ပြည်ထောင်စုဝန်ကြီးသည် တိုင်းဒေသကြီး/ ပြည်နယ် (၆) ခုရှိ COVID-19 ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအား လက်တွေ့မြေပြင်တွင် ဆောင်ရွက်နေသည့် အခြေခံကျန်းမာရေး ပညာရှင်ဝန်ထမ်းများနှင့် တွေ့ဆုံဆွေးနွေး အားပေးစကားပြောကြား၍ အကြံပြုချက်များရယူ

နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ အောက်တိုဘာလ (၆) ရက်နေ့

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နေ့လယ်ပိုင်းတွင် Videoconferencing စနစ်ဖြင့် တိုင်းဒေသကြီး/ ပြည်နယ် (၆) ခုရှိ COVID-19 ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများအား လက်တွေ့မြေပြင်တွင် ဆောင်ရွက်နေသည့် အခြေခံကျန်းမာရေး ပညာရှင်ဝန်ထမ်းများနှင့် တွေ့ဆုံဆွေးနွေး အားပေးစကားပြောကြား၍ အကြံပြုချက်များရယူခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက -

• COVID-19 ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ အပါအဝင် ပြည်သူများအတွက် ပြည်သူ့ကျန်းမာရေး လုပ်ငန်းများကို လက်တွေ့မြေပြင်တွင် ဆောင်ရွက်နေကြသည့် အခြေခံကျန်းမာရေး ပညာရှင် ဝန်ထမ်းများ၏ အခန်းကဏ္ဍသည် အထူးအရေးကြီးပါကြောင်း၊

• ယနေ့တွေ့ဆုံရာတွင် လုပ်ငန်းဆောင်ရွက်မှု အတွေ့အကြုံများ၊ လိုအပ်ချက်များ၊ စိန်ခေါ်မှုနှင့် အခက်အခဲများအား ပွင့်လင်းစွာ ဆွေးနွေးတင်ပြ ကြစေလိုပါကြောင်း၊
• လုပ်ငန်းအတွေ့အကြုံများ ဝေမျှခြင်းဖြင့် မြို့နယ်တစ်ခုမှ ကောင်းမွန်သည့် လုပ်ဆောင်ချက်များအား အခြားမြို့နယ်များမှ အတုယူဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း၊

• အခြေခံကျန်းမာရေး ပညာရှင်ဝန်ထမ်းများအနေဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် ဝန်ကြီးဌာနမှ ဖြန့်ဝေထားသော Mobile Tablet များကို အသုံးချဆောင်ရွက် စေလိုပါကြောင်း၊

• အဆိုပါ Mobile Tablet များတွင် ပါဝင်သည့် COVID-19 ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ လုပ်ငန်းလမ်းညွှန်များနှင့်အညီ လုပ်ငန်းဆောင်ရွက်ခြင်း၊ ပါဝင်သည့် COVID-19 ကာကွယ်ရေး ကျန်းမာရေး အသိပညာ ဗဟုသုတများအား အသွားအလာ ကန့်သတ်ရာနေရာ (quarantine site) များတွင် လက်ကိုင်အသံချဲ့စက်ဖြင့် ပြောကြားခြင်းများ ပြုလုပ်စေလိုပါကြောင်း၊

• ထို့အပြင် ၎င်း Mobile Tablet များတွင်ပါဝင်သည့် လုပ်ငန်းလမ်းညွှန်အမျိုးမျိုးနှင့် ရောဂါအမျိုးမျိုး ကာကွယ်ထိန်းချုပ်ရေး ကျန်းမာရေးအသိပညာ ဗဟုသုတများကိုလည်း ပုံမှန်လေ့လာ မှတ်သားကြစေလိုပါကြောင်း၊

• အခြေခံကျန်းမာရေး ပညာရှင်များသည် ပဏာမကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းနှင့် ပြည်သူ့ကျန်းမာရေးအသိပညာ စာတတ်မြောက်မှု မြင့်မားရေးလုပ်ငန်းများတွင် အလွန် အရေးကြီးသော ကဏ္ဍတွင် ပါဝင်ဆောင်ရွက်နေသူများ ဖြစ်ပါကြောင်း၊

• ဆီးချို၊ သွေးတိုး အစရှိသည့် မကူးစက်တတ်သော ရောဂါများကာကွယ်ထိန်းချုပ်ရေး၊ တိုးချဲ့ကာကွယ် ဆေးထိုးလုပ်ငန်းများ၊ တီဘီ၊ ငှက်ဖျားနှင့် ခုခံကျ/ကာလသား အစရှိသည့် ကူးစက် ရောဂါများ ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများသည်လည်း အရေးကြီးပြီး လုပ်ငန်းများ အားနည်းပါက အဆိုပါရောဂါများ ဖြစ်ပွားမှုနှင့် သေဆုံးမှုများ များပြားလာမည် ဖြစ်ပါကြောင်း၊

• အသွားအလာ ကန့်သတ်ရာနေရာများတွင်လည်း ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ တီဘီရောဂါ၊ ခုခံအားကျဆင်းမှု ကူးစက်ရောဂါဖြစ်ပွားသူများ ပါဝင်နေနိုင်သဖြင့် ၎င်းတို့၏ ဆေးဝါး ပြတ်လပ်မှု မရှိစေရေးအတွက် သက်ဆိုင်ရာ ကျန်းမာရေး စီမံချက်မန်နေဂျာများနှင့် ချိတ်ဆက်ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊

• ယခုတွေ့ဆုံဆွေးနွေးပွဲမှ တစ်ဆင့်ပြောကြားလိုသည်မှာ COVID-19 ဖြစ်ပွားမှု နည်းပါးသည့် မြို့နယ်များတွင် အဆိုပါလုပ်ငန်းများအား လစ်ဟာမှုမရှိစေရေး ဆောင်ရွက်ကြစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။


ထို့နောက် မိမိနေအိမ်တွင်သာနေထိုင်ရေး အစီအစဉ် (Stay at Home) သတ်မှတ်ထားသော ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်၊ တွံတေး၊ မြောက်ဥက္ကလာပ၊ ဒဂုံမြို့သစ် (တောင်ပိုင်း)၊ မင်္ဂလာဒုံ၊ မှော်ဘီ၊ လှိုင်၊ လှိုင်သာယာနှင့် အင်းစိန်မြို့နယ်၊ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာဇံမြို့နယ်၊ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ပဲခူးတိုင်း ဒေသကြီး၊ ပဲခူးမြို့နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်တို့မှ မြို့နယ်ကျန်းမာရေးမှူး၊ ကျန်းမာရေးမှူးအဆင့် (၁)၊ လက်ထောက်ကျန်းမာရေးမှူး၊ မြို့နယ်သူနာပြုဆရာမကြီး၊ ပြည်သူ့ကျန်းမာရေးဆရာမ၊ အမျိုးသမီးကျန်းမာရေးဆရာမ၊ သားဖွားဆရာမ၊ ပြည်သူ့ကျန်းမာရေးကြီးကြပ် (၁) နှင့် (၂) များက -

• COVID-19 လူနာနှင့် ထိတွေ့ခဲ့သူများအား ရှာဖွေထောက်လှမ်းခြင်း လုပ်ငန်းများအတွက် ကျန်းမာရေး ဝန်ထမ်းများ မြို့နယ်အလိုက် အဖွဲ့များဖွဲ့စည်းကာ တာဝန်ထမ်းဆောင်နေမှုနှင့် လုပ်ငန်းဆောင်ရွက်ရာတွင် COVID-19 လူနာနှင့် ထိတွေ့ခဲ့သူအချို့၏ ပူးပေါင်းဆောင်ရွက်မှု မရှိခြင်းကြောင့် တွေ့ကြုံရသည့်အခက်အခဲများ၊

• အသွားအလာ ကန့်သတ်ရာနေရာများနှင့် လတ်တလော အနံ့ပျောက်လက္ခဏာ ခံစားရသူများအား ထားရှိရာနေရာများတွင် ကျန်းမာရေးဝန်ထမ်းများအား အဖွဲ့များဖွဲ့ကာ တာဝန် ထမ်းဆောင်နေမှု၊

• ဓာတ်ခွဲနမူနာရယူမှု သင်တန်းပြီးမြောက်ထားသည့် အခြေခံကျန်းမာရေး ပညာရှင်များက မြို့နယ်အလိုက် အဖွဲ့များဖွဲ့ကာ ဓာတ်ခွဲနမူနရယူနေမှု၊ လုပ်ငန်းများဆောင်ရွက်ရန် သယ်ယူပို့ဆောင် ရေးယာဉ်အချို့ ထပ်မံလိုအပ်မှုနှင့် ဓာတ်ခွဲနမူနာရယူသည့် အခန်းငယ် (sample collection booth) များ ထပ်မံလိုအပ်နေမှု၊

• ဓာတ်ခွဲနမူနာများပေးပို့ပြီး ဓာတ်ခွဲအဖြေရရှိရန် စောင့်ဆိုင်းရန် အချိန်ကြာနေမှု၊
• လက်ကိုင်အသံချဲ့စက် (handheld speaker) များ၊ အသံချဲ့စက် (loud speaker) များ အသုံးပြုကာ ရပ်ကွက်၊ ကျေးရွာနှင့် ဈေးများတွင် ကျန်းမာရေး အသိပညာပေး နှိုးဆော်မှုများပြုလုပ်ခြင်းနှင့် အသွားအလာ ကန့်သတ်ရာနေရာများတွင် လိုက်နာရမည့်စည်းကမ်းများ ပြောကြားခြင်းနှင့် ကျန်းမာရေး အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်နေမှု၊

• အသွားအလာကန့်သတ်ရာနေရာများ စီမံခန့်ခွဲမှု၊ လိုအပ်ချက်နှင့် အခက်အခဲများ၊

• အသွားအလာ ကန့်သတ်ရာနေရာများတွင် လိုက်နာရမည့်စည်းကမ်းများအား ပိုစတာများ၊ ဆိုင်းဘုတ်များ တပ်ဆင်ထားရှိမှု၊ လက်ကမ်းစာစောင်များ ဖြန့်ဝေထားရှိမှုနှင့် လက်ကမ်းစာစောင် များ ထပ်မံလိုအပ်မှု၊

• အဖွဲ့များအလိုက် တယ်လီဖုန်း၊ အီးမေးလ်နှင့် Viber တို့ကို အသုံးပြုကာ သတင်းအချက်အလက်များ မျှဝေဆောင်ရွက်နေမှုနှင့် ထိုသို့ဆောင်ရွက်ရန်အတွက် ကျသင့်သော တယ်လီဖုန်း/ အင်တာနက်ခများ ပံ့ပိုးပေးရန် လိုအပ်မှု၊

• အသွားအလာကန့်သတ်ရာနေရာများတွင် ရုတ်တရက် ရောဂါလက္ခဏာပြလာသူများအား အရေးပေါ်ကုသမှုပေးရန် အောက်ဆီဂျင်များ လိုအပ်မှု၊

• Pulse Oximeter များနှင့် သွေးပေါင်ချိန်တိုင်း ကိရိယာများ ထပ်မံလိုအပ်နေမှု၊

• မြို့နယ်အဆင့်မှ တိုင်းဒေသကြီး/ ပြည်နယ်အဆင့်သို့ လုပ်ငန်းအစီရင်ခံစာ (report) များ ပေးအပ်နေမှု၊

• လုပ်ငန်းများတွင် ပရဟိတစေတနာရှင်များက ဝိုင်းဝန်းကူညီဆောင်ရွက်နေမှုနှင့် ၎င်းတို့အား ရောဂါကာကွယ်ရေး အသုံးအဆောင်များ ပံ့ပိုးပေးရန်လိုအပ်မှု၊

• ဌာနဆိုင်ရာများနှင့် ချိတ်ဆက်ပူးပေါင်းဆောင်ရွက်မှု၊

• ပြည်သူများအနေဖြင့် COVID-19 ကာကွယ်ရေး နည်းလမ်းများကို သိရှိကြသော်လည်း လိုက်နာဆောင်ရွက်ခြင်း အားနည်းနေမှု၊

• လက်ရှိအခြေအနေတွင်လည်း မြို့နယ်များ အထူးသဖြင့် ရန်ကုန်တိုင်းဒေသကြီးရှိ အချို့မြို့နယ်များတွင် လူစုလူဝေးပြုလုပ်နေမှုများ၊ ဈေးများတွင် ပါးစပ်နှင့် နှာခေါင်းစည်း (mask) ကို စနစ်တကျ တပ်ဆင်ခြင်းမရှိသူများ၊ လုံးဝတပ်ဆင်ခြင်းမရှိသူများ သွားလာနေမှုများကို မြင်တွေ့နေရမှု၊

• အထွေထွေဆွေးနွေးချက်များ၊ အကြံပြုချက်များကို တင်ပြခဲ့ကြပါသည်။

ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်နှင့် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးဦးတို့က တင်ပြချက်များအပေါ် ပြန်လည်ဆွေးနွေး ပြောကြားမှုများ ပြုလုပ်ခဲ့ပါသည်။


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက လိုအပ်ချက်များမှ ချက်ချင်းဖြည့်ဆည်းပေးနိုင်သည်များကို စီစဉ်ဖြည့်ဆည်းပေးခဲ့ကာ တင်ပြချက်များအပေါ် ပြန်လည်ဆွေးနွေးပြောကြားရာတွင် -

• အခြေခံကျန်းမာရေး ပညာရှင်ဝန်ထမ်းများအနေဖြင့် COVID-19 ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအား အစွမ်းကုန်ကြိုးပမ်း ဆောင်ရွက်နေမှုများအပေါ် အထူးကျေးဇူးတင်ရှိ အသိအမှတ် ပြုပါကြောင်း၊

• ယနေ့တွေ့ဆုံဆွေးနွေးရာတွင် တင်ပြခဲ့သည့် အခြေခံကျန်းမာရေး ပညာရှင်ဝန်ထမ်းများ၏ လိုအပ်ချက်များအား အထူးဦးစားပေး ကိစ္စတစ်ရပ်အနေဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊

• "ရန်ကုန်တိုင်းဒေသကြီးအတွင်း COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေး အဖွဲ့ဝင်များ" သည် နေ့စဉ် ညနေ (၅) နာရီတွင် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ် လျက်ရှိရာ အဆိုပါ အစည်းအဝေးတွင် ယခုတွေ့ဆုံ ဆွေးနွေးတင်ပြခဲ့သည့် ရန်ကုန်တိုင်းဒေသကြီးတွင် တွေ့ကြုံနေရသည့် အခက်အခဲများအား ဖြည့်ဆည်းဆောင်ရွက်ပေးရန် မိမိမှ ပြောကြား သွားမည် ဖြစ်ပါကြောင်း၊

• ရခိုင်ပြည်နယ်တွင်လည်း ဈေးမှ တစ်ဆင့်ကူးစက်သည့် လူနာ အများအပြားတွေ့ရှိခဲ့ပြီး ယခုကဲ့သို့ ရောဂါကူးစက်မှုမြင့်မားနေသည့် ရန်ကုန်တိုင်းဒေသကြီးရှိ ဈေးများတွင် စည်းကမ်း လိုက်နာမှု နည်းပါးစွာဖြင့် လုပ်ဆောင်နေသည်မှာ အထူးစိုးရိမ်ဖွယ် ဖြစ်နေပါကြောင်း၊

• အသား၊ ငါး၊ အသီးအရွက် ဒိုင်များ၊ ဈေးနေရာများကို ပိုမိုထိရောက်စွာ ကိုင်တွယ်ရန်အတွက် ဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာ စည်ပင်သာယာရေး ကော်မတီများနှင့် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊

• မြို့နယ် (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီများ၏ ပံ့ပိုးမှု၊ ကူညီဆောင်ရွက်မှုများ အထူးတိုးတက် ကောင်းမွန်လာသည်ကို တွေ့ရှိရပါကြောင်း၊

• အသွားအလာ ကန့်သတ်ရာနေရာများ၏ စီမံခန့်ခွဲမှုများသည် ပိုမိုတိုးတက် စနစ်ကျလာသည်ကို တွေ့ရှိရပြီး ယခုထက်ပိုမိုကောင်းမွန်စေရေး ဆက်လက်ဆောင်ရွက်မည် ဖြစ်ပါကြောင်း၊

• ယခု COVID-19 ဖြစ်စဉ်တွင် အသွားအလာကန့်သတ်ရာနေရာများတွင် ရှိနေသူများအနက် ရောဂါပိုးရှိနေသူများ ပါဝင်ကာ အခြားသူများထံသို့ အသက်ရှူလမ်းကြောင်းမှ တစ်ဆင့် ရောဂါကူးစက်စေနိုင်သဖြင့် အသွားအလာကန့်သတ်ရာနေရာများ စီမံခန့်ခွဲမှုများသည် အခြားသော ဘေးအန္တရာယ်များကြောင့် ဖြစ်ပေါ်သည့် လူစုလူဝေးနှင့် ယာယီစခန်းများကို စီမံခန့်ခွဲရ သည်နှင့် မတူညီပါကြောင်း၊

• ဝန်ကြီးဌာနအနေဖြင့် လုပ်ငန်းလမ်းညွှန်များ၊ စံလုပ်ထုံးလုပ်နည်းများကို အမြဲဆန်းစစ်သုံးသပ်ကာ အခြေအနေအရပ်ရပ်နှင့် ကိုက်ညီစွာ မွမ်းမံပြင်ဆင်ပြီး ဖြန့်ဝေလျက်ရှိပါကြောင်း၊

• မြို့နယ်များမှ လုပ်ငန်းအစီရင်ခံစာ (report) များ ပေးပို့ရာတွင် ပါဝင်ရမည့်အချက်များကို ပိုမိုပီပြင်စေရန်နှင့် လိုအပ်သည့်အချက်များကို ရိုးရှင်းလွယ်ကူမြန်ဆန်စွာ ဖြည့်စွက်ပေးပို့နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊

• ဗဟိုအဆင့်သို့ ရောက်ရှိလာသည့် အချက်အလက်များကို သုံးသပ်ပြီး လိုအပ်သည့် နည်းဗျူဟာများကို လိုအပ်သလိုချမှတ် ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊

• COVID-19 လူနာနှင့်ထိတွေ့ခဲ့သူများအား ရှာဖွေထောက်လှမ်းခြင်းများ ဆောင်ရွက်နေသည့် မြို့နယ်အဆင့်တာဝန်ရှိသူများအား ဗဟိုမှ ပိုမိုအားဖြည့် ပံ့ပိုးသွားမည်ဖြစ်ပါကြောင်း၊

• အောက်ဆီဂျင်ပေးစက် (oxygen concentrator) များ ပိုမိုပံ့ပိုးသွားမည်ဖြစ်ပြီး ထပ်မံလိုအပ်ပါက ထပ်မံဝယ်ယူမည်ဖြစ်ပါကြောင်း၊


• မြို့နယ်အဆင့်၌ Rapid Antigen Diagnostic Test Kit အသုံးပြုစစ်ဆေးရန်အတွက် လုပ်ငန်းလမ်းညွှန်များ အမြန်ဆုံးဖြန့်ဝေသွားမည် ဖြစ်ပါကြောင်း၊

• အသွားအလာ ကန့်သတ်ရာနေရာများနှင့် ဓာတ်ခွဲနမူနာရယူရာနေရာများတွင် အသုံးပြုရန် တစ်ကိုယ်ရေသုံး ရောဂါကာကွယ်ရေးဝတ်စုံများ၊ N95 mask များ အပါအဝင် ရောဂါကာကွယ်ရေး အသုံးအဆောင်များ ထပ်မံပေးအပ်သွားမည် ဖြစ်ပါကြောင်း၊

• အသွားအလာကန့်သတ်ရာနေရာများတွင် ကူညီဆောင်ရွက်နေသည့် ပရဟိတ စေတနာရှင်များအား ရောဂါကာကွယ်ရေး အသုံးအဆောင်များ ပံ့ပိုးပေးမည်ဖြစ်ပါကြောင်း၊

• အသွားအလာကန့်သတ်ရာနေရာများတွင် အချက်အလက်များ လျင်မြန်စွာ ဖြည့်စွက်ပေးပို့နိုင်ရန်အတွက် ကွန်ပျူတာစနစ်ကို အသုံးချဆောင်ရွက်မည် ဖြစ်ပါကြောင်း၊

• အသက်အရွယ်ကြီးသူများနှင့် နာတာရှည်ရောဂါ ရှိသူများအား အသွားအလာကန့်သတ်ရာ နေရာများတွင် သီးခြားထားရှိနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊

• အသွားအလာကန့်သတ်ရာ နေရာများတွင် လုပ်ငန်းဆောင်ရွက်နေသူများသည် နေ့စဉ်လုပ်ငန်းများကို ပြန်လည်သုံးသပ်ကာ လုပ်ငန်းများ ပိုမိုပီပြင်စေရေး ဆောင်ရွက်ကြစေလိုပါကြောင်း၊

• မိမိတို့၏ ကုသရေးဝန်ထမ်းများက တစ်ဖက်မှ COVID-19 လူနာများကို ကုသမှုပေးနေသကဲ့သို့ ရောဂါကူးစက်ဖြစ်ပွားမှုများ နည်းပါးစေရန် ပြည်သူ့ကျန်းမာရေးဖက်မှလည်း အထူးပိုမို အားဖြည့်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊

• ဝန်ကြီးဌာနအနေဖြင့် ပြည်သူများ ရောဂါအမျိုးမျိုး ဖြစ်ပွားမှုမရှိစေရေးအတွက် ပြည်သူ့ကျန်းမာရေး လုပ်ငန်းများ၊ တိုးချဲ့ကာကွယ်ဆေးထိုး လုပ်ငန်းများအား အမြဲအားထုတ် ဆောင်ရွက်နေသည့် အခြေခံကျန်းမာရေး ပညာရှင်ဝန်ထမ်းများအား ကျေးဇူးတင်ရှိ အသိအမှတ်ပြုပါကြောင်း ပြောကြားခဲ့ပါသည်။

အစည်းအဝေးသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူးချုပ်၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ကူးစက်)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံ/ဘဏ္ဍာ)၊ ညွှန်ကြားရေးမှူး (ကျန်းမာပညာ)၊ ညွှန်ကြားရေးမှူး (ပြည်ထောင်စုဝန်ကြီးရုံး)၊ ညွှန်ကြားရေးမှူး (စီမံ)၊ ညွှန်ကြားရေးမှူး (ကျန်းမာရေးအဆင့်မြှင့်တင်ရေး)၊ ကျန်းမာရေးစီမံချက် မန်နေဂျာများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။

More Tags