Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီသို့ ကိုရီးယားသမ္မတနိုင်ငံမှ COVID-19 ရောဂါစစ်ဆေးသည့် Rapid Antigen Diagnostic Test Kit များ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးတက်ရောက်

နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ အောက်တိုဘာလ (၁၇) ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နံနက်ပိုင်းတွင် ဆေးသုတေသနဦးစီးဌာန (ရန်ကုန်) ၌ ကျင်းပခဲ့သော COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီသို့ ကိုရီးယားသမ္မတနိုင်ငံမှ COVID-19 ရောဂါစစ်ဆေးသည့် Rapid Antigen Diagnostic Test Kit များ လွှဲပြောင်းပေးအပ်မှု အခမ်းအနားသို့ Videoconferencing စနစ်ဖြင့် တက်ရောက်ခဲ့ပါသည်။

     ရှေးဦးစွာ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံသံအမတ်ကြီး H.E Mr. Lee Sang-hwa က လှူဒါန်းမှုနှင့် ပတ်သက်၍ ပြောကြားရာတွင် -

• မြန်မာနိုင်ငံ၌ ကမ္ဘာ့ကပ်ရောဂါ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် အစွမ်းကုန်ကြိုးပမ်း ဆောင်ရွက် နေသည်ကို မိမိတို့အနေဖြင့် တွေ့မြင်သိရှိနေပါကြောင်း၊

• ကိုရီးယားသမ္မတနိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့် ချစ်ကြည်ရင်းနှီးစွာဖြင့် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများအတွက် လိုအပ်သည့် ဆေးပစ္စည်းကိရိယာများ၊ ဓာတ်ခွဲပစ္စည်းကိရိယာများကို ပံ့ပိုးပေးအပ်လျက်ရှိပါကြောင်း၊

• ယခုနှစ် မေလတွင် ကိုရီးယားသမ္မတနိုင်ငံမှ COVID-19 ဓာတ်ခွဲပစ္စည်းများပေးအပ်မှုအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက (၇၃) ကြိမ်မြောက် ကမ္ဘာ့ကျန်းမာရေး ညီလာခံတွင် ကိုရီးယားသမ္မတနိုင်ငံ၊ သမ္မတ H.E Mr. Moon Jae-in ပြောကြားခဲ့သည့် အချက်များအပေါ် ထောက်ခံကြောင်း ပြောကြားခဲ့ပါကြောင်း၊

 

 

• COVID-19 ကို ရင်ဆိုင်တိုက်ဖျက်ရာတွင် နိုင်ငံများအချင်းချင်း သတင်းအချက်အလက်နှင့် အတွေ့အကြုံများ ဝေမျှခြင်းသည် အရေးကြီးပါကြောင်း၊

• COVID-19 သည် မျှော်မှန်းထားသည်ထက်ကြီးမားသော ပြဿနာရပ် အကြပ်အတည်းဖြစ်ပြီး မိမိတို့အနေဖြင့် ရောဂါကူးစက်မှု ပထမလှိုင်းတွင် ကြုံတွေ့ခဲ့ရသော အတွေ့အကြုံများဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊

• ကိုရီးယားသမ္မတနိုင်ငံ၌ COVID-19 ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း COVID-19 ကူးစက်မှုအန္တရာယ်ကင်းရှင်းစွာဖြင့် ရွေးကောက်ပွဲကျင်းပနိုင်ခဲ့သည့် အတွေ့အကြုံများကိုလည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများထံ မျှဝေပေးခဲ့ပါကြောင်း၊

• COVID-19 ကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းများတွင် ရောဂါစစ်ဆေးနိုင်မှု အတိုင်းအတာသည် အရေးကြီးသဖြင့် မိမိတို့အနေဖြင့် COVID-19 ရောဂါစစ်ဆေးရန် Standard Q COVID-19 Rapid Antigen Diagnostic Test Device များကို ထပ်မံပံ့ပိုးပေးအပ်ခြင်းဖြစ်ပါကြောင်း၊

• COVID-19 ကို ရင်ဆိုင်ရာတွင် အကြပ်အတည်းများ တွေ့ကြုံရသကဲ့သို့ ကျန်းမာရေးကဏ္ဍဆိုင်ရာ တိုးတက်မှုများအတွက်လည်း အခွင့်အလမ်းများ ဖြစ်လာနိုင်ပါကြောင်း၊

• ကိုရီးယားသမ္မတနိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် နှစ်ပေါင်းများစွာ ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်း လက်တွဲဆောင်ရွက်ခဲ့ကြပြီး ဆက်လက်၍လည်း ပူးပေါင်းလက်တွဲဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ကျေးဇူးတင် ဝမ်းမြောက်စကားပြောကြားရာတွင် -

• ကိုရီးယားသမ္မတနိုင်ငံသည် မြန်မာနိုင်ငံ၏ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် ပံ့ပိုးပါဝင် ကူညီလျက်ရှိမှု များစွာအား ကျေးဇူးတင်ရှိပါကြောင်း၊

• ကိုရီးယားသမ္မတနိုင်ငံအစိုးရ၊ ကိုရီးယားသမ္မတနိုင်ငံအခြေစိုက် ကုမ္ပဏီများနှင့် လူမှုရေး အဖွဲ့အစည်းများ၊ စုစုပေါင်း (၂၂) ခုက မြန်မာနိုင်ငံ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများအတွက် အမေရိကန်ဒေါ်လာ (၂.၅) သန်းကျော် တန်ဖိုးရှိ ဆေးပစ္စည်းကိရိယာများနှင့် ဓာတ်ခွဲပစ္စည်းကိရိယာများကို လှူဒါန်းခဲ့ပါကြောင်း၊

• ကိုရီးယားသမ္မတနိုင်ငံအနေဖြင့် RT PCR စက်များဖြင့် COVID-19 ဓာတ်ခွဲစစ်ဆေးရန် ဓာတ်ခွဲပစ္စည်းများနှင့် Standard Q COVID-19 Rapid Antigen Diagnostic Test Device များ ပံ့ပိုးပေးအပ်ခဲ့သဖြင့် မိမိတို့အနေဖြင့် COVID-19 ရောဂါစစ်ဆေးမှုများကို ပိုမိုပြုလုပ်လာနိုင်ခဲ့ပါကြောင်း၊

 

• ယခုကဲ့သို့ လှူဒါန်းပေးအပ်သော ဓာတ်ခွဲပစ္စည်းများသည် COVID-19 ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် ရောဂါ ရှိ၊ မရှိအား စောစီးစွာစစ်ဆေးနိုင်မှုအတွက် များစွာ အထောက်အပံ့ ဖြစ်စေပါကြောင်း၊

• သို့ဖြစ်၍ COVID-19 လူနာများအား စောစီးစွာ ရှာဖွေဖော်ထုတ်နိုင်ကာ သီးခြားထားရှိ ကုသမှုပေးခြင်း၊ လူနာနှင့် ထိတွေ့ခဲ့သူများအား အသွားအလာကန့်သတ်ခြင်းတို့ကို ဆောင်ရွက်နိုင်ခြင်းဖြင့် ၎င်းတို့မှ တစ်ဆင့်အခြားသူများထံသို့ ရောဂါကူးစက်မှု ကွင်းဆက်ကို ဖြတ်တောက်နိုင်မည်ဖြစ်ပါကြောင်း၊

• ရောဂါဖြစ်ပွားသူနည်းပါးကာ ဆေးရုံတွင်ကုသမှုခံယူရသူအရေအတွက်နည်းပါးပါက ဆရာဝန်များ၊ သူနာပြုများနှင့် ကုသမှုအထောက်အကူပြုပညာရှင်များအနေဖြင့်လည်း အလုပ်ဝန်ပိမှု သက်သာ လျော့ပါးမည်ဖြစ်ကာ အရည်အသွေးပြည့်ဝသော ကျန်းမာရေးစောင့်ရှောက်မှုကို ပေးအပ်နိုင်မည် ဖြစ်ပါကြောင်း၊

• ကိုရီးယားသမ္မတနိုင်ငံ၏ ရင်းနှီးချစ်ကြည်စွာ ပံ့ပိုးမှု၊ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီးနှင့် သံရုံးအဖွဲ့ဝင်များ၏ စေတနာပြည့်ဝစွာ ချိတ်ဆက်ပူးပေါင်းဆောင်ရွက် ပေးမှုများကြောင့် မိမိတို့အနေဖြင့် ဓာတ်ခွဲစစ်ဆေးမှုများ ပြတ်တောက်ခြင်းမရှိဘဲ ဆောင်ရွက်နိုင်လျက် ရှိပါကြောင်း၊

• မိမိတို့နိုင်ငံမှ COVID-19 ဆိုင်ရာ သတင်းအချက်အလက်နှင့် အတွေ့အကြုံများကို ကိုရီးယားသမ္မတနိုင်ငံနှင့် အပြန်အလှန်ဝေမျှသွားမည်ဖြစ်ပါကြောင်း၊

• ယခု COVID-19 ရောဂါဖြစ်ပွားနေစဉ် ကာလအတွင်း ယခုကဲ့သို့သော ပံ့ပိုးမှုများသည် ကိုရီးယားသမ္မတနိုင်ငံ နှင့် မြန်မာနိုင်ငံတို့၏ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကို ပိုမိုမြင့်မားစေကာ ရေရှည်တွင် များစွာ အကျိုးရှိမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

     ထို့နောက် ကိုရီးယားသမ္မတနိုင်ငံသံအမတ်ကြီး H.E Mr. Lee Sang-hwa က Korea International Cooperation Agency (KOICA) မှ လှူဒါန်းသည့် အမေရိကန်ဒေါ်လာ (၅) သိန်း တန်ဖိုးရှိ COVID-19 ရောဂါစစ်ဆေးသည့် Standard Q COVID-19 Rapid Antigen Diagnostic Test Device (၉၅,၀၀၀) ခုကို လွှဲပြောင်းပေးအပ်ခဲ့ရာ ဆေးသုတေသနဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာဇော်သန်းထွန်းက လက်ခံခဲ့ပြီး မှတ်တမ်းတင်ဂုဏ်ပြုလွှာပြန်လည်ပေးအပ်ခဲ့ပါသည်။

     အဆိုပါ အခမ်းအနားသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အမြဲတမ်းအတွင်းဝန်ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်၊ KOICA Myanmar မှ Chief Representative Ms. Lee Youn-Soo နှင့် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။

More Tags