Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီသို့ လှူဒါန်းမှုများအား ပြည်ထောင်စုဝန်ကြီးလက်ခံ

နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ အောက်တိုဘာလ (၁၉) ရက်

     Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ အတွင်းရေးမှူး (၂)၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နေ့လယ်ပိုင်းတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ နေပြည်တော်၌ အလှူရှင်များက Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသား အဆင့်ဗဟိုကော်မတီထံသို့ လှူဒါန်းမှုများအား လက်ခံခဲ့ပါသည်။

 

     ရှေးဦးစွာ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က လှူဒါန်းရသည့် အကြောင်းအရင်းများကို ပြောကြားခဲ့ရာ -

• ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန အနေဖြင့် (၁-၄-၂၀၁၉) ရက်နေ့နောက်ပိုင်းတွင် SIM Card မှတ်ပုံတင်ဆောင်ရွက်ရာ၌ သက်သေခံကတ်ပြားတစ်ခုဖြင့် အော်ပရေတာ တစ်ဦးလျှင် SIM Card (၂) ကတ်သာ မှတ်ပုံတင်ရန် ညွှန်ကြားခဲ့ပါကြောင်း၊

• (၁-၄-၂၀၂၀) ရက်နေ့ ရှေ့ပိုင်း သက်သေခံကတ်ပြားအမှတ် (၁) ခုလျှင် (၂) ကတ်ထက်ပို၍ မှတ်ပုံတင်ထားသော SIM Card များကို အချက်အလက်မှန်ကန်စွာဖြင့် (၃၀-၆-၂၀၂၀) ရက်နေ့ နောက်ဆုံး ထား၍ ပြန်လည်မှတ်ပုံတင် ဆောင်ရွက်ကြရန်နှင့် အချက်အလက်မှန်ကန်စွာ ပြန်လည်မှတ်ပုံတင် ဆောင်ရွက်ခြင်းမရှိပါက အပြီးပိတ်သိမ်းသွားမည်ဖြစ်ကြောင်း (၂၂-၂-၂၀၂၀) ရက်နေ့တွင် ကြေညာခဲ့ ပါကြောင်း၊ ထို့အပြင် တယ်လီဖုန်းအော်ပရေတာများသို့လည်း အချက်အလက်များ မှန်ကန်ခြင်း ရှိ မရှိ စိစစ်ပြီးမှသာ မှတ်ပုံတင်ကြရန် ညွှန်ကြားခဲ့ပါကြောင်း၊

• အဆိုပါ ကြေညာချက်၊ ညွှန်ကြားချက်များနှင့်အညီ (၃၀-၆-၂၀၂၀) ရက်နေ့အထိ ပြန်လည် မှတ်ပုံတင်ခြင်းမရှိသော SIM Card များနှင့် (၂၂-၂-၂၀၂၀) ရက်နေ့ နောက်ပိုင်း အချက်အလက်များ မှန်ကန်စွာ မှတ်ပုံတင်ခြင်း မရှိသည့် SIM Card များ စုစုပေါင်း (၃၄.၄၉) သန်း ကျော်ကို ပိတ်သိမ်းခဲ့ပြီး၊ အဆိုပါ ပိတ်သိမ်း SIM Card များတွင် လက်ကျန်ငွေ စုစုပေါင်းကျပ် (၁,၇၂၂) သန်းကျော် ကျန်ရှိပါခဲ့ပါကြောင်း၊

• မှတ်ပုံတင်ခြင်း မရှိသော SIM Card (၃၄.၄၉) သန်းကျော်အား ပိတ်သိမ်းခဲ့ခြင်းကြောင့် တယ်လီဖုန်းသုံးစွဲသူ လူမျိုး၊ ဘာသာ ပေါင်းစုံတို့ကဖြည့်သွင်းထားခဲ့သည့် Top Up ငွေများ၏ လက်ကျန်ငွေ ကျပ်သန်းပေါင်း (၁,၇၂၂) သန်းကျော်ကို သုံးစွဲသူ အများပြည်သူများ ကိုယ်စား နိုင်ငံအကျိုးအတွက် ယခုကဲ့သို့ Coronavirus Disease 2019 (COVID -19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီသို့ လှူဒါန်းခြင်းဖြစ်ပါကြောင်း၊

• နေပြည်တော် (ခုတင်-၁၀၀၀) ပြည်သူ့ဆေးရုံကြီးတွင် အောက်ဆီဂျင်ပိုက်လိုင်းတပ်ဆင်မှုလုပ်ငန်းများ အတွက်လည်း ဝန်ကြီးဌာနမှ ကျပ်သန်း (၄၀၀) ကျော် လှူဒါန်းခဲ့ပါကြောင်း၊

• ယခင် (၃၁-၁-၂၀၂၀) ရက်နေ့တွင်လည်း မှတ်ပုံတင်ခြင်း မရှိသော SIM Card (၆.၅၅) သန်းကျော် ပိတ်သိမ်းခဲ့ရာ၌ ကျန်ရှိသော လက်ကျန်ငွေ (၁,၅၇၃) သန်းကျော်ကို သုံးစွဲသူ အများပြည်သူကိုယ်စား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ရန်ပုံငွေသို့ လှူဒါန်းခဲ့ပါကြောင်း၊

• (၂၉-၅-၂၀၂၀) ရက်နေ့တွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT ကပြုလုပ်သည့် SMS ဖြင့် လှူဒါန်းခြင်း အစီအစဉ်တွင် ပြည်သူ (၄၁,၃၈၃) ဦးမှ ထည့်ဝင်လှူဒါန်းသည့် (၂၀,၆၉၁,၅၀၀) ကျပ်နှင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ထပ်ဆောင်းလှူဒါန်းသည့် ကျပ် သိန်း (၁,၀၀၀)၊ စုစုပေါင်း ကျပ်(၁,၂၀၆) သိန်းကျော်အား အများပြည်သူကိုယ်စား Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီသို့ ထည့်ဝင်လှူဒါန်းခဲ့ပါကြောင်း ပြောကြားခဲ့ပါသည်။

 
 

     ဆက်လက်၍ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက လှူဒါန်းရသည့် အကြောင်းအရင်းများကို ပြောကြားခဲ့ရာ -

• ကမ္ဘာ့ကပ်ရောဂါ COVID-19 အား မိမိတို့နိုင်ငံ၌ ရင်ဆိုင်တုံ့ပြန်ကြရာတွင် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီသို့ ပြည်တွင်း၊ ပြည်ပ အလှူရှင်များ၊ ဝန်ကြီးဌာနအသီးသီးမှ ဝန်ထမ်းများက တတ်စွမ်းသရွေ့ပါဝင် လှူဒါန်းလျက်ရှိကြရာ မိမိတို့ ပြည်ထောင်စုရှေ့နေချုပ်ရုံး ဝန်ထမ်းများအနေဖြင့်လည်း တစ်ထောင့်တစ်နေရာမှ ပါဝင် လှူဒါန်းခြင်းဖြစ်ပါကြောင်း၊

• စက်တင်ဘာလအတွင်းကလည်း နေပြည်တော်၊ စည်ပင်ဧည့်ရိပ်သာတွင် အသွားအလာကန့်သတ်ခံ ထားရသူများအတွက် လှူဒါန်းမှုများလည်း ဆောင်ရွက်ခဲ့ပါကြောင်း ပြောကြားခဲ့ပါသည်။

     ဆက်လက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက လှူဒါန်းမှုများအပေါ် ကျေးဇူးတင်စကားပြောကြားခဲ့ရာတွင် -

• ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရှိ ကဏ္ဍအသီးသီးမှ ဝန်ထမ်းများသည် COVD-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအား အားသွန်ခွန်စိုက် အစွမ်းကုန်ကြိုးပမ်းထမ်းဆောင်လျက် ရှိပါကြောင်း၊

• ယခုကဲ့သို့ လှူဒါန်းမှုများအတွက် ပြည်သူများအတွက် ရှေ့တန်းမှနေ၍ COVID-19 လူနာများအား ကျန်းမာရေးစောင့်ရှောက်မှုများပေးအပ်နေသော ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ဝန်ထမ်း အားလုံး၏ ကိုယ်စားကျေးဇူးတင်ရှိပါကြောင်း၊

• မိမိတို့နိုင်ငံ၌ COVID-19 ကူးစက်မှု ဒုတိယလှိုင်းနောက်တွင်လည်း ထိရောက်သော ကာကွယ်ဆေး ထွက်ပေါ်လာသည့် အချိန်မတိုင်မီကာလအထိ ကူးစက်မှုလှိုင်းငယ်များရှိနိုင်သဖြင့် ရောဂါကာကွယ်ရေး စည်းကမ်းများကို အထူးအလေးထားလိုက်နာကြရန် အရေးကြီးပါကြောင်း၊

• မြန်မာနိုင်ငံတွင် COVID-19 သေဆုံးလူနာများ၏ (၉၅) ရာခိုင်နှုန်းသည် သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ နှလုံးနှင့် သွေးကြောရောဂါ၊ ကျောက်ကပ်ရောဂါ၊ ကင်ဆာရောဂါ စသည့် နာတာရှည်အခံရောဂါရှိသူများ ဖြစ်ပါကြောင်း၊

• ပြည်သူများအနေဖြင့် နေအိမ်တွင်နေထိုင်ချိန်တွင်လည်း အကြောင်းအမျိုးမျိုးကြောင့် အပြင်ထွက်ရသည့် တစ်အိမ်တည်းနေသူများထံမှ တစ်ဆင့် ရောဂါကူးစက်ခံရနိုင်ပါကြောင်း၊

• သို့ဖြစ်၍ နာတာရှည်ရောဂါရှိသူများနှင့် သက်ကြီးရွယ်အိုများအနေဖြင့် တစ်အိမ်တည်းနေထိုင်သူများနှင့် ခပ်ခွာခွာနေထိုင်ခြင်း၊ သီးခြားစားသောက်ခြင်းနှင့် အိပ်စက်ခြင်းတို့ကို အထူးသတိပြု လိုက်နာဆောင်ရွက်ကြ စေလိုပါကြောင်း၊
• ယခုကဲ့သို့သော လှူဒါန်းမှုများသည် ဝန်ကြီးဌာန၏ နိုင်ငံတစ်ဝန်းမှ ဆေးရုံများ၌ အထူးကြပ်မတ်ကုသဆောင်များအဆင့်မြှင့်တင်ရာတွင်လည်းကောင်း၊

အောက်ဆီဂျင်ပိုက်လိုင်းများ၊ အောက်ဆီဂျင်ထုတ်စက်များ တပ်ဆင်ရာတွင်လည်းကောင်း၊ အခြားသော ဆေးရုံပိုင်းဆိုင်ရာ အဆင့်မြှင့်တင်မှုများအတွက်လည်းကောင်း အသုံးပြုနိုင်မည်ဖြစ်သဖြင့် ယခု COVID-19 လူနာများအား ကုသရာတွင်သာမက ရေရှည်ကာလအတွက်လည်း များစွာအကျိုးရှိမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

     လှူဒါန်းမှု အခမ်းအနားတွင် -
• ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ငွေကျပ် (၁,၇၂၂,၇၅၅,၅၁၂)၊

• ပြည်ထောင်စုရှေ့နေချုပ်ရုံး အရာထမ်းအမှုထမ်းများက (၁၁,၆၈၀,၀၀၀)၊

• နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်လီမီတက်က ငွေကျပ် (၃၀,၀၀၀,၀၀၀)၊

• နိုင်ငံ့ဝန်ထမ်း စေတနာရှင်များ၏ 1000 kyats Campaign က ငွေကျပ် (၇,၆၄၈,၅၀၀)၊

• ရန်ကုန်ပညာရေးတက္ကသိုလ် သင်ကြား/စီမံဌာနများနှင့်အဆောင်များက ငွေကျပ် (၂,၂၂၂,၀၀၀)နှင့်

• သံအမတ်ကြီးဒေါက်တာလှမောင် ဖောင်ဒေးရှင်းက ငွေကျပ် (၁,၀၀၀,၀၀၀) တို့ကို အသီးသီးပေးအပ် လှူဒါန်းခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးနှင့် ဒုတိယဝန်ကြီးဒေါက်တာ မြလေးစိန်တို့က လက်ခံခဲ့ပြီး ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ပါသည်။

More Tags