမထားသေးဘဲ သီးခြားအဆောက်အဦတွင် (၁၄) ရက်ထားရှိပြီး သီးခြား အဆောင်နေရာတွင် နောက်ထပ် (၇) ရက်ကြာထားရှိမှု၊

• အကျဉ်းသားအသစ်များနှင့် အကျဉ်းကျခံမှုကာလပြည့်မြောက်ပြီး လွှတ်မြောက်သူများအား COVID-19 ရောဂါ ရှိ/ မရှိ စစ်ဆေးပေးနိုင်ရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ကူညီပံ့ပိုးပေးရန် စသည်တို့ကိုလည်းကောင်း၊

ဆက်လက်၍ အကျဉ်းဦးစီးဌာန၊ ဆေးမှူးချုပ် ဒေါက်တာသန့်ဇော်ဝင်းက -

• အကျဉ်းထောင်များတွင် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များကို အခြေခံ၍ ညွှန်ကြားချက်စာ (၈၃) ကြိမ် ထုတ်ပြန်ပြီး အလေးထားဆောင်ရွက်နေမှု၊

• (၂၀၁၉) ခုနှစ် ဇူလှိုင်လတွင် ပြုလုပ်ခဲ့သော "အကျဉ်းထောင်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပိုမိုတိုးတက်ကောင်းမွန်စေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး" ထွက်ပေါ်ခဲ့သော လုပ်ငန်းများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ပူးပေါင်းကာ ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊

• ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ပူးပေါင်းကာ အကျဉ်းထောင်များတွင် HIV ရောဂါနှင့် တီဘီတိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက်အောင်မြင်နေမှုများ၊

• အသည်းရောင်အသားဝါ (စီ) ရောဂါစစ်ဆေးခြင်းနှင့် ကုသခြင်းလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ အသည်းအရောင်းအသားဝါ ရောဂါတိုက်ဖျက်ရေး စီမံချက်နှင့် ပူးပေါင်းဆောင်ရွက်နေမှုများ၊

• ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ပံ့ပိုးပေးရန် ကိစ္စရပ်များ ကိုလည်းကောင်း အသီးသီး တင်ပြခဲ့ပါသည်။

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ရောဂါနှိမ်နင်းရေး) ဒေါက်တာသန္တာလွင်က -

• လက်ရှိ မြန်မာနိုင်ငံတွင် COVID-19 ဖြစ်ပွားနေမှုအခြေအနေများ၊ သာယာဝတီအကျဉ်းထောင်နှင့် အခြားအချုပ်ခန်းများတွင် COVID-19 ဖြစ်ပွားတွေ့ရှိမှုအတွက် ကွင်းဆင်းအဖွဲ့စေလွှတ် ဆောင်ရွက်ခဲ့မှု နှင့် အကျဉ်းထောင်များတွင် COVID-19 ကာကွယ်ထိန်းချုပ်ရေးအတွက် ဆောင်ရွက်မည့် နည်းဗျူဟာများနှင့် လုပ်ငန်းစဉ်များကို အကျဉ်းချုပ်ရှင်းလင်းတင်ပြခဲ့ပါသည်။

ညွှန်ကြားရေးမှူး (ရောဂါနှိမ်နင်းရေး) ဒေါက်တာစည်သူအောင်က-

• သာယာဝတီအကျဉ်းထောင်တွင် COVID-19 ဖြစ်ပွားတွေ့ရှိမှုအတွက် ကွင်းဆင်းဆောင်ရွက်ခဲ့မှုနှင့် သာယာဝတီအကျဉ်းထောင်တွင် COVID-19 ကာကွယ်ရေးကိစ္စရပ်များ အကြံပြုဆောင်ရွက်ခဲ့မှုတို့ကို တင်ပြခဲ့ပြီး၊

• အကျဉ်းထောင်များတွင် COVID-19 ကာကွယ်ထိန်းချုပ်ရေးနှင့် ပတ်သက်၍ အကျဉ်းသားသစ်များအား COVID-19 ရောဂါ စစ်ဆေးရန်၊ အကျဉ်းသားသစ်များကို သီးခြားထားရှိရာတွင် ရောက်ရှိသည့် ရက်တူသူများကိုသာ အဖွဲ့လိုက်အတူတူထားရှိရန်နှင့် ရောက်ရှိရက်မတူသူများအား အတူတူထားရှိခြင်း မပြုလုပ်ရန်၊ COVID-19 ရောဂါပိုးတွေ့ရှိသည့် အကျဉ်းသားများ အတွက် သီးခြားထားရှိ ကုသရန် အဆောင်နေရာထားရှိရန်၊ ပြင်းထန်သည့် ရောဂါလက္ခဏာရှိသူများအား စနစ်တကျလွှဲပြောင်းကုသမှု ပေးရေး စီစဉ်ဆောင်ရွက်ရန်၊ အကျဉ်းထောင်များတွင် ရောဂါစောင့်ကြပ်ကြည့်ရှုမှု လုပ်ငန်းများ တင်းကြပ်စွာဆောင်ရွက်ရန် နှင့် နေ့စဉ် သတင်းပေးပို့ရန်နှင့် အကျဉ်းထောင်မှ လွှတ်မြောက်သူများအား COVID-19 ရောဂါစစ်ဆေးရန် တို့ကို အကြံပြုတင်ပြခဲ့ပါသည်။

 

 

     ထို့နောက် အစည်းအဝေးသို့ Videoconferencing စနစ်ဖြင့် တက်ရောက်လာကြသည့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေး ဦးစီးဌာနမှူးများက -

• တိုင်းဒေသကြီး/ ပြည်နယ်အလိုက် အကျဉ်းထောင်နှင့် အကျဉ်းဌာနများ၏ အခြေအနေ၊

• အကျဉ်းဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်နေမှုများ၊

• ရောဂါစောင့်ကြပ်ကြည့်ရှုမှုသတင်းများ ပေးပို့ရန် ကိစ္စရပ်များ၊

• လူနာလွှဲပြောင်းပို့ဆောင်ရေးဆိုင်ရာ ကိစ္စရပ်များ၊

• ဝန်ကြီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက အကျဉ်းဦးစီးဌာနတွင် တွဲဖက်တာဝန် ထမ်းဆောင် နေမှုများနှင့်

• အကျဉ်းသားအသစ်များနှင့် အကျဉ်းကျခံမှုကာလပြည့်မြောက်ပြီး လွှတ်မြောက်သူများအား COVID-19 ရောဂါ ရှိ/ မရှိ စစ်ဆေးရန်အတွက် ဓာတ်ခွဲနမူနာရယူခြင်းအား အကျဉ်းဦးစီးဌာနမှ ဝန်ထမ်းများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ သင်တန်းပြုလုပ် ပြသရန် ကိစ္စရပ်များ စသည်တို့အား အသီးသီးတင်ပြခဲ့ကြပါသည်။

     ဆက်လက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က -

• COVID-19 ရောဂါ ရှိ/ မရှိ စစ်ဆေးရန်အတွက် စစ်ဆေးမည့်သူ အရေအတွက်အား အကျဉ်းဦးစီး ဌာနအနေမှ စာရင်းပြုစုပေးပို့ရန်နှင့်

• အကျဉ်းဦးစီးဌာနအနေဖြင့် အကျဉ်းထောင်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် မိမိတို့ဝန်ကြီး ဌာနမှ ပံ့ပိုးပါဝင်ရမည့်ကိစ္စရပ်များအား ဆန်းစစ်မှုများ ပြုလုပ်ပေးပို့ရန် တို့ကို အကြံပြု ပြောကြားခဲ့ပါသည်။

     ထို့နောက် ပြည်ထောင်စုဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်က -

• အကျဉ်းထောင်များကဲ့သို့ လူများစုဝေးနေထိုင်ရာနေရာများသည် COVID-19 ကူးစက်ပြန့်ပွားရန် လွယ်ကူသော နေရာများဖြစ်သဖြင့် လုပ်ငန်းများကို အလေးထားဆောင်ရွက် ကြရမည် ဖြစ်ပြီး မိမိတို့ ဝန်ကြီးဌာနအနေဖြင့် အကျဉ်းဦးစီးဌာနနှင့် ပူးပေါင်း လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ယင်းနောက် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးဦးနှင့် အစည်းအဝေးသို့ တက်ရောက်လာကြသူများက အထွေထွေဆွေးနွေးမှုနှင့် အကြံပြုမှုတို့ကို ဆောင်ရွက်ခဲ့ပြီး ဆက်လက်လုပ်ဆောင်ရမည့် လုပ်ငန်းများကို ချမှတ်ခဲ့ကြပါသည်။

     ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက နိဂုံးချုပ် အမှာစကားပြောကြားရာတွင် -

• အကျဉ်းထောင်များတွင် COVID-19 စစ်ဆေးမှုများပြုလုပ်နိုင်ရန်အတွက် ဝန်ကြီးဌာနအနေဖြင့် Rapid Antigen Diagnostic Test Kit များ ပံ့ပိုးပေးမည်ဖြစ်ပါကြောင်း၊ စစ်ဆေးရန်  အတွက် လုပ်ငန်းလမ်းညွှန်ကိုလည်း ချက်ချင်း ပေးပို့သွားမည်ဖြစ်ပါကြောင်း၊

• ဓာတ်ခွဲနမူနာရယူများ ရယူရန်အတွက် အကျဉ်းဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သင်ကြားလေ့ကျင့်မှုများ ချက်ချင်းပြုလုပ်ပေးသွားမည် ဖြစ်ပါကြောင်း၊

• ဒုတိယညွှန်ကြားရေးမှူးချုပ် (ရောဂါနှိမ်နင်းရေး) ဦးစီးသော အဖွဲ့မှ COVID-19 ရောဂါဆိုင်ရာ သတင်းအချက်အလက်များကို အကျဉ်းဦးစီးဌာနသို့ ပုံမှန်ပေးပို့ပေးသွားမည်ဖြစ်ပါကြောင်း၊

• အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) နှင့် ပူးပေါင်း၍ အကျဉ်းထောင်ကျန်းမာရေးကိစ္စရပ်များကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊

• အကျဉ်းထောင်များ၌ ဆောင်ရွက်ရန် COVID-19 ကာကွယ်ထိန်းချုပ်ရေး စည်းကမ်းများကိုလည်း မွမ်းမံရေးဆွဲကာ ချက်ချင်း ပေးပို့သွားမည်ဖြစ်ပါကြောင်း၊

• အကျဉ်းကျခံနေရသူများတွင် သွေးတိုး၊ ဆီးချို၊ ကျောက်ကပ်၊ ခုခံကျ (HIV)၊ တီဘီရောဂါစသည့် နာတာရှည်ရောဂါနှင့် အခံရောဂါရှိသူများအား စာရင်းပြုစုထားရန်နှင့် ၎င်းတို့အား ရောဂါကာကွယ်ရေး စည်းကမ်းများ အထူးလိုက်နာစေရေး ကြီးကြပ်ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊

• အကျဉ်းထောင်ကျန်းမာရေးလုပ်ငန်းများကို ရေရှည်ကာလ စီမံချက်အသွင်ဖြင့် ဆောင်ရွက်သွားရမည် ဖြစ်ပြီး မိမိတို့ဝန်ကြီးဌာနမှ အတတ်နိုင်ဆုံးပံ့ပိုးပေးသွားမည် ဖြစ်ပါကြောင်း၊

• အကျဉ်းထောင်များ၌လည်း ကျန်းမာရေးအသိပညာမြှင့်တင်ရေးနှင့် ပြည်သူ့ကျန်းမာရေးလုပ်ငန်းများကို ရေရှည်ကာလအတွက် မျှော်မှန်းကာ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊

• ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် မြန်မာနိုင်ငံရှိ အကျဉ်းထောင်များအားလုံးကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ရည်မှန်းချက်ဖြစ်သော ကျန်းမာရေးအဆင့်မြင့်အကျဉ်းထောင် (health promoting prison) ရရှိရန် အတွက် အကျဉ်းဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

 

More Tags