ညောင်ရွှေမြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး စတင်ထိုးနှံခြင်း ဖွင့်ပွဲအခမ်းအနား ကျင်းပ

ညောင်ရွှေမြို့၊၂၀၂၀ပြည့်နှစ်၊အောက်တိုဘာလ(၂၀)ရက်

      သားအိမ်ခေါင်းကင်ဆာ (HPV) ကာကွယ်ဆေး စတင်ထိုးနှံခြင်း ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာ ၂၀ ရက် နံနက် ၉ နာရီခွဲက ညောင်ရွှေမြို့ နန္ဒဝန်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပပါသည်။ ရှေးဦးစွာ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံခြင်း အခမ်းအနားကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနေမျိုး၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ဝင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်ထွန်းနှင့် မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကောင်းမြတ်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။ ဆက်လက်ပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့က အသီးသီးအမှာစကား ပြောကြားပြီး မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကောင်းမြတ်က သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး (HPV) နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပါသည်။


     ထို့နောက် အသက် ၉ နှစ်မှ ၁၀ နှစ်အထိ မိန်းကလေးများ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး ထိုးနှံနေမှုကို ကြည့်ရှုအားပေးခဲ့သည်။ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး (HPV)ကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်အစီအစဉ်တွင် ယခုနှစ်မှ စတင်ထည့်သွင်း ထိုးနှံပေးခြင်းဖြစ်ပြီး ညောင်ရွှေမြို့နယ်တွင် အသက် ၉ နှစ်မှ ၁၀ နှစ်အထိ မိန်းကလေး (၁၇၈၂)ဦးကို ထိုးနှံပေးသွားမည် ဖြစ်ပါသည်။

 

More Tags