ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်း၌ သားအိမ်ခေါင်းရောဂါ ကာကွယ်ဆေး (အိတ်ချ်ပီဗီ (Human Papillomavirus Vaccine – HPV) ကာကွယ်ဆေး) စတင်ထည့်သွင်းထိုးနှံခြင်း အစီအစဉ် ဗဟိုအဆင့်ဖွင့်ပွဲအခမ်းအနားကျင်းပ

နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ အောက်တိုဘာလ (၂၀) ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်း၌ သားအိမ်ခေါင်းရောဂါ ကာကွယ်ဆေး (အိတ်ချ်ပီဗီ (Human Papillomavirus Vaccine – HPV) ကာကွယ်ဆေး) စတင်ထည့်သွင်းထိုးနှံခြင်း အစီအစဉ် ဗဟိုအဆင့်ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ (၁) နာရီတွင် နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန - ၂ (MICC-2) ၌ COVID-19 ကာကွယ်ရေးစည်းကမ်းများနှင့်အညီ ကျင်းပခဲ့ပါသည်။

ရှေးဦးစွာ အခမ်းအနားတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အဖွင့် မိန့်ခွန်းဗီဒီယိုကို ပြသခဲ့ပါသည်။

(နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိလ်၏ အဖွင့်မိန့်ခွန်း အပြည့်အစုံကို သီးခြားဖော်ပြ ထားပါသည်။)

 

     ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် -

• ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် COVID-19 ကာကွယ်ထိန်းချုပ်ရေးနှင့် ကုသရေး လုပ်ငန်းများကို ဆောင်ရွက်နေရုံသာမက အခြားသော ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကိုလည်း လစ်ဟင်းမှုမရှိစေရေးဆောင်ရွက်လျက်ရှိပါကြောင်း၊

• ဝန်ကြီးဌာန၏ ကျန်းမာရေးစီမံချက် (၄၀) ကျော်အနက် တစ်ခုအပါအဝင်ဖြစ်သော တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းစီမံချက်သည် ပြည်သူများတွင် ကာကွယ်ဆေးဖြင့် ကာကွယ်နိုင်သော ရောဂါ (၁၂) မျိုးမဖြစ်ပွားစေရေးအတွက် အလွန်အရေးကြီးသည့် လုပ်ငန်းများဆောင်ရွက်နေသည် ဖြစ်သဖြင့် ရပ်တန့်နေ၍ မရပါကြောင်း၊

• သားအိမ်ခေါင်းရောဂါကာကွယ်ဆေး (အိတ်ချ်ပီဗီ (Human Papillomavirus Vaccine – HPV) ကာကွယ်ဆေး) ကို ဝန်ကြီးဌာန၏ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းစီမံချက်၏ (၁၃) ခု မြောက်သော ရောဂါကာကွယ်ဆေးအဖြစ် ယခုလ (၂၀) ရက်နေ့မှ စတင်၍ ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်တွင် အခမဲ့ထည့်သွင်းထိုးနှံခြင်းဖြစ်ပါကြောင်း၊

• မြန်မာနိုင်ငံတွင် အသက် (၉) နှစ်မှ (၁၀) နှစ်အရွယ် မိန်းကလေး (၄၅၀,၀၀၀) ကျော်ခန့်ကို သားအိမ်ခေါင်းရောဂါကာကွယ်ဆေးထိုးနှံပေးသွားမည်ဖြစ်ပါကြောင်း၊

• လတ်တလောတွင် မိမိအိမ်တွင်နေထိုင်ရေး (Stay at home) အစီအစဉ်တွင် အကျုံးဝင်သော မြို့နယ်များတွင် စတင်ထိုးနှံခြင်းမပြုသေးဘဲ (Stay at home) အစီအစဉ်ပယ်ဖျက်ပြီးသည်နှင့် တစ်ပြိုင်နက် သက်ဆိုင်ရာမြို့နယ်တွင် စတင်ထိုးနှံသွားမည်ဖြစ်ပါကြောင်း၊

• စာသင်ကျောင်းများပြန်လည်ဖွင့်လှစ်ပါကလည်း ကျောင်းအခြေပြုကာကွယ်ဆေးထိုးအစီအစဉ်များတွင် စတင်ထိုးနှံသွားမည်ဖြစ်ပါကြောင်း၊

• မြန်မာနိုင်ငံ၌ ယခုစတင်ထိုးနှံမည့် သားအိမ်ခေါင်းရောဂါကာကွယ်ဆေးသည် သားအိမ်ခေါင်း ရောဂါဖြစ်ပွားစေသည့် အိတ်ချ်ပီဗီ (HPV) ရောဂါပိုး (၄) မျိုးကိုကာကွယ်နိုင်သော လေးမျိုးစပ် ကာကွယ်ဆေးဖြစ်ပြီး Gavi, the vaccine alliance မှ မိမိတို့နိုင်ငံအတွက် အထူးဈေးနှုန်းဖြင့် ဝယ်ယူပံ့ပိုးပေးသဖြင့် တစ်ဦးကိုထိုးရန် ဆေးတစ်ကြိမ်စာအတွက် အမေရိကန် (၄.၅) ဒေါ်လာ ကျသင့်မည်ဖြစ်ပြီး တစ်ဦးလျှင် ဆေးနှစ်ကြိမ်ပြည့်အောင် (၁) နှစ်ခြား၍ ထိုးနှံရမည်ဖြစ်ပါကြောင်း၊

• မြန်မာနိုင်ငံတွင် ထိုးနှံမည့် သားအိမ်ခေါင်းရောဂါကာကွယ်ဆေးတန်ဖိုး၏ (၈၀) ရာခိုင်နှုန်းကို Gavi, the vaccine alliance အဖွဲ့မှ ပံ့ပိုးမည်ဖြစ်ပြီး နိုင်ငံတော်မှ ဆေးတန်ဖိုး (၂၀) ရာခိုင်နှုန်းအပြင် အခြားသော လုပ်ငန်းဆောင်ရွက်ရန် ကုန်ကျစရိတ်များကို ကျခံသွားမည်ဖြစ်ပါကြောင်း၊

• မိမိတို့နိုင်ငံသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အရှေ့တောင်အာရှနိုင်ငံများတွင် (၅) နိုင်ငံမြောက် အဖြစ်လည်းကောင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများတွင် (၆) နိုင်ငံမြောက်အဖြစ်လည်းကောင်း သားအိမ်ခေါင်းရောဂါကာကွယ်ဆေးကို တစ်ပြည်လုံးအတိုင်းအတာဖြင့် ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်တွင် ထည့်သွင်း ထိုးနှံနိုင်ခြင်းလည်း ဖြစ်ပါကြောင်း၊

• ယခုကဲ့သို့ သားအိမ်ခေါင်းရောဂါကာကွယ်ဆေးကို ထိုးနှံပေးခြင်းအားဖြင့် သားအိမ်ခေါင်း ကင်ဆာရောဂါ ဖြစ်ပွားမှုများ လျော့နည်းသွားမည့်အပြင် လိင်အင်္ဂါကြွက်နို့ရောဂါ အပါအဝင် အိတ်ချ်ပီဗီ (HPV) ရောဂါပိုးကြောင့် ဖြစ်ပွားသောရောဂါများကို ပါကာကွယ်နိုင်မည်ဖြစ်ပါကြောင်း၊

• အမျိုးသမီးများတွင် သားအိမ်ခေါင်းကင်ဆာရောဂါဖြစ်ပွားမှုလျော့နည်းလာပါက ရောဂါကြောင့် ဝေဒနာခံစားရမှုများ၊ လူမှု-စီးပွားထိခိုက်ပျက်စီးမှုများ၊ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများ၊ အရွယ်မတိုင်မီ သေဆုံးမှုများ သိသာထင်ရှားစွာလျော့နည်းသွားမည်ဖြစ်ပါကြောင်း၊

• သားအိမ်ခေါင်းရောဂါကာကွယ်ဆေးကို အသွားအလာခက်ခဲဒေသများ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသများ၊ တိုင်းရင်းသားဒေသများအားလုံးတွင်လည်း သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များ၏ ပူးပေါင်းပါဝင် ပံ့ပိုးမှုဖြင့် ထိုးနှံပေးသွားမည်ဖြစ်ပါကြောင်း၊

• ထိုသို့ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးတွင် ကာကွယ်ဆေးထိုး/တိုက်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များ၊ တိုင်းဒေသကြီး/ ပြည်နယ်၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးများ၊ မြို့နယ်ဆရာဝန်ကြီးများနှင့် အခြေခံကျန်းမာရေးပညာရှင်များ၏ ပံ့ပိုးပါဝင်မှုများသည် အထူးအရေးကြီးပါကြောင်း၊

• မိမိအနေဖြင့် ကာကွယ်ဆေးများ၏ အကျိုးကျေးဇူးကို အနည်းငယ်ပြောကြားလိုပါကြောင်း၊

 

• အမေရိကန်နိုင်ငံ Johns Hopkins University မှ (၂၀၁၁) မှ (၂၀၂၀) ခုနှစ်အထိ နိုင်ငံ (၉၄) ခုတွင် သုတေသန ပြုလေ့လာမှုများမှ တွေ့ရှိချက်များအရ ရောဂါကာကွယ်ဆေးထိုး လုပ်ငန်း များတွင် အမေရိကန် (၁) ဒေါ်လာရင်းနှီးမြုပ်နှံခြင်းဖြင့် အမေရိကန် (၁၆) ဒေါ်လာနှင့်ညီမျှသော ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများရရှိမည်ဖြစ်ပြီး၊ အမေရိကန် (၄၄) ဒေါ်လာ နှင့် ညီမျှသော လူမှုစီးပွားဆိုင်ရာ အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ပါကြောင်း၊

• ဝန်ကြီးဌာန၏ အမျိုးသားအဆင့် ကာကွယ်ဆေးထိုးလုပ်ငန်းဆိုင်ရာအကြံပေးအဖွဲ့ (NITAG) နှင့် တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းစီမံချက်တို့အနေဖြင့် ကမ္ဘာတစ်ဝန်းရှိ COVID-19 ကာကွယ်ဆေးများ စမ်းသပ်နေမှု သတင်းအခြေအနေများကို အမြဲမပြတ်စောင့်ကြပ်ကြည့်ရှုလျက်ရှိပါကြောင်း၊

• လက်ရှိတွင် ကမ္ဘာတစ်ဝန်းတွင် COVID-19 ကာကွယ်ဆေးအမျိုးမျိုးကိုလည်း စမ်းသပ်လျက်ရှိပြီး မည်သည့်ကာကွယ်ဆေးကမျှ (phase-3 clinical trial) ကို ပြီးမြောက်ခြင်း မရှိသေးပါကြောင်း၊

• စမ်းသပ်မှုအဆင့်ဆင့်ပြီးမြောက်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ အသိအမှတ်ပြု ထောက်ခံသော COVID-19 ကာကွယ်ဆေးပေါ်ပေါက်လာပါက မိမိတို့နိုင်ငံလူဦးရေ၏ (၂၀) ရာခိုင်နှုန်းစာ ကာကွယ်ဆေးများကို ရရှိနိုင်ရေးအတွက် Gavi, the vaccine alliance အဖွဲ့မှ ပံ့ပိုးပေးမည်ဖြစ်ပါကြောင်း၊

• ထိုသို့ပေါ်ပေါက်လာပါက မိမိတို့နိုင်ငံတွင် ထိုးနှံရေးအတွက် ကာကွယ်ဆေးထိုးလုပ်ငန်း အတွေ့အကြုံမြင့်မားသည် ပညာရှင်များ၊ အခြေခံကျန်းမာရေးပညာရှင်များ၊ ကာကွယ်ဆေး ထိန်းသိမ်းထားသိုရန် အအေးလမ်းကြောင်းများ၊ ကာကွယ်ဆေးထိုးလုပ်ငန်းဆိုင်ရာ လုပ်ငန်း လမ်းညွှန်များလည်း အသင့်ရှိပါကြောင်း၊

• ဝန်ကြီးဌာနအနေဖြင့် (၂၀၃၀) ခုနှစ်တွင် အမျိုးသမီး-နှစ် (woman-years) (၁) သိန်းတွင် (၄) အောက်သာ သားအိမ်ခေါင်းကင်ဆာရောဂါဖြစ်ပွားမှုရှိရန်ဟူသည့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ "သားအိမ်ခေါင်းကင်ဆာရောဂါကင်းဝေးရေး" ရည်မှန်းချက် ပြည့်ဝစေရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်း၊

• သားအိမ်ခေါင်းကင်ဆာရောဂါသည် ရောဂါအဆင့်နိမ့်ချိန် သားအိမ်ခေါင်းကင်ဆာအကြိုအဆင့်၌ စောစီးစွာစစ်ဆေး သိရှိကာ၊ စနစ်တကျကုသမှုခံယူပါက ပျောက်ကင်းနိုင်ပါကြောင်း၊

• အသက် (၃၀) မှ (၄၅) နှစ်အတွင်း အမျိုးသမီးများအနေဖြင့် သားအိမ်ခေါင်းအချွဲအမြှေးကို ယူ၍စစ်ဆေးခြင်း (PAP Smear) ဖြင့် သားအိမ်ခေါင်းကင်ဆာရောဂါကို စစ်ဆေးမှုခံယူသင့် ပါကြောင်း၊

• ဝန်ကြီးဌာနအနေဖြင့် ထိုသို့စစ်ဆေးမှုများကို ပိုမိုကျယ်ပြန့်စွာဆောင်ရွက်နိုင်ရေးအတွက် ဆက်လက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊

• သားအိမ်ခေါင်းရောဂါကာကွယ်ဆေးဆိုင်ရာ အသိပညာများ၊ သားအိမ်ခေါင်းကင်ဆာ ရောဂါဆိုင်ရာ ကျန်းမာရေးအသိပညာများကို ဝန်ကြီးဌာနမှ ပိုစတာများ၊ လက်ကမ်းစာစောင်များ၊ လူမှုကွန်ရက်နှင့် အင်တာနက်စာမျက်နှာများမှ တစ်ဆင့်ဖြန့်ဝေပေးလျက်ရှိပြီး ပြည်သူများကလည်း မိမိတို့ ပတ်ဝန်းကျင်၊ မိမိတို့၏မိတ်ဆွေများသို့လည်းကောင်း၊ ကျောင်းများပြန်လည် ဖွင့်လှစ်ချိန်တွင်လည်း ဆရာ၊ ဆရာမများက ကျောင်းသား/သူများထံသို့လည်းကောင်း အသိပညာများ မျှဝေးပေးကြစေလိုပါကြောင်း၊

• ပြည်သူများအနေဖြင့် မိမိတို့ အိမ်နီးနားချင်းများ၏ အသက် (၉) နှစ်မှ (၁၀) နှစ်အရွယ် မိန်းကလေးငယ်များအား သားအိမ်ခေါင်းရောဂါကာကွယ်ဆေး ထိုးနှံကြရန်အတွက် အသိပေးမျှဝေ ပြောကြားမှုများ ပြုလုပ်ပေးစေလိုပါကြောင်း၊

• ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့်လည်း သားအိမ်ခေါင်းရောဂါကာကွယ်ဆေးဆိုင်ရာ အကြောင်းအရာများကို တိုင်းရင်းသားဘာသာစကားများဖြင့်ပါ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေးပေးနိုင်ရန် မေတ္တာရပ်ခံ အပ်ပါကြောင်း၊

• ယခုကဲ့သို့ မြန်မာနိုင်ငံ၏ အနာဂတ် အမျိုးသမီးငယ်များက ကျန်းမာရေးအတွက် သားအိမ်ခေါင်းရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရန်အတွက် အားထုတ်ပံ့ပိုးပေးခဲ့သော နိုင်ငံတော်အစိုးရနှင့် လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော ဝန်ကြီးဌာနရှိ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း စီမံချက်အပါအဝင် သက်ဆိုင်သူအားလုံးအား ပြည်သူများကိုယ်စား ကျေးဇူးတင်ရှိ ပါကြောင်း ပြောကြားခဲ့ပါသည်။

ယင်းနောက် အိတ်ချ်ပီဗီကာကွယ်ဆေးထိုးနှံခြင်းနှင့် ပတ်သက်၍ ကျန်းမာရေးအသိပညာပေး ဗီဒီယို ကို ပြသခဲ့ပါသည်။

     ထို့နောက် အသက် (၉) နှစ်မှ (၁၀) နှစ်အရွယ် မိန်းကလေးငယ် (၃) ဦးအား သားအိမ်ခေါင်းရောဂါကာကွယ်ဆေး (အိတ်ချ်ပီဗီ (HPV) ကာကွယ်ဆေး) စတင်ထိုးနှံပေးပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ ပါသည်။

 

      အဆိုပါအခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊  အမြဲတမ်း အတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးများ၊ တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီး ဌာနမှူးများနှင့် တာဝန်ရှိသူများ၊ ပါမောက္ခချုပ်များ၊ ဆေးရုံအုပ် ကြီးများ၊ အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ နှီးနွှယ်ဌာနဆိုင်ရာများ၊ Gavi, the vaccine alliance အဖွဲ့၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့နှင့် အလှူရှင်အဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ အမျိုးသားအဆင့် ကာကွယ်ဆေးထိုးလုပ်ငန်းဆိုင်ရာအကြံပေးအဖွဲ့ (NITAG) ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဆေးပညာရှင်အဖွဲ့အစည်းများ၊ ပြည်တွင်းနှင့်နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် အခြေခံကျန်းမာရေးပညာရှင် ဝန်ထမ်းများက အွန်လိုင်း (online) မှ တစ်ဆင့် တက်ရောက်ခဲ့ကြပါသည်။

More Tags