မိုးနဲမြို့၌ ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်တွင် အိတ်ခ်ျပီဗီ(HPV) သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး ထည့်သွင်းထိုးနှံခြင်း မြို့နယ်အဆင့် ဖွင့်ပွဲအခမ်းအနားကျင်းပ

မိုးနဲမြို့၊၂၀၂၀ပြည့်နှစ်၊အောက်တိုဘာလ(၂၁)ရက်

     ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်တွင် အိတ်ချ်ပီဗီ(HPV) သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး စတင်ထည့်သွင်းထိုးနှံခြင်း မြို့နယ်အဆင့် ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာလ ၂၀ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်က ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ်သူ့ဆေးရုံဝင်းရှိ မိခင်နှင့်ကလေး ကျန်းမာ‌ရေးဌာန၌ ပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရှိ MICC (2) ခန်းမ၌ ကျင်းပပြုလုပ်သည့် “ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်တွင် အိတ်ချ်ပီဗီ (HPV) ကာကွယ်ဆေး စတင်ထည့်သွင်းထိုးနှံခြင်း ဗဟိုအဆင့်ဖွင့်ပွဲ အခမ်းအနား” ကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ Facebook စာမျက်နှာမှတစ်ဆင့် တိုက်ရိုက်ထုတ်လွှင့်မှုကို တက်ရောက်လာ‌သော ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ပြည်သူများ ကြည့်ရှုနိုင်ရန်အတွက် ပြသဆောင်ရွက်ခဲ့ပြီး မြို့နယ်အဆင့် အိတ်ခ်ျပီဗီ (HPV) ကာကွယ်ဆေးထည့်သွင်းထိုးနှံခြင်း ဖွင့်ပွဲ‌နေ့အဖြစ် မြို့နယ်ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာဇင်မီဟန်နှင့် ကျန်းမာရေးဝန်ထမ်းများက အသက် ၉ နှစ်မှ ၁၀ နှစ်အထိ အမျိုးသမီးငယ် ၁၀ ဦးကို အိတ်ခ်ျပီဗီ(HPV) သားအိမ်ခေါင်း ကင်ဆာကာကွယ်ဆေး စတင်ထိုးနှံပေးကာ မြို့နယ်ကျန်းမာရေးဦးစီးဌာနတွင် မှတ်တမ်းတင်ထားရှိပြီး ကလေးငယ်များအားလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပါသည်။ မိုးနဲမြို့နယ်အတွင်း အသက် ၉ နှစ်မှ ၁ဝ နှစ်အထိ မိန်းကလေးဦးရေပေါင်း ၄၃၂ ဦးရှိကာ ကျန်ရှိသော ရပ်ကွက်‌နှင့် ကျေးရွာအုပ်စုများရှိ မိန်းကလေးငယ်များကိုလည်း အိတ်ခ်ျပီဗီ (HPV) ကာကွယ်ဆေး ဆက်လက်ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

 

 

More Tags