မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း (၁၈) ကြိမ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီအစည်းအဝေးဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးတက်ရောက်

နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ အောက်တိုဘာလ (၁၀) ရက်

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်နှင့် အတူ ယနေ့၊ နံနက်ပိုင်းတွင် Videoconferencing စနစ်ဖြင့် ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်း လုပ်ငန်းရှင်များအသင်း (၁၈) ကြိမ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီအစည်းအဝေး ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

 

     အခမ်းအနား၌ မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း နာယက၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက အဖွင့်အမှာစကားပြောကြားခဲ့ရာတွင် -
• ကမ္ဘာ့ကပ်ရောဂါ COVID-19 စတင် ဖြစ်ပွားချိန်တွင် ကမ္ဘာ့နိုင်ငံအသီးသီးက ဆေးနှင့် ဆေးပစ္စည်းများကို အပြိုင်အဆိုင်ဝယ်ယူခဲ့ကြပြီး မိမိတို့မြန်မာနိုင်ငံအနေဖြင့်လည်း ဆေးနှင့် ဆေးပစ္စည်းများကို ဝယ်ယူရန်အတွက် အခက်အခဲရှိနေချိန်၌ အရည်အသွေးပြည့်မီ၍ သင့်တင့်သော ဈေးနှုန်းဖြင့် အချိန်မီဝယ်ယူရရှိနိုင်ရေးအတွက် ပံ့ပိုးဆောင်ရွက်ခဲ့သည့် မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်း လုပ်ငန်းရှင်များအသင်းအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဝန်ထမ်းများကိုယ်စား ကျေးဇူးတင်ရှိကြောင်းကို ရှေးဦးစွာ ပြောကြားလိုပါကြောင်း၊
• ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်နေသည့် ဝန်ကြီးဌာနအား ယခုကဲ့သို့ ပံ့ပိုးခြင်းသည် ပြည်သူများအကျိုးအတွက် တစ်ဖက်တစ်လမ်းမှ ဆောင်ရွက်ပေးခြင်းပင်ဖြစ်ပါကြောင်း၊
• ဝန်ကြီးဌာနရှိ အစားအသောက်နှင့်ဆေးဝါးကွက်ကဲရေးဦးစီးဌာနသည် အမျိုးသားဆေးဝါးဥပဒေ၊ နှီးနွှယ်ဥပဒေများ၊ အာဆီယံနိုင်ငံများအကြား သဘောတူညီသတ်မှတ်ချက်များနှင့် အညီ ဆေးနှင့် ဆေးပစ္စည်းများ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊
• မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းသည် ဝန်ကြီးဌာန၏ အရေးကြီးသော မိတ်ဖက်အဖွဲ့အစည်း တစ်ခုဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနနှင့် ဤအသင်းသည် နှစ်ပေါင်းများစွာ ပေါင်းစပ်၍ လုပ်ကိုင်ရမည်ဖြစ်သည့်အတွက် ရေရှည်ကာလအတွက် မျှော်မှန်းကာ ဝန်ကြီးဌာနနှင့် အသင်း တို့အကြား ပူးပေါင်း ဆောင်ရွက်မှုများ ယခုထက် ပိုမိုကောင်းမွန်ထိရောက်စေရေးမူဘောင်များ၊ စနစ် (system) များ ရေးဆွဲဆောင်ရွက်ရန်အတွက် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ဆေးနှင့်ဆေးပစ္စည်းများ ဝယ်ယူဖြန့်ဖြူးရေးဌာနစိတ် မှ တာဝန်ရှိသူများနှင့် အသေးစိတ် ဆွေးနွေးမှုများ အမြန်ဆုံး ပြုလုပ်စေလိုပါကြောင်း၊

 

• ထိုသို့ဆွေးနွေးရာတွင် ဝန်ကြီးဌာနမှ ဆေးနှင့်ဆေးပစ္စည်းများဝယ်ယူဖြန့်ဖြူးခြင်း၊ ထောက်ပံ့ပို့ ဆောင်ခြင်း၊ တင်ဒါခေါ်ယူခြင်း၊ အွန်လိုင်းရက်ချိန်းကြိုတင်လျောက်ထားမှုစနစ်၊ ထောက်ခံချက် လက်မှတ် စီမံခန့်ခွဲမှုစနစ် စသည့်လုပ်ငန်းများဆောင်ရွက်ရာတွင် တွေ့ရှိရသည့် အားနည်းချက်များ၊ လိုအပ်ချက်များအား အသင်းမှ ပညာရှင်များက ပွင့်လင်းစွာ အကြံပြုပြောကြားစေလိုပါကြောင်း၊
• ဝန်ကြီးဌာနအနေဖြင့် ကုသရေးဦးစီးဌာန၏ ဆေး နှင့် ဆေးပစ္စည်းများ ဝယ်ယူရန် ဘဏ္ဍာငွေအား (၂၀၁၉-၂၀) ခု ဘဏ္ဍာနှစ်က (၁၄၇) ဘီလီယံကျပ်သာ အသုံးပြုခဲ့ရာမှ လာမည့် (၂၀၂၀-၂၁) ခုဘဏ္ဍာနှစ်တွင် (၃၀၀) ဘီလီယံကျပ်အထိ တိုးမြှင့် အသုံးပြုသွားရန် လျာထားသည့်အတွက် အရည်အသွေးပြည့်ဝပြီး ဈေးနှုန်းသင့်တင့်သော ဆေးနှင့်ဆေးပစ္စည်းများ ဝယ်ယူနိုင်ရန်သည် အထူးအရေးကြီးပါကြောင်း၊
• ထိုသို့ ဝယ်ယူရာတွင် အရည်အသွေးမှန်ကန်သည့် ဆေးနှင့်ဆေးပစ္စည်းများ ရွေးချယ်ဝယ်ယူ နိုင်ရန်အတွက် ဆေးနှင့် ဆေးပစ္စည်းများအလိုက် အသေးစိတ်အချက်အလက်နှင့် အရည်အသွေး သတ်မှတ်ချက်များသည် အရေးကြီးပါကြောင်း၊
• ဆေးနှင့် ဆေးပစ္စည်းအမျိုးအစားအလိုက် အသေးစိတ်အချက်အလက်နှင့် အရည်အသွေး သတ်မှတ်ချက်များကို စုံလင်စုစည်း ထားရှိမှု (specification bank) ပြုလုပ်ရာတွင်အသင်းမှ ပညာရှင်များက ဝန်ကြီးဌာနအား ပံ့ပိုးဆောင်ရွက်စေလိုပါကြောင်း၊
• အသင်း၏ ရည်မှန်းချက်နှင့် ဦးတည်ချက်များ၊ ပင်မအခြေခံအလေးပေးတန်ဖိုးထားမှုများ နှင့် ချမှတ်ထားသောလုပ်ငန်းကျင့်ဝတ် (code of conduct) များသည် ကောင်းမွန်ပြီး အဆိုပါ အချက်များအား လိုက်နာဆောင်ရွက်ခြင်းဖြင့် ရေရှည်တည်တံ့ကာ တိုးတက်ဖွံ့ဖြိုးသော အသင်းကြီးဖြစ်လာမည် ဖြစ်ပါကြောင်း၊
• ဦးတည်ချက်များအနက် လုပ်ငန်းကျင့်ဝတ်ပီပြင်မှုသည် အသင်းကြီးဖွံ့ဖြိုးတိုးတက်မှုအတွက် အထူးအရေးကြီးပါကြောင်း၊
• ပြည်သူများ အရည်အသွေးမှန်ကန်ပြည့်ဝပြီး အဖိုးနှုန်းသင့်တော်သည့် ဆေးဝါးများ ဝယ်ယူသုံးစွဲနိုင်ရေးအတွက် အသင်းမှ ဆက်လက်ကြိုးပမ်းဆောင်ရွက်ပေးစေလိုပါကြောင်း၊
• COVID-19 ကုသရေးဌာန (ဖောင်ကြီး) တည်ဆောက်ရာတွင်လည်း ပံ့ပိုးပါဝင်လှူဒါန်းဆောင်ရွက်မှုများအပါအဝင် အသင်းကြီးမှ များပြားသော လှူဒါန်းမှုများအတွက် ဝန်ကြီးဌာနမှ အရာထမ်းနှင့် အမှုထမ်းများကိုယ်စား ကျေးဇူးတင်ရှိပါကြောင်း၊
• အသင်းကြီးအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ဆေးနှင့်ဆေးပစ္စည်းဆိုင်ရာ ကိစ္စရပ်များအား မည်ကဲ့သို့ ပံ့ပိုးနိုင်မည်ဆိုသည့် အသေးစိတ်အချက်အလက်များကိုလည်း သိရှိလိုပါကြောင်း၊
• မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် COVID-19 ကမ္ဘာ့ကပ်ရောဂါသည် ရောဂါကူးစက်မှု ဒုတိယလှိုင်း၏နောက်တွင်လည်း ထိရောက်သော ကာကွယ်ဆေးမပေါ်ပေါက်သေးသည့် ကာလတစ်လျှောက်လုံး၌ ရောဂါကူးစက်မှုလှိုင်းငယ်များ ရှိလာနိုင်သဖြင့် အသင်းအနေဖြင့် ဝန်ကြီးဌာနနှင့် ဆက်လက် လက်တွဲကြိုးပမ်းဆောင်ရွက်စေလိုပါကြောင်း၊
• အသင်းကြီး၏ နှစ်ပတ်လည် အစီရင်ခံစာများကိုလည်း ယခုထက်ပိုမိုကောင်းမွန်စေရေး ဆောင်ရွက်စေလိုပါကြောင်း၊
• ဝန်ကြီးဌာနအနေဖြင့် ပံ့ပိုးဆောင်ရွက်ရမည်များအားလည်း အတတ်နိုင်ဆုံးဆောင်ရွက် သွားမည် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

 

     မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း နာယက၊ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် က အဖွင့်အမှာစကား ပြောကြားခဲ့ရာတွင် -
• COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆိုင်ရာ ဆေးနှင့်ဆေးပစ္စည်း ဝယ်ယူရေးကော်မတီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက အဖွဲ့ဝင်အဖြစ်ပါဝင်ပြီး မိမိတို့ဝန်ကြီးဌာနအနေဖြင့် ပြည်ပမှ ဆေးဝါးနှင့်ဆေးဝါး ပစ္စည်းများ ဝယ်ယူနိုင်ရေးအတွက် UNOPS နှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန တို့ ချိတ်ဆက်ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း၊
• COVID-19 ကာလအတွင်း စီးပွားရေး လုပ်ငန်းများထိခိုက်မှု လျော့နည်းသက်သာစေရေးအတွက် ဆေးဝါးများနှင့် ဆေးဝါးထုတ်လုပ် ရာတွင် အသုံးပြုသည့် ဆေးဝါးကုန်ကြမ်းများ အားလုံးအပေါ် သွင်းကုန်လိုင်စင်ကြေး ကင်းလွတ် ခွင့်ပြုပေးကြောင်း၊
• လှူဒါန်းသည့် COVID-19 နှင့်သက်ဆိုင်သောဆေးဝါးများ တင်သွင်းရာတွင် မြန်ဆန်စွာ ဆောင်ရွက်နိုင်ရေးအတွက် FDA နှင့် ညှိနှိုင်းပေါင်းစပ်၍ ဖြေလျှော့ဆောင်ရွက် ပေး လျက်ရှိပါကြောင်း၊
• ထို့အပြင် ကုန်သွယ်မှုဆိုင်ရာ လုပ်ငန်းစဉ်များဖြစ်သော ပို့ကုန်/ သွင်းကုန် လုပ်ငန်းရှင်များ မှတ်ပုံတင်ခြင်းအပါအဝင် အခြားသော မှတ်ပုံတင်ခြင်းကိစ္စများ၊ ပို့ကုန်သွင်းကုန် လိုင်စင်လျှောက်ထားခြင်းများကို အွန်လိုင်းစနစ်ဖြင့် အပြည့်အဝကျင့်သုံးဆောင်ရွက်နိုင်ရေး ဆက်စပ်ဌာနများနှင့် ပေါင်းစပ်ကာ Tradenet 2.0 စနစ် အား အကောင်အထည်ဖော် လျက်ရှိပါကြောင်း၊
• COVID နှင့်ပတ်သက်သော ဆေးဝါးများ ပုံမှန်တင်သွင်းနိုင်ရေးအပြင် ဆီးချို၊ သွေးတိုး၊ နှလုံးအစရှိသည့် ရောဂါများ နှင့် သက်ကြီးရွယ်အိုများအတွက် အသုံးပြုရသည့် ဆေးဝါးများ တင်သွင်းမှုကိုလည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ပူးပေါင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊
• ရေရှည်တွင် ပြည်တွင်း၌ဆေးဝါးထုတ်လုပ်နိုင်ရေး အတွက်ကိုလည်း ဆောင်ရွက်သွား ကြစေလိုပါကြောင်းပြောကြားခဲ့သည်။
ထို့နောက် မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ၊ အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရ ဦးဇော်မိုးခိုင်က ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားခဲ့ပြီး အသင်းမှ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ COVID-19 ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် ပံ့ပိုးပါဝင်မှုနှင့် လှူဒါန်းမှုများ၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် ပူးပေါင်းကာ စွမ်းဆောင်ရည်မြှင့်တင်မှုလုပ်ငန်းများဆောင်ရွက်ခဲ့မှု၊ ဆေးပစ္စည်းများဆိုင်ရာ ဥပဒေပေါ်ပေါက်လာရေး ပူးပေါင်းဆောင်ရွက်နေမှုများ စသည့် လုပ်ငန်းများအား ရှင်းလင်းတင်ပြခဲ့ပါသည်။
     ဆက်လက်၍ (၂၀၂၀-၂၀၂၂) ခုနှစ် သက်တမ်းအတွက် ရွေးချယ်ခံရသော ဗဟိုအလုပ်အမှုဆောင်နှင့် အလုပ်အမှုဆောင် အဖွဲ့ဝင်စာရင်းကြေညာခဲ့ပြီး အစည်းအဝေး ပထမပိုင်းကို ရုတ်သိမ်းခဲ့ပါသည်။
     အဆိုပါ ဖွင့်ပွဲ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ ဦးအောင်နိုင်ဦး၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ ဦးကိုကိုလွင်၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမြဲတန်းအတွင်းဝန် ဦးမြင့်လွင်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာခင်ဇော်၊ ဆေးသုတေသနဦးစီးဌာန(ရန်ကုန်)၊ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာဇော်သန်းထွန်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)၊ ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း၊ မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း အလုပ်အမှုဆောင်များ၊ အသင်းဝင်များ နှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ပါသည်။

More Tags