ကချင်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ မိုးညှင်းမြို့နယ်သို့ COVID-19 ရောဂါ ထိန်းချုပ်တုံ့ပြန်ဆောင်ရွက်နေမှုကို ကွင်းဆင်းကြီးကြပ်

မိုးညှင်းမြို့ ၊ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ (၂) ရက်နေ့

     မိုးညှင်းမြို့နယ်တွင် ကျန်းမာရေးဝန်ထမ်းများအပါအဝင် ပိုးတွေ့လူနာ (၇)ဦး တွေ့ရှိပြီး မြို့နယ်တွင်း ကူးစက်မှုများရှိနေသဖြင့် COVID-19 ရောဂါကာကွယ်ထိန်းချုပ်တုံ့ပြန် ဆောင်ရွက်ရေးလုပ်ငန်းမျာကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ရှိရာ ကချင်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ နော်ရှဲထာနှင့် လက်ထောက်ညွှန်ကြားရေးမှူး (တိုးချဲ့ကာကွယ်ဆေး/ကူးစက်) ဒေါက်တာမေနယုန်တို့သည် (၂-၁၀-၂၀၂၀) ရက်နေ့ နံနက်ပိုင်းမှစတင်၍ ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်သို့ သွားရောက်၍ ကွင်းဆင်းကြီးကြပ်အားဖြည့်ခဲ့ပါသည်။

     ထိုသို့သွားရောက်ခဲ့ရာ (၂-၁၀-၂၀၂၀) ရက်နေ့ တွင် ပြည်နယ်ကွင်းဆင်းအဖွဲ့သည် မိုးညှင်းခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှူး၊ မိုးညှင်းခရိုင်ဆေးရုံအုပ်ကြီး၊ မိုးညှင်းတက္ကသိုလ် ဒုတိယပါမောက္ခချုပ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှူးနှင့် အခြားဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ လူမှုကူညီရေးအဖွဲ့ဝင်များနှင့်တွေ့ဆုံ၍ COVID-19 ရောဂါ ကာကွယ် ထိန်းချုပ်၊ အရေးပေါ်တုံံ့ပြန် ဆောင်ရွက်နိုင်ရေးအတွက် အစည်းအဝေးပြုလုပ်ခဲ့ပါသည်။

 

 

     အဆိုပါအစည်းအဝေးတွင် - (၁) မိုးညှင်းခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှူး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှူး၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေး ဦးစီးဌာနတို့မှ COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်ပတ်သက်၍ ၎င်းတို့၏ ဆောင်ရွက်ထားမှုအခြေအနေများ၊ ကချင်ပြည်နယ် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီသို့ တင်ပြဆောင်ရွက်မည့်အစီအစဉ်များ (၂) မိုးညှင်းတက္ကသိုလ်ရှိ အဆောင်များတွင် CBFQ ဖွင့်လှစ်ထားရှိအခြေအနေနှင့် လိုအပ်ပါက ထမ်မံတိုးချဲ့ရန်၊ (၃) မေတ္တာမွန် လူမှုကူညီရေးအသင်းမှ လိုအပ်သည့် ဆေးဝါးဆက်စပ်ပစ္စည်းများ၊ ဓာတ်ခွဲနမူနာ ပေးပို့ခြင်းများ၊ အကူလာရောက်မည့် ကျန်းမာရေးဝန်ထမ်းများ နေထိုင်ရန်အတွက် အလှူရှင်များပူးပေါင်း ပါဝင်မှုဖြင့် ဆောင်ရွက်မှုအခြေအနေ၊ (၄) ဒုတိယပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာနော်ရှဲ(လ်)ထာမှ ရောဂါလက္ခဏာမပြသည့် ပိုးတွေ့လူနာများ(Asymptomatic positive patients) နှင့် အနံ့မရခြင်းသာရှိသည့်လူနာများကို ပုညရှင်ဆေးရုံတွင် သီးသန့်ထားရန် စီစဉ်စေလိုပါကြောင်း၊ Primary Contact များကို မိုးညှင်း တက္ကသိုလ်တွင် သီးသန့် ထားရှိရန်နှင့် မြို့နယ်တွင်းကူးစက်မှုများဖြစ်သဖြင့် ရောဂါကာကွယ်ထိန်းချုပ်ရေးတွင် ပြည်သူလူထုပူးပေါင်းပါဝင်မှုသည် အရေးကြီးပါကြောင်း၊ ပြည်သူလူထုအား ကျန်းမာရေး ဆိုင်ရာ အသိပညာများ၊ သတင်းစကားများကို အသံချဲ့စက်များ၊ Hand-held Speakerများဖြင့် တစ်နေ့လျှင် အနည်းဆုံး(၃)ကြိမ် အသိပညာပေး လှည့်လည်နှိုးဆော်ခြင်းကို အထူးအလေးထား ဆောင်ရွက်စေလိုပါကြောင်း၊ ဌာနဆိုင်ရာများအားလုံး ဝိုင်းဝန်းပူးပေါင်းကူညီ ဆောင်ရွက်ကြစေလိုပါကြောင်း၊ ဈေးများသည် ရောဂါကူးစက်မှု အချက်အချာနေရာဖြစ်နိုင်သဖြင့် မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဦးဆောင်၍ ဈေးရောင်းဈေးဝယ်များအား မဖြစ်မနေ mask တပ်ခြင်းကို ဆောင်ရွက်ရန်၊ လက်ဆေးကန်များထားရှိရန်၊ social distancing ကို အတိအကျ လိုက်နာ စေရန်၊ ယခုကပ်ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း နေ့စဉ်ပုံမှန်ဆေးဖြန်းခြင်း ဆောင်ရွက်ရန်၊ ဆွေးနွေးခဲ့ပါသည်။

     ဆက်လက်၍ မိုးညှင်းခုတင်(၁၀၀)ဆန့်ဆေးရုံကြီးမှ ခရိုင်ဆေးရုံအုပ်ကြီး၊ အထွေထွေရောဂါကုသမားတော်၊ အရိုးအထူးကုဆရာဝန်၊ ခွဲစိတ်အထူးကုဆရာဝန်၊ သားဖွားမီးယပ် အထူးကု ဆရာဝန်၊ လက်ထောက်ဆရာဝန်များနှင့် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ကုသရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ပါသည်။

     ထို့နောက်မွန်းလွဲပိုင်းတွင် မိုးညှင်းခရိုင်ပြည်သူ့ကျန်းမာရေးရုံးတွင် ခရိုင်ဆရာဝန်ကြီး၊ ဦးစီးအရာရှိ(သွားကျန်းမာ)၊ မြို့နယ်ကျန်းမာရေးမှူး၊ ကျန်းမာရေးမှူးအဆင့်(၁)၊ မြို့နယ်သူနာပြု ဆရာမကြီး၊ လက်ထောက်ကျန်းမာရေးမှူးများ၊ အမျိုးသမီးကျန်းမာရေးဆရာမများ၊ Alliance, Metta foundation, MDM, SARAမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး သံသယလူနာများ၊ ထိတွေ့သူများ၊ အသွားအလာကန့်သတ်ထားသူများ ဓာတ်ခွဲနမူနာရယူခြင်းနှင့် စာရင်းပြုစုခြင်း၊ လိုအပ်သလို လူမှုရေးနှင့်စိတ်ပိုင်းဆိုင်ရာဖေးမထောက်ပံ့မှု (Psychosocial Support)၊ Logistic Management၊ လက်ကိုင်အသံချဲ့စက်အသုံးပြု၍ ကျန်းမာရေးအသိပညာများပေးခြင်း (Risk Communication and Community Engagement) စသည့် လုပ်ငန်းများ ပိုမိုမြန်ဆန်စေရန်အတွက် ကျန်းမာရေးမိတ်ဖက်အဖွဲ့အစည်းများမှ လိုအပ်သလို ပူးပေါင်းပါဝင် အားဖြည့်ရန် စသည်တို့ တိုင်ပင်ဆွေးနွေး၍ တာဝန်များ အသီးသီး ခွဲဝေချထားခဲ့ပါသည်။

     ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကွင်းဆင်းအဖွဲ့သည် (၂-၉-၂၀၂၀) ရက်နေ့ ညနေပိုင်းတွင် မြစ်ကြီးနားမြို့သို့ ပြန်လည်ရောက်ရှိခဲ့ပြီး မိုးညှင်းမြို့တွင် အကောင်အထည်ဖော် ဆောင်ရွက်မှု အခြေအနေများကို ပြည်နယ်ရှိ Public Health Emergency Operation Centre မှ နေ့စဉ် စောင့်ကြပ်ကြည့်ရှု၍ အနီးကပ်ကြီးကြပ်ပံ့ပိုးသွားမည်ဖြစ်ပါသည်။

 

More Tags