ရန်ကုန်တိုင်းဒေသကြီးတွင် လက်ရှိဆောင်ရွက်နေသည့် COVID-19 ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးလုပ်ငန်းများအား ဆန်းစစ်သုံးသပ်မှု အပတ်စဉ် အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးတက်ရောက်

နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ အောက်တိုဘာလ (၁၆) ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နေ့လယ်ပိုင်းတွင် Videoconferencing စနစ်ဖြင့် ပြုလုပ်ခဲ့သော ရန်ကုန်တိုင်းဒေသကြီးတွင် လက်ရှိဆောင်ရွက်နေသည့် COVID-19 ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးလုပ်ငန်းများအား ဆန်းစစ်သုံးသပ်မှု အပတ်စဉ် အစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။

     အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက -

• ရန်ကုန်တိုင်းဒေသကြီးအတွင်း ယခုလက်ရှိတွင် COVID-19 လူနာများအား ဆေးရုံများ၌ ကုသမှုပေးနေသည့် အခြေအနေ၊ ရောဂါကူးစက်ပြန့်ပွားကူးစက်မှု ကွင်းဆက်နှင့် အရှိန်ကျဆင်းရန် ပြည်သူ့ကျန်းမာရေးလုပ်ငန်းများအား သုံးသပ်ခြင်းနှင့် လိုအပ်သည့် ပံ့ပိုးမှုများကို အချိန်နှင့်တစ်ပြေးညီ ဖြည့်ဆည်းဆောင်ရွက်နိုင်ရန်လည်းကောင်း၊
လုပ်ငန်းနည်းစနစ်များကို လောလောဆယ် ဖြစ်ပေါ်လျက်ရှိသည့်အခြေအနေ အရပ်ရပ်နှင့်အညီ လိုအပ်သလို ပြုပြင်ပြောင်းလဲခြင်းများ လုပ်ဆောင်ရန်အတွက် လည်းကောင်း ယနေ့အစည်းအဝေးကို ပြုလုပ်ရခြင်းဖြစ်ပါကြောင်း၊

• ဝန်ကြီးဌာနအနေဖြင့် ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲမှ နေ့စဉ်ပြုစုထားသည့် ကူးစက်ရောဂါ ဗေဒဆိုင်ရာ သုံးသပ်ချက်များ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့မှ နေ့စဉ်အစည်းအဝေးပြုလုပ် ဆွေးနွေးသုံးသပ် တင်ပြချက်များ၊ အသွားအလာကန့်သတ်ရာနေရာများ၊ COVID-19 ကုသရေးဌာနများနှင့် ဆေးရုံများမှ သတင်းအချက်အလက်များနှင့်အညီ လိုအပ်ချက်များကို ပံ့ပိုးဖြည့်ဆည်းခြင်းနှင့် ဝန်ကြီးဌာနမှ လုပ်ဆောင် နိုင်သည့်အတိုင်းအတာအတွင်းမှ လုပ်ငန်းများကို ဆောင်ရွက်ခြင်းများကို ပြုလုပ်လျက်ရှိပါကြောင်း၊

• လူနာများသေဆုံးမှုကျဆင်းစေရန်အတွက် ကုသပုံနည်းစနစ်သည် အရေးကြီးသကဲ့သို့ လူနာများအား ရောဂါဖြစ်ပွားမှု အခြေအနေအလိုက် နေရာချထားမှုနှင့် အချိန်မီလွှဲပြောင်းကုသပေးမှု တို့သည် ထပ်တူထပ်မျှ အရေးကြီးပါကြောင်း၊

• မြန်မာနိုင်ငံမှ COVID-19 သေဆုံးလူနာများ၏ (၉၅) ရာခိုင်နှုန်းသည် နာတာရှည်အခံရောဂါ ရှိသူများဖြစ်သဖြင့် ဆီးချို၊ သွေးတိုး၊ နှလုံးနှင့်သွေးကြော၊ ကျောက်ကပ်၊ ကင်ဆာ၊ အဆုတ်ရောဂါ အစရှိသည့် အခံရောဂါရှိသူများနှင့် သက်ကြီးရွယ်အိုများအနေဖြင့် COVID-19 သံသယလက္ခဏာ ခံစားရခြင်းရှိပါက ကျန်းမာရေးဌာနသို့ ချက်ချင်းအကြောင်းကြား ပြသကြရမည် ဖြစ်ပါကြောင်း၊

• နေအိမ်တွင်သာနေထိုင်သူများတွင်လည်း နေအိမ်ပြင်ပသို့ အကြောင်းအမျိုးမျိုးဖြင့်သွားလာရသည့် တစ်အိမ်တည်းနေသူများထံမှ ရောဂါကူးစက်ခံရမှုများဖြစ်ပွားလျက်ရှိသည်ကို တွေ့ရှိနေရပါကြောင်း၊

• သို့ဖြစ်၍ ပြည်သူများ အထူးသဖြင့် သက်ကြီးရွယ်အိုများနှင့် နာတာရှည်ရောဂါအခံရှိသူများအနေဖြင့် နေအိမ်တွင် နေထိုင်ရာတွင်လည်း အခြားသူများနှင့် ခပ်ခွာခွာနေထိုင်ခြင်း၊ ထမင်းစားရာတွင် သီးခြားခွဲစားသောက်ခြင်းနှင့် သီးခြားအိပ်စက်ခြင်းတို့ကို မဖြစ်မနေ ပြုလုပ်ကြရမည်ဖြစ်ပါကြောင်း၊

 

• လူအများစုစည်းမှုဖြစ်နိုင်သည့် သား၊ ငါး၊ အသီးအရွက်ဒိုင်များနှင့် ရပ်ကွက်ဈေးများ၊ လူများစုဝေးနေထိုင်ရာ အဆောင်များ၊ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများ၊ စက်ရုံနှင့် အလုပ်ရုံများတွင် ရောဂါကာကွယ်ရေးစည်းကမ်းများလိုက်နာဆောင်ရွက်ရန်မှာ အထူးအရေးကြီးပါကြောင်း၊

• COVID-19 ကာကွယ်ရေး လုပ်ငန်းများကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်ကာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ဝန်ထမ်းများနှင့် လူမှုရေးအဖွဲ့အစည်းများက ကြိုးစားအားထုတ်လျက် ဆောင်ရွက်နေသည်ကို တွေ့ရှိရပါကြောင်း၊

• ရောဂါကူးစက်မှုကွင်းဆက်ပြတ်တောက်စေရေးအတွက် ရောဂါကာကွယ်ထိန်းချုပ် ရေးလုပ်ငန်းများတွင် မြို့နယ်အသီးသီးရှိ ရပ်ကွက်၊ ကျေးရွာများမှ ပြည်သူများက ဤရောဂါကို အောင်မြင်စွာ တိုက်ထုတ်မည်ဟူသော စိတ်ဓာတ်ဖြင့် ဝိုင်းဝန်းပံ့ပိုး ဆောင်ရွက်ကြစေလိုပါကြောင်း၊

• COVID-19 ရောဂါအပြင် အခြားသော ရောဂါအမျိုးမျိုးအတွက် ပဏာမကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများနှင့် ပုဂ္ဂလိကကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၏ အခန်းကဏ္ဍသည် အရေးကြီး သဖြင့် ပုဂ္ဂလိကဆေးရုံများ၊ ဆေးခန်းများနှင့် ပေါင်းစပ်လုပ်ကိုင်ရန် မိမိတို့အားပေးရမည်ဖြစ်ပါကြောင်း၊

• ဤကိစ္စကို ထိရောက်စွာစနစ်တကျအကောင်အထည်ဖော်နိုင်ရန် ရန်ကုန်တိုင်းဒေသကြီးအတွင်း COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့က ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများနှင့် ဆွေးနွေးရမည်ဖြစ်ပါကြောင်း၊
• ပြည်သူ့ကျန်းမာရေး တာဝန်ရှိသူများအနေဖြင့် ရောဂါကူးစက်ဖြစ်ပွားမှု အတက်အကျ၊ ကူးစက်ပျံ့နှံ့မှု ပုံသဏ္ဌာန်၊ အရှိန်အဟုန်၊ ဆေးရုံ၌ တက်ရောက်ကုသမှုခံယူသူများ၏ ရောဂါရရှိမှု ပုံစံနှင့် ကပ်ရောဂါ၏ သွင်ပြင်လက္ခဏာရပ်များ (epidemiological characteristics) တို့ကို ပြည်သူ့ကျန်းမာရေးနှင့် ကပ်ရောဂါထိန်းချုပ်ရေး ရှုထောင့်မှ အထူး ဂရုပြုသုံးသပ်ဆောင်ရွက်စေလိုပါကြောင်း၊

 

• COVID-19 လူနာများနှင့် ထိတွေ့ခဲ့သူများအား ရှာဖွေထောက်လှမ်းခြင်းသည် ယခုအချိန်ကာလ၌ အထူးအရေးကြီးပြီး ၎င်းတို့အားဖော်ထုတ်၍ အသွားအလာကန့်သတ်မှုများ လုပ်ဆောင်နိုင်မှသာလျှင် ရောဂါဖြစ်ပွားမှု ကွင်းဆက်ပြတ်သွားပြီး ရောဂါဖြစ်ပွားသူနည်းပါးလာမည် ဖြစ်ပါကြောင်း၊

• ယနေ့အစည်းအဝေးတွင် ကုန်တင်ကားမောင်းသူများအား Rapid Antigen Diagnostic Test Kit များဖြင့် စစ်ဆေးပေးခြင်းလုပ်ငန်းဆောင်ရွက်ရာ၌ တွေ့ရှိရသော အခက်အခဲနှင့် စိန်ခေါ်မှုများကို ဖြေရှင်းနိုင်ရန်အတွက် ဝန်ကြီးဌာနမှ ပံ့ပိုးဆောင်ရွက်ရမည့်ကိစ္စရပ်များကို တင်ပြဆွေးနွေးကြစေလိုပါကြောင်း၊

• အသွားအလာကန့်သတ်ခြင်းလုပ်ငန်းများ၊ ဆေးရုံနှင့် COVID-19 ကုသရေးဌာနများ တည်ထောင်ခြင်း လုပ်ငန်းများ အပါအဝင် ဝန်ကြီးဌာန၏ လုပ်ငန်းများကို ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိသော ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အား ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာတိုးသီရိအောင်က -

• COVID-19 ဖြစ်ပွားမှုအခြေအနေများ၊ ရောဂါကူးစက်ဖြစ်ပွားမှု အတက်အကျ၊ ကူးစက်ပျံ့နှံ့မှု ပုံသဏ္ဌာန်များ၊ ဓာတ်ခွဲစစ်ဆေးမှုအခြေအနေများကို တင်ပြခဲ့ပါသည်။

     ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက -

• ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ဝန်ကြီးဌာနနှင့် ပူးပေါင်းလက်တွဲကာ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အထူးအလေးထားကာ ဆက်လက် ပံ့ပိုး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြား ခဲ့ပါသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ အတွင်းရေးမှုး ဦးစိုးစိုးဇော်က-

• ရန်ကုန်တိုင်းဒေသကြီး ဝင်၊ ထွက်ဂိတ်ပေါက်များတွင် ကုန်တင်ကား ယာဉ်မောင်းများအား Rapid Antigen Diagnostic Test Kit များဖြင့် စစ်ဆေးနေမှုများ၊

• ကုန်တင်ကား ယာဉ်မောင်းများအတွက် Rapid Antigen Diagnostic Test Kit ဖြင့် စစ်ဆေးရာ၌ လက်ရှိတွင် ရောဂါပိုးမရှိကြောင်း အထောက်အထားစာရွက်အား တစ်ပြေးညီဖြစ်စေရန်နှင့်

• ထိုသို့စစ်ဆေးရာတွင် ပုဂ္ဂလိကဆေးရုံများအသင်းမှ စေတနာ့ဝန်ထမ်းများက ဆေးသုတေသနဦးစီးဌာန၌ ဓာတ်ခွဲနမူနာရယူစစ်ဆေးမှု
သင်တန်းတက်ရောက်ပြီး ပါဝင်ဆောင်ရွက်မည်ဖြစ်ကြောင်း ကို လည်းကောင်း၊

ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်က -

• ကုန်တင်ကား ယာဉ်မောင်းများအား Rapid Antigen Diagnostic Test Kit များဖြင့် စစ်ဆေးနေခြင်းအား ၎င်းတို့စတင်ထွက်ခွာလာသည့် တိုင်းဒေသကြီး/ ပြည်နယ်မှ တာဝန်ယူစစ်ဆေးခြင်းသည် ပိုမိုကောင်းမွန်မှုကို လည်းကောင်း၊

ဆေးတက္ကသိုလ် (၁)၊ ပါမောက္ခချုပ် ပါမောက္ခဒေါက်တာဇော်ဝေစိုးက -

• COVID-19 ကုသရေးဌာနများ၏ ခုတင်အရေအတွက်၊ အောက်ဆီဂျင်ပေးကုသမှုပေးနိုင်သည့် ခုတင်အရေအတွက်၊ အထူးကြတ်မတ်ကုသမှုပေးရန် High Dependency Unit နှင့် Intensive Care Unit များ ခုတင်အရေအတွက် အသေးစိတ်နှင့် ထပ်မံတိုးချဲ့ဆောင်ရွက်လျက်ရှိသည်များ၊

• COVID-19 လူနာများအား လက်ခံကုသမှုပေးနေသည့် COVID-19 ကုသရေးဌာနများနှင့် ဆေးရုံများတွင် အောက်ဆီဂျင်ပိုက်လိုင်းများ တပ်ဆင်ထားရှိမှု၊ အောက်ဆီဂျင်အိုးများ မပြတ်တောက်စေရေးအတွက် ကုမ္ပဏီများနှင့် ဆွေးနွေးထားရှိမှု၊

• ရန်ကုန်အရှေ့ပိုင်းဆေးရုံ၊ ရန်ကုန်အနောက်ပိုင်းဆေးရုံ၊ အင်းစိန်ပြည်သူ့ဆေးရုံနှင့် သင်္ဃန်းကျွန်း ပြည်သူ့ဆေးရုံတို့တွင်လည်း အောက်ဆီဂျင်ပေးရန်ပွိုင့် (၁၀၀) စီ ထပ်မံတပ်ဆင်နေမှု၊

• အောက်ဆီဂျင် plant နှင့် generator များ ထပ်မံတပ်ဆင်ရန် စီစဉ်နေမှုနှင့်
• ပုဂ္ဂလိကဆေးရုံများတွင် COVID-19 လူနာများလက်ခံကုသနိုင်ရန်နှင့် ပုဂ္ဂလိကဆေးခန်းများဖွင့်လှစ်ကာ အထွေထွေကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန်အတွက် သက်ဆိုင်ရာ လုပ်ငန်းလမ်းညွှန်များ စနစ်တကျ ရေးဆွဲရန်ကိုလည်းကောင်း၊

ဆေးသုတေသနဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာဇော်သန်းထွန်းက -

• ရန်ကုန်တိုင်းဒေသကြီး၊ မြို့နယ်များမှ ဓာတ်ခွဲဝန်ထမ်း (၈၀) ဦးအား Rapid Antigen Diagnostic Test Kit များဖြင့် စစ်ဆေးခြင်းသင်တန်းကို အောက်တိုဘာလ (၁၇) ရက်နေ့တွင် ဆေးသုတေသနဦးစီးဌာန (ရန်ကုန်) တွင် ပြုလုပ်သွားမည့်အစီအစဉ်၊

• ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ဆေးပညာဘွဲ့လွန်သင်တန်းသား (၄၀) ဦးအား Ventilator Training ပေးရန် အစီအစဉ်၊

• COVID-19 ကူးစက်ခံရသော ကျောက်ကပ်ရောဂါလူနာများအတွက် ကျောက်ကပ်သွေးသန့်စင်ခြင်း (haemodialysis) ကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် စက် (၅) ခု ချက်ချင်းတပ်ဆင် ဆောင်ရွက်မည့် အစီအစဉ်၊

• ကျန်းမာရေးဝန်ထမ်းများ နေထိုင်ရန်အတွက် အဆောင်နေရာနှင့် ဟိုတယ်များဆောင်ရွက်ထားရှိမှု တို့ကိုလည်းကောင်း၊

ဒုတိယညွှန်ကြားရေးမှူးချုပ် (ဓာတ်ခွဲ) ပါမောက္ခဒေါက်တာဌေးဌေးတင်က -

• လက်ရှိတွင် COVID-19 ဓာတ်ခွဲစစ်ဆေးနေမှု အခြေအနေများကိုလည်းကောင်း၊

ဒုတိယညွှန်ကြားရေးမှူးချုပ် (ကုသရေး) ဒေါက်တာသီတာလှက -

• COVID-19 ကုသရေးဌာနနှင့် ဆေးရုံအသီးသီးတွင် COVID-19 လူနာများအား ကုသပေးနေမှု အခြေအနေများကို လည်းကောင်း၊

ဒုတိယညွှန်ကြားရေးမှူးချုပ် (ရောဂါနှိမ်နင်းရေး) ဒေါက်တာသန္တာလွင်က -

• ရန်ကုန်တိုင်းဒေသကြီးတွင် စီမံခန့်ခွဲမှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် တာဝန်ခွဲဝေဆောင်ရွက်မှု လမ်းကြောင်းများ အတိအကျရှိရန်လိုအပ်မှု၊

• COVID-19 လူနာနှင့်ထိတွေ့ခဲ့သူများအား ရှာဖွေထောက်လှမ်းရာတွင် လူနာနှင့်ထိတွေ့ခဲ့သူများ၏ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း အားနည်းနေမှု၊

• COVID-19 လူနာများအတွက် စိတ်ပိုင်းဆိုင်ရာပံ့ပိုးမှုများ လိုအပ်နေမှုတို့ကိုလည်းကောင်း၊

ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က -

• ဆေးရုံများ နှင့် ကုသရေးဌာနများတွင် လိုအပ်သည့် ဆေးနှင့်ဆေးပစ္စည်းများကို အချိန်နှင့် တစ်ပြေးညီပံ့ပိုးပေးလျက်ရှိသည့် အခြေအနေများကိုလည်းကောင်း အသီးသီး တင်ပြခဲ့ကြပါသည်။

ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာကြသူများက အထွေထွေဆွေးနွေးမှုနှင့် လိုအပ်ချက်များအား တင်ပြခြင်းတို့ကိုဆောင်ရွက်ခဲ့ကြပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်သည်များကို ချက်ချင်းဖြည့်ဆည်း ပေးခဲ့ကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ရာတွင် -

• ဝန်ကြီးဌာနအနေဖြင့် ကုန်စည်စီးဆင်းမှုများကောင်းမွန်စေရန်နှင့် ရောဂါကူးစက်ပျံ့နှံ့မှု လျော့နည်းစေရန် ရည်ရွယ်ပြီး ကုန်တင်ကားမောင်းသူများအား Rapid Antigen Diagnostic Test Kit များဖြင့် စစ်ဆေးပေးလျက်ရှိရာ၌ ကုန်တင်ကားမောင်းသူများအနေဖြင့်လည်း စစ်ဆေးမှုခံယူပြီး ရောဂါမရှိကြောင်း အဖြေရရှိသော်လည်း စည်းကမ်းလိုက်နာမှုမရှိပါက နောက်တစ်ရက်တွင်ပင် ရောဂါပိုးကူးစက်ရရှိနိုင်သည် ဆိုသည့် အချက်ကို သတိပြုကြရမည်ဖြစ်ပါကြောင်း၊

• စည်းကမ်းလိုက်နာမှုမရှိပါက နိုင်ငံတစ်ဝန်းရှိ နေရာအရပ်ရပ်သို့ ရောဂါကူးစက်ပျံ့နှံ့နိုင်သဖြင့် ၎င်းတို့ စည်းကမ်းလိုက်နာမှုရှိစေရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများက အလေးထားကြီးကြပ်ဆောင်ရွက်ကြစေလိုပါကြောင်း၊

• မိမိအနေဖြင့် ပုဂ္ဂလိကဆေးရုံများတွင် COVID-19 လူနာများလက်ခံကုသနိုင်ရန်ကိစ္စအား လွန်ခဲ့သော လကပင် သဘောတူညီခဲ့ပြီးဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန် နှင့် ပုဂ္ဂလိကဆေးခန်းများဖွင့်လှစ်ကာ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန်အတွက် ရှင်းလင်းပြတ်သားသော လုပ်ငန်းလမ်းညွှန်များကို အမြန်ဆုံးရေးဆွဲဖြန့်ဝေပေးစေလိုပါကြောင်း၊

• ပုဂ္ဂလိကဆေးခန်းများမှ ကုသမှုနှင့်ပတ်သက်၍ သိရှိလိုသည့်အချက်များကို ဝန်ကြီးဌာနမှအထူးကုဆရာဝန်များထံဆက်သွယ် အကြံပြုချက်တောင်းခံနိုင်ရန်အတွက် hotline ဖုန်းနံပါတ်များကိုလည်း စီစဉ်ထားရှိစေလိုပါကြောင်း၊ ပုဂ္ဂလိကဆေးရုံနှင့် ဆေးခန်းများအတွက် COVID-19 ဆိုင်ရာ ကုသမှုနည်းစနစ်ပုံစံများကိုလည်း ဆေးတက္ကသိုလ်များနှင့် ဆေးရုံကြီးများမှ ပါမောက္ခဆရာဝန်ကြီးများက ရေးဆွဲပြုစုကာ ဖြန့်ဝေထားရမည်ဖြစ်ပါကြောင်း၊

• ရန်ကုန်တိုင်းဒေသကြီးအတွင်း COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့အနေဖြင့် အောက်ဆီဂျင် plant နှင့် generator များ၊ Intensive Care Unit နှင့် High Dependency Unit များ ထပ်မံတပ်ဆင်ရန်ကိစ္စရပ်များအပါအဝင် အခြား ဆေးရုံလုပ်ငန်းများ၊ စီမံခန့်ခွဲမှု နှင့် အုပ်ချုပ်မှု ကိစ္စရပ်များအား အဖွဲ့ဝင်များတိုင်ပင်ညှိနှိုင်းကာ အချိန်နှင့် တစ်ပြေးညီ ဆုံးဖြတ်ဆောင်ရွက်ရမည်ဖြစ်ပြီး ဆောင်ရွက်မှုအခြေအနေကိုသာ ဗဟိုသို့ အချိန်နှင့် တစ်ပြေးညီ အကြောင်းကြားရန်လိုပါကြောင်း၊

• ယခု COVID-19 အရှိန်မြင့် ဖြစ်ပွားစဉ်ကာလ၌ မူဝါဒပိုင်းဆိုင်ရာ၊ မဟာဗျူဟာဆိုင်ရာ ကိစ္စရပ်များကိုသာ မိမိနှင့် တာဝန်ရှိ အကြီးအကဲများထံသို့ တယ်လီဖုန်းနှင့် ဆက်သွယ်ပြောကြားရန် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

More Tags