Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီသို့ လှူဒါန်းမှုများအား ပြည်ထောင်စုဝန်ကြီးလက်ခံ

နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ အောက်တိုဘာလ (၁၀) ရက်

     Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ အတွင်းရေးမှူး (၂)၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နံနက်ပိုင်းတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ နေပြည်တော်၌ အလှူရှင်များက Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသား အဆင့်ဗဟိုကော်မတီထံသို့ လှူဒါန်းမှုများအား လက်ခံခဲ့ပါသည်။

 

     ရှေးဦးစွာ အလှူရှင်များကိုယ်စား အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက လှူဒါန်းရသည့် အကြောင်းအရင်းများကို ပြောကြားခဲ့ရာ -
• Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများအား နေ့စဉ်အချိန်နှင့် အမျှဆောင်ရွက်နေသည့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများအား ဂုဏ်ယူအားပေးသည့် သဘောဖြင့် မိမိတို့ဝန်ကြီးဌာနမှ ဝန်ထမ်းများက စိတ်ဆန္ဒအလျောက် တစ်ထောင့်တစ်နေရာမှ ပါဝင်လှူဒါန်းခြင်းဖြစ်ပါကြောင်း၊
• ဝန်ကြီးဌာနမှ အလုပ်သမားဆေးရုံ (၃) ခုတွင် သံသယလက္ခဏာလူနာများအား လက်ခံကုသမှုပေးလျက်ရှိပါကြောင်း၊ လူမှုဖူလုံရေးဆေးခန်းများတွင်လည်း ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊
• မိမိတို့ဝန်ကြီးဌာနအနေဖြင့် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် သက်ဆိုင်ရာ ကဏ္ဍမှ ဆက်လက်ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက လှူဒါန်းမှုများအပေါ် ကျေးဇူးတင်စကားပြောကြားခဲ့ရာတွင် -
• ယခုကဲ့သို့ လှူဒါန်းမှုများအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ရှေ့တန်းမှ တာဝန်ထမ်းဆောင်ကာ COVID-19 အတွက် ကျန်းမာရေးစောင့်ရှောက်မှုများပေးအပ်နေသော ဝန်ထမ်းများအားလုံး၏ ကိုယ်စားကျေးဇူးတင်ရှိပါကြောင်း၊
• မိမိတို့နိုင်ငံ၌ COVID-19 ကူးစက်မှု ဒုတိယလှိုင်းနောက်တွင်လည်း ထိရောက်သော ကာကွယ်ဆေး ထွက်ပေါ်လာသည့် အချိန်မတိုင်မီကာလအထိ ကူးစက်မှုလှိုင်းငယ်များရှိနိုင်သဖြင့် လူအများစုဝေး၍ နီးကပ်စွာ အလုပ်လုပ်ကိုင်ရသည့် စက်ရုံနှင့် အလုပ်ရုံများ၌ လုပ်ငန်းကြီးကြပ်သူနှင့် အလုပ်သမားများသည် ရောဂါကာကွယ်ရေးစည်းကမ်းများကို ဆက်လက်၍ သတိပြုကာ အတိအကျလိုက်နာဆောင်ရွက်ကြရန်မှာ အထူးအရေးကြီးပါကြောင်း၊
• သို့ဖြစ်၍ မိမိတို့ဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ အစိုးရအဖွဲ့များသည် ဤကိစ္စရပ်အား ရေရှည်ကိစ္စတစ်ရပ်အဖြစ် သတ်မှတ်ကာ ဆက်လက်၍ ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊
• ထိုသို့ဆောင်ရွက်နိုင်ရန် တိကျသော လုပ်ငန်းမူဘောင်၊ စနစ်၊ လုပ်ငန်းလမ်းညွှန်နှင့် စံလုပ်ထုံးလုပ်နည်းများကို ဖော်ထုတ်၍ ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊
• မိမိတို့ဝန်ကြီးဌာနမှ ပတ်ဝန်းကျင်နှင့်လုပ်ငန်းခွင်ကျန်းမာရေးဌာနခွဲကို အဆင့်မြှင့်တင်မှုများ ပြုလုပ်သွားမည်ဖြစ်ပြီး မိမိတို့ဝန်ကြီးဌာနမှ ပြုလုပ်သည့် စွမ်းဆောင်ရည်မြှင့်သင်တန်းများသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ သက်ဆိုင်ရာ ပညာရှင်များအား ဖိတ်ကြားတက်ရောက်စေမည်ဖြစ်ပါကြောင်း၊

 

• COVID-19 ကူးစက်မှုများ ကမ္ဘာတစ်ဝန်း၌ ဖြစ်ပွားနေချိန်တွင် စက်ရုံ၊ အလုပ်ရုံများ လုပ်ငန်းပြန်လည် လည်ပတ်ရာတွင် အလုပ်သမားများအနေဖြင့် ပါးစပ်နှင့်နှာခေါင်းစည်း (mask) ကို စနစ်တကျ တပ်ဆင်ရန်နှင့် လူအများနှင့် ဆက်ဆံရသူများတွင် mask ကိုသာမက မျက်နှာအကာ (face shield) ကိုပါတပ်ဆင်ရန်တို့ကိုသာမက ထမင်းစားသောက်ချိန်၌ လူအများစုဝေးကာ ရောဂါကူးစက်နိုင်သဖြင့် ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များကို တိကျစွာလိုက်နာရန် မှာ အထူးအရေးကြီးပါကြောင်း၊
• စက်ရုံ၊ အလုပ်ရုံများမှ အလုပ်သမားများလိုက်နာရန် ရောဂါကာကွယ်ရေးစည်းကမ်းများကိုလည်း ထပ်မံ၍ ကျယ်ကျယ်ပြန့်ပြန့်ဖြန့်ဝေပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
လှူဒါန်းမှု အခမ်းအနားတွင် -
• အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် အလုပ်သမားရေးရာ ဆိုင်ရာ ဝန်ထမ်းမိသားစုများ၏ လှူဒါန်းငွေကျပ် (၁၁၆) သိန်း၊
• ဩစတြေးလျနိုင်ငံနေ ဒေါက်တာဇော်သူအောင် + ဒေါက်တာဆုမြင့်တင်၊ (သမီး) မရှင်းသန့်မြင့်သူ နှင့် (သား) မောင်ခန့်ဘုန်းမြင့်သူ တို့၏ လှူဒါန်းငွေကျပ် (၁၀) သိန်း၊
• ဦးညွန့်တင် (စာရေးဆရာ - ပြည်သာယာ) + ဒေါ်နန်းရွှေမြင့် မိသားစု ၏ လှူဒါန်းငွေကျပ် (၁၀) သိန်းနှင့်
• ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဝန်ကြီးရုံး (ကျန်းမာရေး) အရာထမ်းနှင့် အမှုထမ်းများ ၏ လှူဒါန်းငွေကျပ် (၄) သိန်း တို့ကို အသီးသီးပေးအပ် လှူဒါန်းခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးနှင့် ဒုတိယဝန်ကြီးဒေါက်တာ မြလေးစိန်တို့က လက်ခံခဲ့ပြီး ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ပါသည်။

More Tags