ပဲခူးတိုင်းဒေသကြီးတွင် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ် ကုသနိုင်ရေးအတွက် လုပ်ငန်းဆောင်ရွက်မှုများ ကွင်းဆင်းကြည့်ရှုခြင်းနှင့် ကြိုတင်ပြင်ဆင်ခြင်းများဆောင်ရွက်

ပဲခူး ၊ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ (၃) ရက်နေ့

     မြန်မာနိုင်ငံအတွင်း COVID-19 ရောဂါကူးစက်ပြန့်ပွားမှု ပိုမိုများပြားလာသည့်အတွက် ဖြစ်ပွားမှုများနေသောရန်ကုန်တိုင်းဒေသကြီးနှင့်ထိစပ်မှုရှိနေသည့် ပဲခူးတိုင်းဒေသကြီးအတွင်း ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အားဖြည့်ဆောင်ရွက်ရန်နှင့် ကုသရေးလုပ်ငန်းများအတွက်လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်းသိန်း ဦးဆောင်သော အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာရန်နိုင်မောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် (၂၉-၉-၂၀၂၀) ရက်နေ့၌ ပဲခူးမြို့နယ်အတွင်း ကွင်းဆင်း၍ လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြပါသည်။

 

     ဝန်ကြီးချုပ်နှင့်အဖွဲ့သည် COVID-19 ရောဂါ ဓါတ်ခွဲအတည်ပြုလူနာများထားရှိကုသမှုပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိသည့် ပဲခူးမြို့တိုင်းရင်းဆေးရုံသို့ သွားရောက်၍ ပြင်ဆင် ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ရာ တိုင်းဒေသကြီးကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာရန်နိုင်မောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ပြင်ဆင် ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြကြရာ ဝန်ကြီးချုပ်က လုပ်ငန်းလိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးကာ တိုင်းရင်းဆေးရုံအတွင်း လှည့်လည်ကြည့်ရှုခဲ့ကြပါသည်။

     ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးတက္ကသိုလ်ဝင်းအတွင်းရှိ တက္ကသိုလ်ဆေးရုံသို့ သွားရောက်ကြည့်ရှုခဲ့ရာ ပါမောက္ခချုပ်နှင့်တာဝန်ရှိသူများ ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းတင်ပြခဲ့ကြပြီး ဝန်ကြီးချုပ်မှ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးရန် လမ်းညွှန်မှာကြားခဲ့ပါသည်။ ထို့နောက် Anosmia Center (သို့မဟုတ်) Asymptomatic COVID-19 Confirmed Case များထားရှိကုသနိုင်ရေးအတွက် ပဲခူးတက္ကသိုလ်ဆေးရုံအား ခုတင်(၅၀)ဆံ့ဆေးရုံအဖြစ် CBKMA Foundation အကူအညီဖြင့် စတင်ပြင်ဆင် ဆောင်ရွက် လျက်ရှိပါသည်။

 

More Tags