HPV (သားအိမ်ခေါင်းကင်ဆာ)ကာကွယ်ဆေးကို ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်တွင် စတင်ထည့်သွင်းထိုးနှံခြင်း ဗဟိုအဆင့်ဖွင့်ပွဲ အခမ်းအနား တက်ရောက်

ပဲခူးမြို့၊ ၂၀၂၀ပြည့်နှစ်၊ အောက်တိုဘာလ(၂၀)ရက်

     နေပြည်တော်၊ MICC(2) ခန်းမ၌ (၂၀-၁၀-၂၀၂၀)ရက်နေ့ နေ့လည်(၁)နာရီအချိန်က ကျင်းပပြုလုပ်သည့် HPV (သားအိမ်ခေါင်းကင်ဆာ) ကာကွယ်ဆေးကို ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်တွင် စတင်ထည့်သွင်း ထိုးနှံခြင်း ဗဟိုအဆင့်ဖွင့်ပွဲ အခမ်းအနားကို Online Meeting System ဖြင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်းသိန်းမှ တက်ရောက်ခဲ့ပါသည်။ ရှေးဦးစွာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က Human Papillomavirus (HPV)ကြောင့် ဖြစ်ပေါ်နိုင်သည့် အသက်အန္တရာယ်ဆိုင်ရာ ကိစ္စရပ်များနှင့် ကြိုတင်ကာကွယ်ဆေးထိုးခြင်း၏ ကောင်းကျိုးများကိုလည်းကောင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်တွင် HPV စတင်ထည့်သွင်းထိုးနှံပေးရခြင်း၏ အကြောင်းအရင်းကိုလည်းကောင်း ပြောကြားခဲ့ပြီးနောက် ပညာပေး ဗီဒီယိုမှတ်တမ်းအား ပြသခဲ့ပါသည်။


     အဆိုပါသားအိမ်ခေါင်းကင်ဆာသည် ကမ္ဘာတစ်ဝန်း အမျိုးသမီးများတွင် စတုတ္ထမြောက် အဖြစ်များဆုံး ကင်ဆာရောဂါဖြစ်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံများမှ အမျိုးသမီးများတွင် ဒုတိယမြောက် အဖြစ်များဆုံး ကင်ဆာရောဂါဖြစ်ပါသည်။ (၂၀၁၈)ခုနှစ် စာရင်းများအရ ကမ္ဘာတစ်ဝန်းလုံး၌ နှစ်စဉ်အမျိုးသမီး (၆)သိန်း ခန့်တွင် သားအိမ်ခေါင်းကင်ဆာဖြစ်ပွားခဲ့၍ ၎င်းတို့အနက် (၃)သိန်းကျော် သေဆုံးခဲ့ပါသည်။ ၎င်းသားအိမ်ခေါင်းကင်ဆာသည် အသက်(၁၅)နှစ်မှ (၄၄)နှစ်အတွင်း အမျိုးသမီးများတွင် အဖြစ်များဆုံး ကင်ဆာဖြစ်၍ မြန်မာနိုင်ငံတွင် အသက်(၉)နှစ်မှ (၁၀)နှစ်အရွယ်ရှိ မိန်းကလေးငယ်များကို ထိုးနှံပေးရန် စတင်သည့် အခမ်းအနားဖြစ်ပါသည်။ အဆိုပါ အခမ်းအနားသို့ တိုင်းဒေသကြီးကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာရန်နိုင်မောင်၊ တိုင်းပြည်သူ့ကျန်းမာ တိုးချဲ့ကာကွယ်ဆေး/ ကူးစက်ဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာသင်းသင်းလှိုင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ ထို့အပြင် ပုံမှန်ကာကွယ်ဆေးထိုးဆေးတိုက်အစီအစဉ်တွင် HPV (သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး) ကို စတင်ထည့်သွင်းခြင်း ဖွင့်ပွဲအခမ်းအနားကို ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ (၂၀-၁၀-၂၀၂၀)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီးပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဒုတိယ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများ၊ အဖွဲ့ခေါင်းဆောင်ဆရာဝန်များ၊ ဦးစီးအရာရှိများ စုစုပေါင်း(၁၅)ဦး တက်ရောက်ခဲ့ပါသည်။

More Tags