Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီသို့ လှူဒါန်းမှုများအား ပြည်ထောင်စုဝန်ကြီးလက်ခံ

နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ အောက်တိုဘာလ (၇) ရက်

     Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ အတွင်းရေးမှူး (၂)၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နံနက်ပိုင်းတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ နေပြည်တော်၌ အလှူရှင်များက Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသား အဆင့်ဗဟိုကော်မတီထံသို့ လှူဒါန်းမှုများအား လက်ခံခဲ့ပါသည်။

     ရှေးဦးစွာ အလှူရှင်များက လှူဒါန်းရသည့် အကြောင်းအရင်းများကို ပြောကြားခဲ့ရာ -
     အမျိုးသားလွှတ်တော်၊ ဥက္ကဋ္ဌ ဦးမန်းဝင်းခိုင်သန်းက -

• မိမိတို့နိုင်ငံတွင် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီကို ဖွဲ့စည်းခဲ့ကာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် နှီးနွှယ်ဝန်ကြီးဌာနများ တက်ညီလက်ညီဖြင့် လုပ်ငန်းများဆောင်ရွက်လျက်ရှိပါကြောင်း၊
• မိမိတို့အနေဖြင့် ယခုကဲ့သို့ လှူဒါန်းရခြင်းမှာ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် တစ်တပ်တစ်အားပါဝင်ခြင်းဖြစ်ပြီး နိုင်ငံတော်နှင့် ပြည်သူများအတွက် ဘေးအန္တရာယ်ကို မကြောက်မရွံ့ဖြင့်ဆောင်ရွက်နေကြသော ကျန်းမာရေးဝန်ထမ်းများအား ဂုဏ်ပြုသည့် သဘောဖြင့် လှူဒါန်းခြင်းလည်း ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

 

     စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက -
• မိမိတို့နိုင်ငံတွင် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာလုပ်ငန်းများကို ကော်မတီများ အသီးသီးဖွဲ့စည်းကာ ကျရာကဏ္ဍမှ ပူးပေါင်းဆောင်ရွက်လျက်ရှိရာတွင် မိမိတို့ဝန်ကြီးဌာနအနေဖြင့် COVID-19 စီးပွားရေးထိခိုက်မှု သက်သာရေးစီမံချက် (CERP) ကို ရေးဆွဲဆောင်ရွက်ရာတွင် လည်းကောင်း၊ ဘဏ္ဍာရေးပိုင်းဆိုင်ရာလိုအပ်ချက်များ လစ်ဟင်းမှုမရှိစေရေးအတွက်လည်းကောင်း၊ နိုင်ငံတကာမှ ချေးငွေများ ရယူရာတွင်လည်းကောင်း၊ COVID-19 တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းများ အတွက် ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများ လျှော့ချပေးခြင်းဖြင့်လည်းကောင်း၊ ဘဏ္ဍာငွေများအား ဘဏ္ဍာနှစ်လွန်အသုံးပြုနိုင်ရန် အတွက်လည်းကောင်း၊ စက်ရုံများမှ လူနာတင်ယာဉ်များ၊ ဆေးဝါးများနှင့် တစ်ကိုယ်ရေသုံးရောဂါကာကွယ်ရေးဝတ်စုံများထုတ်လုပ်ခြင်းတွင်လည်းကောင်း ပံ့ပိုးကူညီ ပါဝင်ဆောင်ရွက်လျက်ရှိပါကြောင်း၊
• COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို ရှေ့တန်းမှ ဆောင်ရွက်နေသော ကျန်းမာရေးဝန်ထမ်းများ၊ ပရဟိတစေတနာ့ဝန်ထမ်းများအား လေးစားဂုဏ်ပြုသည့်အနေဖြင့် မိမိတို့ဝန်ကြီးဌာနမှ ဝန်ထမ်းများက ပါဝင်လှူဒါန်းခြင်းဖြစ်ပါကြောင်းပြောကြားခဲ့ပါသည်။

     နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုင်းကျော်နိုင်ဦးက -
• မိမိတို့ဦးစီးဌာနမှ ဆရာ၊ ဆရာမများသည် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် စေတနာ့ဝန်ထမ်းများအဖြစ် ပါဝင်ဆောင်ရွက်လျက်ရှိပြီး ဆေးရုံများတွင်အသုံးပြုရန် robot trolley များလည်း ပြုလုပ်လှူဒါန်းခဲ့ပါကြောင်း၊
• COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအား အားထုတ်ကြိုးပမ်းဆောင်ရွက်နေသည့် ကျန်းမာရေးဝန်ထမ်းများအား ဂုဏ်ယူလေးစားအားကိုးသည့်အနေဖြင့် မိမိတို့ ဦးစီးဌာနမှ ဝန်ထမ်းများက လှူဒါန်းခြင်းဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

     ဆက်လက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက လှူဒါန်းမှုများအပေါ် ကျေးဇူးတင်စကားပြောကြားခဲ့ရာတွင် -
• ယခုကဲ့သို့ လှူဒါန်းမှုများအတွက် ကျန်းမာရေးဝန်ထမ်းများ အားလုံး၏ ကိုယ်စားကျေးဇူး တင်ရှိပါကြောင်း၊
• ဝန်ကြီးဌာနအနေဖြင့် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်မှုများဖြင့် လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊
• COVID-19 သည် အသက်ရှူလမ်းကြောင်းမှ တစ်ဆင့်ကူးစက်တတ်သော ရောဂါဖြစ်ပြီး လျင်မြန်စွာ ကူးစက်ပျံ့နှံ့နိုင်သည်ဖြစ်သဖြင့် ယခု COVID-19 ကူးစက်မှု ဒုတိယလှိုင်းနောက်တွင်လည်း ရောဂါကူးစက်မှုလှိုင်းများ ရှိလာနိုင်ပါကြောင်း၊ အဆိုပါရောဂါကူးစက်မှုလှိုင်းများ ကြီးမားခြင်း မရှိစေရန် အတွက် ပြည်သူများအနေဖြင့် ရောဂါကာကွယ်ရေးနည်းလမ်းများကို အမြဲတစေဂရုပြု လိုက်နာကြရမည်ဖြစ်ပါကြောင်း၊
• မိမိတို့ဝန်ကြီးဌာနအနေဖြင့် ရရှိသော ဘဏ္ဍာငွေနှင့် ရန်ပုံငွေများကို အကျိုးရှိထိရောက်စွာ အသုံးချလျက်ရှိပါကြောင်း၊
• COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ လုပ်ငန်းများဆောင်ရွက်ရာ၌ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနသည် ကျန်းမာရေးစောင့်ရှောက်မှု ကဏ္ဍအတွက် အဓိကမဏ္ဍိုင်တစ်ခုဖြစ်သော်လည်း အခြားသက်ဆိုင်ရာကဏ္ဍလုပ်ငန်းများနှင့် ဆက်စပ်နှီးနွှယ်နေသော ကြောင့် သက်ဆိုင်ရာကဏ္ဍပေါင်းစုံပါဝင် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဆက်လက်ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

 

     လှူဒါန်းမှု အခမ်းအနားတွင် -
• အမျိုးသားလွှတ်တော်ရုံးကိုယ်စား အမျိုးသားလွှတ်တော်၊ ဥက္ကဋ္ဌ ဦးမန်းဝင်းခိုင်သန်းက ငွေကျပ် (၅၀) သိန်း ၊

• စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနမှ ဝန်ထမ်းများကိုယ်စား ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းနှင့် ဒုတိယဝန်ကြီး ဦးဆက်အောင်တို့က ငွေကျပ် (၇၀၅) သိန်း၊

• နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ရုံးချုပ်၊ ကောလိပ်၊ သိပ္ပံနှင့် ကျောင်းများမှ ဆရာ၊ ဆရာမနှင့် ဝန်ထမ်းမိသားစုများကိုယ်စား ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုင်းကျော်နိုင်ဦးက ငွေကျပ် (၂၇၀) သိန်း တို့ကို အသီးသီးပေးအပ် လှူဒါန်းခဲ့ရာ ပြည်ထောင်စုဝန်ကြီးက လက်ခံခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ပါသည်။

More Tags