အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ၏ ဌာနေကိုယ်စားလှယ် Mr. Stephan Sakaliane နှင့် အဖွဲ့အား ပြည်ထောင်စုဝန်ကြီး Videoconferencing စနစ်ဖြင့် လက်ခံတွေ့ဆုံ

နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ အောက်တိုဘာလ (၂၁) ရက်နေ့

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နေ့လယ်ပိုင်းတွင် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ၏ ဌာနေကိုယ်စားလှယ် Mr. Stephan Sakaliane နှင့် အဖွဲ့အား Videoconferencing စနစ်ဖြင့် လက်ခံတွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံခဲ့ရာတွင် ICRC မှ မြန်မာနိုင်ငံတွင် ဆောင်ရွက်နေသည့် လုပ်ငန်းများ၊ (၂၀၂၁) ခုနှစ်တွင် ဆောင်ရွက်လိုသည့်လုပ်ငန်းများနှင့် ICRC အဖွဲ့ဝင်များ COVID-19 ဖြစ်ပွားပါက သယ်ယူ ရွေ့ပြောင်းရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ နှစ်ဖက်ဆွေးနွေးခဲ့ကြပါသည်။

Mr. Stephan Sakaliane က ပြောကြားရာတွင် -

• ICRC အနေဖြင့် ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ပဏာမကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ၊ မိခင်ကျန်းမာရေး၊ ကလေးကျန်းမာရေးလုပ်ငန်းများ၊ ဆေးရုံနှင့် ကျန်းမာရေးဌာနပိုင်းဆိုင်ရာ ပံ့ပိုးမှု၊ ကျန်းမာရေး အဆောက်အဦပိုင်းဆိုင်ရာ ပံ့ပိုးမှုများစသည့် ကျန်းမာရေးကဏ္ဍဆိုင်ရာ လုပ်ငန်းများ ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားရန် သဘောတူညီမှု စာချွန်လွှာရေးထိုး ဆောင်ရွက်လျက်ရှိပါကြောင်း၊

• ယခုလက်ရှိ၌ ရခိုင်ပြည်နယ်တွင် COVID-19 ဖြစ်ပွားနေမှုနှင့် လုံခြုံရေးအခြေအနေကြောင့် အဆိုပါလုပ်ငန်းများကို ခေတ္တရပ်ဆိုင်းထားရပြီး ICRC အဖွဲ့အနေဖြင့် အရေးကြီး လုပ်ငန်းများ ဖြစ်သော အရေးပေါ်လူနာများသယ်ယူပို့ဆောင်မှုနှင့် လူနာလွှဲပြောင်းကုသမှု လုပ်ငန်းများ ဆက်လက် ဆောင်ရွက်နိုင်ရန် ကြိုးပမ်းလျက်ရှိပါကြောင်း၊

• အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သည် မြန်မာနိုင်ငံကြက်ခြေနီအသင်း (MRCS) အား ဘဏ္ဍာငွေ၊ ပစ္စည်းနှင့် နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးမှုများ ပေးအပ်ကာ လုပ်ငန်းများ ပူးပေါင်းဆောင်ရွက် လျက်ရှိပါကြောင်း၊

• ICRC အနေဖြင့် စစ်တွေပြည်သူ့ဆေးရုံကြီး အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများတွင် ပံ့ပိုးပါဝင်ဆောင်ရွက်လျက်ရှိပြီး ယခု COVID-19 ဖြစ်ပွားနေစဉ်တွင်လည်း အောက်ဆီဂျင်သိုလှောင်ရုံနှင့် အောက်ဆီဂျင်ထုတ်စနစ်များ တပ်ဆင်ခြင်းတွင် ပံ့ပိုးပါဝင်ခဲ့ပါကြောင်း၊

• ယခု COVID-19 ဖြစ်ပွားနေစဉ် ကာလ၌ ICRC အနေဖြင့် ရခိုင်ပြည်နယ်ရှိ ကျန်းမာရေးဌာနများအတွက် ဆေးနှင့် ဆေးပစ္စည်းများပံ့ပိုးခြင်း၊ ပြည်သူများအား ကျန်းမာရေး အသိပညာ ပေးနှိုးဆော်ခြင်း၊ အသွားအလာ ကန့်သတ်ရာနေရာများနှင့် နယ်စပ်ဝင်၊ ထွက်ပေါက်များတွင် ရောဂါစောင့်ကြပ်ကြည့်ရှုမှု လုပ်ငန်းများတွင်လည်း ပါဝင်ဆောင်ရွက်လျက်ရှိပါကြောင်း၊

• ထို့အပြင် စစ်ဘေးရှောင်စခန်းများနှင့် ယာယီစခန်းများတွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၊ အကျဉ်းထောင်ကျန်းမာရေးလုပ်ငန်းများ၊ COVID-19 ဓာတ်ခွဲနမူနာများ သယ်ယူပို့ဆောင်ခြင်းနှင့် ထိခိုက်ဒဏ်ရာရ လူနာများအား အရေးပေါ် သယ်ယူရွှေ့ပြောင်းပေးခြင်းတို့ကိုလည်း ဆောင်ရွက်လျက် ရှိပါကြောင်း၊


• ရခိုင်ပြည်နယ်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့သူများအတွက် ကိုယ်ခန္ဓာပြန်လည်သန်စွမ်းရေး (Physical Rehabilitation) လုပ်ငန်းများအား စစ်တွေပြည်သူ့ဆေးရုံကြီး၌ ပူးပေါင်းဆောင်ရွက် သွားလိုပါကြောင်း၊

• ရခိုင်ပြည်နယ်တွင် COVID-19 ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ၊ အခြားသော ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ပိုမိုကောင်းမွန်စေရေးအတွက် မိမိတို့ ICIRC အနေဖြင့် မိမိတို့ တတ်စွမ်းသရွေ့ ပါဝင်ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊

• ရခိုင်ပြည်နယ်တွင် လုပ်ငန်းများဆောင်ရွက်ရာတွင် ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေး ဦးစီးဌာနမှူး၏ ပူးပေါင်းဆောင်ရွက်မှုကောင်းမွန်မှုအား ကျေးဇူးတင်ရှိပါကြောင်း၊

• ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ICRC အနေဖြင့် ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးများနှင့် ပူးပေါင်းလက်တွဲ ဆောင်ရွက်လျက်ရှိပြီး တိုင်းရင်းသားကျန်းမာရေး အဖွဲ့အစည်းများအား ပစ္စည်းကိရိယာနှင့် နည်းပညာပိုင်းဆိုင်ရာများ ပံ့ပိုးမှုများပေးအပ် ဆောင်ရွက်လျက် ရှိပါကြောင်း၊

• ရှမ်းပြည်နယ်တွင် ဆောင်ရွက်နေသည့် လုပ်ငန်းများအား COVID-19 ဖြစ်ပွားမှုများကြောင့် ရပ်ဆိုင်းနေရပြီး အတတ်နိုင်ဆုံး ပြန်လည်စတင်လိုပါကြောင်း၊

• ICRC သည် ရန်ကုန်တိုင်းဒေသကြီးတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် ပူးပေါင်းကာ COVID-19 ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ၌ ပါဝင်ဆောင်ရွက်လျက်ရှိပါကြောင်း၊

• ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ICRC တို့သည် ရခိုင်၊ ကချင်နှင့် ရှမ်းပြည်နယ်တို့တွင် ကျန်းမာရေးစောင့်ရှောက်မှုများ အားဖြည့်မြှင့်တင်ရေးအတွက် သဘောတူညီမှုစာချွန်လွှာ (၃) ခုကို လက်မှတ်ရေးထိုးခဲ့ပါကြောင်း၊

အဆိုပါလုပ်ငန်းများကို ထိရောက်စွာဆောင်ရွက်နိုင်ရန်အတွက် ICRC ၏ မြန်မာနိုင်ငံဆိုင်ရာ (၂၀၂၁) ခုနှစ် ဘဏ္ဍာငွေများကို တိုးမြှင့်သုံးစွဲမည်ဖြစ်ပြီး လူ့စွမ်းအားအရင်းအမြစ်လည်း ပိုမိုသုံးစွဲ သွားမည်ဖြစ်ပါကြောင်း၊

• ICRC ၏ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာများကိုလည်း နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနတို့သို့ (၂) ပတ်လျှင် (၁) ကြိမ် ပေးပို့လျက်ရှိပါကြောင်း၊

• ICRC အဖွဲ့ဝင်များ COVID-19 ဖြစ်ပွားပါက အရေးပေါ်သယ်ယူရွေ့ပြောင်းရေးဆိုင်ရာ အစီအစဉ်ကိုလည်း တင်ပြထားပါကြောင်း ပြောကြားခဲ့ပြီး လုပ်ငန်းဆောင်ရွက်မှု အချက်အလက် များကို တင်ပြခဲ့ပါသည်။


ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဆွေးနွေးပြောကြားရာတွင် -

• ဝန်ကြီးဌာနအနေဖြင့် ရခိုင်ပြည်နယ်တွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို အထူး အလေးထားကာ ဘဏ္ဍာရေး၊ လူ့စွမ်းအား၊ ဆေးနှင့်ဆေးပစ္စည်းစသည့် ဘက်ပေါင်းစုံမှ အားဖြည့် ဆောင်ရွက်လျက်ရှိပါကြောင်း၊

• ရခိုင်ပြည်နယ်တွင် ဝန်ကြီးဌာနလုပ်ငန်းများဆောင်ရွက်မှုများ၊ ICRC နှင့် ပူးပေါင်းဆောင်ရွက်မှုများကို နိုင်ငံတကာမှ သိရှိနိုင်စေရန်အတွက်ကိုလည်း အလေးထားဆောင်ရွက်ရန် လိုအပ်ကြောင်း၊

• လုပ်ငန်းများပိုမိုကောင်းမွန်စေရေးအတွက် ဝန်ကြီးဌာနတွင် ICRC နှင့် ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းများအား စောင့်ကြည့်အကဲဖြတ်မှုနှင့် ပံ့ပိုးမှုဆိုင်ရာ (focal) အဖွဲ့တစ်ခုကိုဖွဲ့စည်း သွားမည် ဖြစ်ပါကြောင်း၊

• ICRC အနေဖြင့် ဝန်ကြီးဌာန၏ အဆိုပါအဖွဲ့နှင့် ပုံမှန်ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်ကာ လုပ်ငန်းများ ဆောင်ရွက်နိုင်မည်ဖြစ်ပြီး ဝန်ကြီးဌာနမှ ပံ့ပိုးရမည် ကိစ္စရပ်များအားလည်း အဆိုပါအဖွဲ့ထံသို့ ဆက်သွယ်ပြောကြားနိုင်ပါကြောင်း၊

• ပုံမှန်ဆောင်ရွက်နေသော အကျဉ်းထောင်ကျန်းမာရေးစောင့်ရှောက်မှုကိစ္စရပ်များ၊ အကျဉ်းထောင်များတွင် COVID-19 ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ၎င်းကိစ္စရပ် များအား တာဝန်ယူ ဆောင်ရွက်နေသည့် ညွှန်ကြားရေးမှူး (ရောဂါနှိမ်နင်းရေး)နှင့် အသေးစိတ် ဆွေးနွေးဆောင်ရွက် စေလိုပါကြောင်း၊

• ICRC ၏ မြန်မာနိုင်ငံဆိုင်ရာ (၂၀၂၁) ခုနှစ် ဘဏ္ဍာငွေအား အမေရိကန်ဒေါ်လာ (၅၇) သန်းအသုံးပြုသွားမည်နှင့် လူ့စွမ်းအားအရင်းအမြစ်များပိုမိုတိုးမြှင့်ရန် ဝန်ထမ်းများခန့်အပ်ရာ၌ မြန်မာနိုင်ငံသားများကိုလည်း ပိုမိုခန့်အပ်ပေးမည့် အစီအစဉ်တို့မှာ ကောင်းမွန်ပါကြောင်း၊

• ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ရာတွင် လူမျိုး၊ ဘာသာ၊ ကျား၊ မ ခွဲခြားဘက်လိုက်မှု မရှိဘဲ လိုအပ်သူများကို လိုအပ်သည့် အကူအညီပေးရန်မှာ အထူးအရေး ကြီးကြောင်း၊

• ICRC ၏ ကျန်းမာရေးကဏ္ဍဆိုင်ရာ ဆောင်ရွက်မှုများနှင့် ပတ်သက်၍ မိမိအနေဖြင့် အသိအမှတ်ပြု ထောက်ခံပါကြောင်း၊ ICRC အဖွဲ့သည် မြန်မာနိုင်ငံ၌ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများတွင် များစွာပူးပေါင်း ပံ့ပိုးဆောင်ရွက်နေမှုများသည် ကောင်းမွန်ပါကြောင်း၊

• ကျိုင်းတုံနှင့် မြစ်ကြီးနားမြို့များတွင် ကိုယ်ခန္ဓာပြန်လည်သန်စွမ်းရေးစင်တာများဖြင့် လုပ်ငန်းဆောင်ရွက်နေမှုများသည် ကောင်းမွန်ပြီး စစ်တွေပြည်သူ့ဆေးရုံကြီး၌ ကိုယ်ခန္ဓာပြန်လည် သန်စွမ်းရေး (Physical Rehabilitation) လုပ်ငန်းများအား ပူးပေါင်းဆောင်ရွက်သွားမည်မှာ ကောင်းမွန်သဖြင့် သဘောတူပါကြောင်း ပြောကြားခဲ့ပါသည်။

ထိုသို့တွေ့ဆုံမှုတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း၊ ညွှန်ကြားရေးမှူးချုပ် (ပြည်ထောင်စုဝန်ကြီးရုံး) ဒေါက်တာ သာထွန်းကျော်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ရောဂါနှိမ်နင်းရေး) ဒေါက်တာသန္တာလွင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ကူးစက်) ဒေါက်တာထွန်းတင်၊ ညွှန်ကြားရေးမှူး (ကုသရေး) ဒေါက်တာမိုးခိုင်နှင့် တာဝန်ရှိသူများ၊ ICRC မှ Health Coordinator ဖြစ်သူ Ms. Eliana Silvina OLAIZOLA နှင့် Senior Advisor ဖြစ်သူ ဦးညွန့်အုန်းတို့ တက်ရောက်ခဲ့ပါသည်။

 
 

More Tags