ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ကျန်းမာရေးစီမံချက်မန်နေဂျာများနှင့် ကျန်းမာရေးလုပ်ငန်းကဏ္ဍအလိုက် တာဝန်ခံများအနေဖြင့် အောက်ပါအချက်များအား ဆောင်ရွက်ပေးပါရန် အသိပေးအကြောင်းကြားခြင်း

၁။ မိမိတို့အနေဖြင့် ယခုအစိုးရ၏ ပထမ လေးနှစ်တာကာလ၌ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးလုပ်ငန်းများ၊ အခြေခံအဆောက်အဦ၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်များ ပိုမို ခိုင်မာတောင့်တင်းအောင် ရရှိထားသော အရင်းအမြစ်များကို အသုံးပြု၍ ဆောင်ရွက်ခဲ့ရာ လက်ခံနိုင်သော အဆင့်တစ်ဆင့်သို့ ရောက်ရှိသည်ဟု မှတ်ယူပါသည်။

၂။ ယခုအစိုးရသက်တမ်း၏ နောက်ဆုံးနှစ်ဖြစ်သော ၂၀၂၀ ခုနှစ်တွင် စက်ကုန်ဖွင့်၍ မောင်းနှင်မည်ဟု ကြံရွယ်ထားသော်လည်း COVID-19 ကြောင့် လုပ်ငန်းများ ဆောင်ရွက်မှု နှေးကွေးတုံ့ဆိုင်းသွားခဲ့ပါသည်။

၃။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးလုပ်ငန်း များကို ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ ဖွံ့ဖြိုးတိုးတက်မှု မိတ်ဖက်အဖွဲ့အစည်းများ (development partner) နှင့် နှစ်နိုင်ငံ အစီအစဉ်များအရ ပံ့ပိုးမှုများစွာကို ရရှိခဲ့ပါသည်။ ဤပံ့ပိုးကူညီမှုများမှာ ရေရှည်တွင် မည်သည့် အတိုင်းအတာ၊ မည်သည့် အချိန်ထိ ရရှိမည်ကို ခန့်မှန်း၍ မရနိုင်ပါ၊ အကောင်းဆုံးသောနည်းလမ်းမှာ မိမိ၏ ခြေထောက်ပေါ်၌ ရပ်နိုင်အောင် ကြိုးစားခြင်းပင် ဖြစ်ပါသည်။ အချို့အကူအညီများမှာ နိုင်ငံရေးနှင့်လည်း ဆက်နွယ်နေသည်ကို တွေ့ရှိရပါသည်။

၄။ ထို့ကြောင့် မိမိတို့သည် ယခုလောလောဆယ် ပြည်ပမှ ရရှိထားသော ဘဏ္ဍာငွေများကို လည်းကောင်း၊ နိုင်ငံတော်အစိုးရမှ ခွဲဝေချမှတ်ပေးသော ဘဏ္ဍာငွေများကိုလည်းကောင်း -

- မည်ကဲ့သို့ အကျိုးရှိထိရောက်မှု အရှိဆုံးဖြစ်အောင် သုံးမည်ကို စဉ်းစားရန်လိုပါမည်။
- သုံးစွဲခြင်းဖြင့် ရရှိလာမည့် output / outcome / impact များကို သုံးသပ်ရန် လိုပါမည်။
- ရရှိထားသော ဘဏ္ဍာငွေများ သုံးစွဲနေမှုအခြေအနေကို မည်ကဲ့သို့ လေ့လာ စောင့်ကြည့် (monitor)မည်ကို လည်းကောင်း၊ မည်ကဲ့သို့ ဆန်းစစ်သုံးသပ် (evaluation) မည်ကို လည်းကောင်း စဉ်းစားဆောင်ရွက်ရမည် ဖြစ်ပါသည်။
- မိမိ စီမံချက် (program)၏ လုပ်ငန်းများသည် မည်မျှထိရောက် အောင်မြင်မှု ရှိသည်ကို လက်တွေ့ကျသော၊ စစ်မှန်သော၊ ပြုလုပ်နိုင်သော (practical, realistic and doable) အညွှန်းကိန်း (indicator) များကို ဖော်ထုတ်၍ အမြဲတမ်းသုံးသပ်နေရ မည် ဖြစ်ပါသည်။
- မိမိစီမံချက် (program)၏ သတင်းအချက်အလက်စနစ် (information system) ကို အမြဲတမ်းသုံးသပ်၍ စွမ်းအားရှိပြီး လိုအပ်ချက်နှင့်အညီ လျင်မြန်စွာ တုံ့ပြန် ဖြည့်ဆည်းဆောင်ရွက်နိုင်မှု (robust, dynamic and responsive) ဖြစ်အောင် ပြုလုပ်ရမည်။
- မိမိစီမံချက် (program)နှင့် နှီးနွှယ်သောစီမံချက် မည်သို့ပေါင်းစပ်လုပ်ကိုင်ရမည်ကို ကျန်းမာရေးစနစ် (health care delivery system) ၏ အဆင့်ဆင့်သော နေရာများ၌ စဉ်းစားရပါမည်။
- မိမိစီမံချက် (program)၌ လုပ်ကိုင်လျက်ရှိသော အဆင့်ဆင့်သောဝန်ထမ်းများ၏ အရည်အသွေး မည်မျှရှိသည်ကို သုံးသပ်ခြင်းနှင့် အရည်အသွေးမြင့်မားအောင် စနစ် တကျ စီမံချက်များရေးဆွဲ၍ ဆောင်ရွက်ရပါမည်။
- ပြည်သူ့ကျန်းမာရေးကဏ္ဍ၌ မိမိတို့ စီမံချက် (program)လုပ်ငန်းများကို အခြေခံ ကျန်းမာရေးပညာရှင်များကိုအသုံးပြု၍ မည်သို့လုပ်ဆောင်သင့်သည်ကို အမြဲတမ်း စဉ်းစားရမည့်အပြင် မိမိတို့ ဖြန့်ဝေထားသော Tablet phone များကို မိမိစီမံချက် အတွက် အကျိုးရှိထိရောက်စွာ အသုံးပြုနိုင်ရန် အမြဲတမ်းစဉ်းစား၍ လုပ်ငန်း လမ်းညွှန်များထုတ်ခြင်း၊ လုပ်ငန်းများဆောင်ရွက်ခြင်းတို့ကို ပြုလုပ်ရပါမည်။
- မိမိ၏ စီမံချက် (program)လုပ်ငန်းများကို လုပ်ဆောင်ရာ၌ တိုင်းဒေသကြီး/ ပြည်နယ် ကျန်းမာရေးဦးစီးဌာနမှူးတို့၏ ပံ့ပိုးမှု၊ ပေါင်းစပ်လုပ်ကိုင် မှုတို့သည် အထူး အရေးကြီးပြီး မဖြစ်မနေ ပေါင်းစပ်လုပ်ကိုင်ရမည်ဖြစ်ပြီး လက်တွေ့ရှုထောင့်မှ သုံးသပ်၍ ဆောင်ရွက်ကြစေလိုပါသည်။

၅။ ပြည်သူ့ဆေးရုံများနှင့် ကုသမှုပိုင်း၌ တာဝန်ရှိသူများအနေဖြင့်လည်း ကုသမှုပိုင်း၌ လုပ်ကိုင်နေသော ကျန်းမာရေးဝန်ထမ်းပညာရှင်များ၏ အရည်အသွေးကို စဉ်ဆက်မပြတ်ပုံစံ ဖြင့် သက်ဆိုင်ရာဘာသာရပ်အလိုက် ပါမောက္ခ/ဌာနမှူများသည် သက်ဆိုင်ရာ ပါမောက္ခချုပ် များနှင့်လည်းကောင်း၊ သက်ဆိုင်ရာ ပါမောက္ခများနှင့်လည်းကောင်း ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာနမှ တာဝန်ရှိသူများနှင့်လည်းကောင်း တွေ့ဆုံဆွေးနွေး၍ လမ်းပြမြေပုံ (road map) နှင့် ဆောင်ရွက်မည့်မူဘောင် (framework) တို့ကို ချမှတ်ပြီး လုပ်ဆောင်ရမည် ဖြစ်ပါသည်။

၆။ ဆေးနှင့်ဆေးပစ္စည်း ဝယ်ယူရေး တာဝန်ခံများအနေဖြင့်လည်း အရည်အသွေးပြည့် ဝသော ဆေးနှင့်ဆေးပစ္စည်းများကို မည်သည့် အတိုင်းအတာထိ ဝယ်ယူရမည်ကို ကျွမ်းကျင်မှု ပိုင်းဆိုင်ရာရှုထောင့်မှ သုံးသပ်ပြီး National Supply Chain Management ကို ပိုမိုကောင်းမွန် အောင် စဉ်ဆက်မပြတ်သုံးသပ်ကာ ဆောင်ရွက်ရမည်ဖြစ်ပါသည်။

၇။ ယခုကာလအတွင်း၌ စီမံချက်မန်နေဂျာများအနေဖြင့် မိမိတို့၏လုပ်ငန်းများကို အသွား အလာကန့်သတ်မှုမရှိသည့် နေရာများနှင့် COVID-19 ဖြစ်ပွားမှုနှင့် ကူးစက်ပျံ့နှံ့မှုနည်းပါးလာ သော မြို့နယ်၊ ကျေးလက်ကျန်းမာရေးဌာနနှင့် ဌာနခွဲများ၌ အမြန်ဆုံး စတင်ဆောင်ရွက်စေလိုပါကြောင်း။

ဒေါက်တာမြင့်ထွေး
ပြည်ထောင်စုဝန်ကြီး
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန

More Tags