အင်္ဂလန်နိုင်ငံ အခြေစိုက် Tropical Health and Education Trust (THET) အဖွဲ့၏ (၂၀၂၀) ပြည့်နှစ်၊ နှစ်ပတ်လည် ညီလာခံ ဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး အဖွင့်မိန့်ခွန်းပြောကြား

နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ အောက်တိုဘာလ (၁) ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နေ့လယ် (၂:၃၀) နာရီတွင် Videoconferencing စနစ်ဖြင့် ပြုလုပ်ခဲ့သော အင်္ဂလန်နိုင်ငံ အခြေစိုက် Tropical Health and Education Trust (THET) အဖွဲ့၏ (၂၀၂၀) ပြည့်နှစ်၊ နှစ်ပတ်လည် ညီလာခံ ဖွင့်ပွဲအခမ်းအနားတွင် အဖွင့်မိန့်ခွန်းပြောကြားခဲ့ပါသည်။

 

     ရှေးဦးစွာ (THET) အဖွဲ့၏ Chief Executive Officer ဖြစ်သူ Mr. Ben Simms ကအဖွင့်အမှာ စကားပြောကြားရာတွင် -

• ယခုကျင်းပသော နှစ်ပတ်လည် ညီလာခံသည် COVID-19 ကမ္ဘာ့ ကပ်ရောဂါဖြစ်ပွားနေချိန်နှင့် တိုက်ဆိုင်နေပါသော်လည်း နိုင်ငံပေါင်း (၃၀) ကျော်မှ ပညာရှင်များ (၄၆၀) ဦးကျော် တက်ရောက်လျက်ရှိပါကြောင်း၊
• ကမ္ဘာတစ်ဝန်း၌ COVID-19 ကြောင့် သေဆုံးသူ တစ်သန်းကျော်သွားပြီဖြစ်ပြီး ၎င်းတို့အနက် ကျန်းမာရေးစောင့်ရှောက်ပေးသူ (၇,၀၀၀) လည်း ပါဝင်ပါကြောင်း၊
• မိမိအနေဖြင့် COVID-19 သည် ကမ္ဘာ့ကပ်ရောဂါတစ်ခု ဖြစ်ရုံသာမက အခြားသော ကပ်ရောဂါ များကိုပါ အတူယှဉ်တွဲဖြစ်စေသည့် ကပ်ရောဂါကြီးတစ်ခုဖြစ်သည်ဟု ပြောလိုပါကြောင်း၊
• မိမိတို့အနေဖြင့် အရေးကြီးပြီး မရှိမဖြစ် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဆက်လက်ထိန်းသိမ်း ဆောင်ရွက်သွားနိုင်ရန် ကြိုးပမ်းရမည်ဖြစ်ပါကြောင်း၊
• ယခုလို အချိန်များတွင် မိမိတို့အားလုံးသည် ဘဏ္ဍာရန်ပုံငွေများ၊ နည်းပညာများ၊ ကျွမ်းကျင်ပညာရှင် အစရှိသည့် စွမ်းအားစုများကို ပေါင်းစုစည်းပြီး ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊

 

• ယူကေနှင့် မြန်မာနိုင်ငံအကြား မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်သည့်အနေဖြင့် ထောက်ပံ့မှုများ ပိုမိုပေးအပ်လျက်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ညွှန်ကြားရေးမှူးချုပ် Dr. Tedros Adhanom ကအဖွင့်မိန့်ခွန်းပြောကြားရာတွင် -

• လွန်ခဲ့သော (၉)လမှစတင် ဖြစ်ပွားခဲ့သော COVID-19 ကပ်ရောဂါသည် လူ့အသက် သေဆုံးမှု များကိုသာမက ဘဝရှင်သန်မှု၊ အလုပ်အကိုင် အခွင့်အလမ်းများစွာကို ဆုံးရှုံးမှုဖြစ်စေခဲ့ပါကြောင်း၊
• မိမိတို့အားလုံး စုစည်းညီညွတ်မှုနှင့် ထိခိုက်ဆုံးရှုံးမှုများကို နားလည်စာနာကာ ထောက်ပံ့ ကူညီလိုသည့် စိတ်ဆန္ဒများကို ပြသရမည့်အချိန်ဖြစ်ပါကြောင်း၊
• ယခုလိုအချိန်တွင် အရည်သွေးပြည့်ဝသော ကျန်းမာရေးစောင့်ရှောက်မှုများကို ဆက်လက် ပေးနိုင်ရေးသည် စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုများ ပြန်လည်ရရှိရေးတို့အတွက် အရေးပါ သော လိုအပ်ချက်တစ်ခုဖြစ်ပါကြောင်း၊
• ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဝင် နိုင်ငံများအကြား နီးကပ်စွာ မိတ်ဖက်သဖွယ် ပူးပေါင်းဆောင်ရွက် ပြီး ပိုမိုကောင်းမွန်သော ကမ္ဘာတစ်ခုကို ပြန်လည်တည်ဆောက်ကြပါစို့ဟု ပြောကြားခဲ့ပါသည်။

 

     ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက အဖွင့်မိန့်ခွန်းပြောကြားရာတွင် -

• ယခုအချိန်တွင် မိမိတို့နိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများအားလုံးသည် COVID-19 ဖြစ်ပွားကူးစက်မှုများကို ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်များအပါအဝင် အရင်းအမြစ် အမျိုးမျိုးကို အသုံးချဆောင်ရွက်နေကြပါကြောင်း၊

• ပြည်သူများ၏ ကိုယ်တိုင်ပူးပေါင်းပါဝင်ကာ စည်းကမ်းလိုက်နာဆောင်ရွက်မှုသည် COVID-19 ဖြစ်ပွား ကူးစက်မှုများကို ဟန့်တားနိုင်ရန် အဓိကအရေးအကြီးဆုံး အချက်ဖြစ်သည်ကို အလေးထားပြောကြားလိုပါကြောင်း၊

• ထို့အပြင် ကမ္ဘာအရပ်ရပ်ရှိ ကျန်းမာရေးဝန်ကြီးဌာနများအနေဖြင့် နှီးနွှယ်ဝန်ကြီးဌာန၊ အဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်း များ နှင့် ချိန်သားကိုက် စုစည်းချိတ်ဆက်ပူးပေါင်းဆောင်ရွက်မှုများ၊ နိုင်ငံအကြီးအကဲများ၏ စိတ်ဝင်စားစွာ ဦးဆောင်မှုများပြုလုပ်မှသာလျှင် ဤကပ်ရောဂါကို အမြန်ဆုံးထိန်းချုပ်နိုင်မည်ဖြစ်ပါကြောင်း၊

• ယခု ညီလာခံ၏ အကြောင်းအရာခေါင်းစဉ်ဖြစ်သည့် "အားလုံးအတွက် ကျန်းမာရေး ဆယ်စုနှစ်အတွင်း ဆောင်ကြဉ်းပေး (Health for All; A decade to deliver)" နှင့်အညီ ကမ္ဘာ့နိုင်ငံများသည် ပြည်သူများ ကျန်းမာရေးအဆင့်အတန်းမြင့်မားစေရေးအတွက် အမျိုးမျိုးသော နိယာမသဘောတရားများ၊ ချည်းကပ်မှုပုံစံများဖြင့် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊

 

• ထိုသို့ဆောင်ရွက်ရာတွင် ယခု COVID-19 ဖြစ်ပွားနေချိန်တွင် အထူးအရေးကြီးသည်မှာ တီဘီ၊ ခုခံကျ/ကာလသား ရောဂါတိုက်ဖျက်နှိမ်နင်းရေးလုပ်ငန်းများ၊ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းများ၊ မကူးစက်တတ်သောရောဂါများ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ၊ မိခင်နှင့် ကလေးကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများ အပါအဝင်အခြားသော ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်မှုအရှိန်အဟုန်ကျဆင်းလျက်ရှိခြင်း (သို့မဟုတ်) ရပ်ဆိုင်းထားရခြင်းသည် ရေရှည်တွင် နိုင်ငံများ၏ ကျန်းမာရေးအဆင့်အတန်းကို ကျဆင်းထိခိုက်စေမည်ဖြစ်ပါကြောင်း၊

• အထူးသဖြင့် ဝင်ငွေအလယ်အလတ်နှင့် ဝင်ငွေနည်းပါးသော နိုင်ငံများမှ မူဝါဒချမှတ်သူများ၊ ကျန်းမာရေးစီမံချက် မန်နေဂျာများအနေဖြင့် COVID-19 ဖြစ်ပွားမှု အတိုင်းအတာတစ်ခုအထိ လျော့နည်းသွားချိန်တွင် အဆိုပါ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ချက်ချင်း အရှိန်အဟုန်မြှင့်၍ မပျက်မကွက် စတင်နိုင်ရေး ယခုကာလကတည်းမှ ကြိုတင်ပြင်ဆင်ထားရမည်ဖြစ်ပါကြောင်း၊

• နိုင်ငံများ၌ COVID-19 ဖြစ်ပွားမှု အရှိန်အဟုန်နှင့် ဖြစ်ပွားသူ အရေအတွက်မှာ နေရာတစ်ခုနှင့် တစ်ခု တစ်ပြေးညီ မဟုတ်သည့်အတွက် ဖြစ်ပွားကူးစက်ပျံ့နှံ့မှု နည်းပါးသော နေရာများ၌ ဖော်ပြပါ ကျန်းမာရေးစီမံချက်လုပ်ငန်းများကို စတင်လုပ်ဆောင်သင့်ပါကြောင်း၊

• မိမိတို့ နိုင်ငံ၌လည်း ထိုသို့ဆောင်ရွက်ရန် ပြောကြားထားပြီး ဖြစ်ပါကြောင်း၊

• COVID-19 ရောဂါသည် ကမ္ဘာတွင် ဆက်လက်ရှိနေဦးမည်ဖြစ်ပြီး မိမိတို့ အနေဖြင့် နေထိုင်မှု ပုံစံသစ်များနှင့် ကျင့်သုံးလိုက်နာဆောင်ရွက်နိုင်ရန် ယခုကတည်းက စတင်စဉ်းစား ဆောင်ရွက် ရမည်ဖြစ်ပါကြောင်း၊

• မိမိအနေဖြင့် မြန်မာနိုင်ငံပြည်သူများ အရည်အသွေးပြည့်ဝသည့် ကျန်းမာရေးစောင့်ရှောက်မှုများ ရရှိစေရန်အတွက် လက်တွေ့ကျပြီး သမားရိုးကျမှ ဖောက်ထွက်သော အတွေးအမြင်များ၊ ရှေ့သို့ကြိုတင်တွက်ဆသည့် အတွေးအမြင်များဖြင့် လက်တွေ့လုပ်ငန်းကို ရှေးရှုဆောင်ရွက် ပံ့ပိုးနေသည့်အပြင် နိုင်ငံ၏ လိုအပ်ချက်နှင့် ကိုက်ညီသည့် ပံ့ပိုးမှုများ၊ ပူးပေါင်ဆောင်ရွက်မှုများ ပေးအပ်လျက်ရှိသော (THET) အဖွဲ့အား ကျေးဇူးတင်ရှိပါကြောင်း၊

• ဥပမာအားဖြင့် (THET) အဖွဲ့၏ ပံ့ပိုးမှုဖြင့် လွန်ခဲ့သော (၇) နှစ်တာကလမှစ၍ The Cambridge-Yangon Trauma Intervention Project ဖြင့် အရိုးနှင့်ထိခိုက်ဏ်ရာကုသမှု၊ အထူးကြပ်မတ်ကုသမှု၊ ပြန်လည်သန်စွမ်းရေး၊ ရောဂါဗေဒ နှင့် ဦးနှောက်နှင့်အာရုံကြော ပညာရပ်အသီးသီးတို့ စုပေါင်းကာ ထိခိုက်ဒဏ်ရာရှိသူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊

 

• (THET) အဖွဲ့အနေဖြင့် အာရှ၊ အာဖရိက၊ တောင်အမေရိကနှင့် ကမ္ဘာနှံ့အပြားရှိ ဖွံ့ဖြိုးဆဲ နိုင်ငံများနှင့် မိတ်ဖက် ပူးပေါင်းမှုများ ပိုမိုတိုးမြှင့်သွားရန် အကြံပြုတိုက်တွန်းလိုပါကြောင်း၊

• မြန်မာနိုင်ငံတွင် (THET) အဖွဲ့၏ ပံ့ပိုးမှုဖြင့်ဆောင်ရွက်နေသည့် ပုဂ္ဂလိကအထွေထွေရောဂါကု ဆရာဝန်များ၏ စွမ်းဆောင်ရည်မြှင့်တင်မှုလုပ်ငန်းများသည် "လူတိုင်းကျန်းမာရေး" အတွက် များစွာ အထောက်အကူပြုသဖြင့် (THET) အဖွဲ့အနေဖြင့် အခြားသော နိုင်ငံများတွင်လည်း ဆောင်ရွက်သွားရန် အကြံပြုတိုက်တွန်းလိုပါကြောင်း၊

• မြန်မာနှင့် UK နိုင်ငံတို့အကြား ကျန်းမာရေးလှုပ်ရှားမှုများ ချိတ်ဆက်ဆောင်ရွက်ခြင်းများသည် နှစ်စဉ်နှစ်တိုင်း အရှိန်အဟုန်များပြားလာသည့်အတွက် "Myanmar – UK Health Alliance" အစီအစဉ်သည် မြန်မာနိုင်ငံ၏ ဆေးကုသရေးကဏ္ဍ၌ အဓိက နေရာမှ ပါဝင်နေပါကြောင်း၊

• လူတိုင်းကျန်းမာရေးနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်ရည်မှန်းချက်ကို ရရှိအောင်မြင်ရန်နှင့် ကျန်းမာရေးစောင့်ရှောက်မှုကို သာတူညီမျှမှုရှိစွာနှင့် တန်းတူညီမျှမှုရှိစွာ ရရှိနိုင်ရေး ဆောင်ရွက်ရာတွင် (THET) အဖွဲ့အနေဖြင့် မြန်မာနိုင်ငံအပါအဝင် ဝင်ငွေအလယ်အလတ်နှင့် ဝင်ငွေနည်းပါးသော နိုင်ငံများအား ပံ့ပိုးမှုများ ပိုမိုပေးအပ်ပါရန် အကြံပြုတိုက်တွန်းလိုပါကြောင်း၊

• "လူတိုင်းကျန်းမာရေး ရည်မှန်းချက်" ကို ရရှိအောင်မြင်နိုင်ရေးဆောင်ရွက်ရာတွင် ပညာရပ်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှု၊ ကျင့်ဝတ်လိုက်နာမှု၊ ပြည်သူများအတွက်ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများအား ကြိုးပမ်းစွမ်းဆောင်လိုစိတ်ရှိသည့် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်များကို မွေးထုတ်လေ့ကျင့် သင်ကြားပေးရမည် ဖြစ်ပါကြောင်း၊

• နိုင်ငံများ အထူးသဖြင့် ဝင်ငွေအလယ်အလတ်နှင့် ဝင်ငွေနည်းပါးသော နိုင်ငံများတွင် ဆောင်ရွက်နေသည့် လုပ်ငန်းများ၏ လက်တွေ့မြေပြင် အခြေအနေများ၊ လုပ်ငန်းအောင်မြင်မှုများကို ဝေမျှခြင်းအားဖြင့် အခြားနိုင်ငံများအနေဖြင့်လည်း အတုယူလုပ်ဆောင်မှုများ ပြုလုပ်နိုင်မည်ဖြစ် ပါကြောင်း၊

• သို့ဖြစ်ပါ၍ (THET) အဖွဲ့၏အနေဖြင့် ဝင်ငွေအလယ်အလတ်နှင့် ဝင်ငွေနည်းပါးသော နိုင်ငံများအကြား ထိုသို့ အတွေ့အကြုံဝေမျှခြင်းဆောင်ရွက်နိုင်ရေး အကြံပြုတိုက်တွန်းလိုပါကြောင်း၊

• လူတိုင်းကျန်းမာရေး ရည်မှန်းချက်သည် မျှော်မှန်းချက်မြင့်မားသောပန်းတိုင် (aspirational goal) တစ်ခုဖြစ်ပြီး ၎င်းကို ရရှိစေရန်မှာ နိုင်ငံတစ်ခု၏ အမျိုးသားမူဝါဒ၊ ကျန်းမာရေးမူဝါဒနှင့် ထင်ဟပ်ကိုက်ညီမှုများ ရှိရမည်ဖြစ်ပါကြောင်း၊ ထို့ပြင် ၎င်းရည်မှန်းချက် ရရှိရန်မှာ ပြည်သူများ၏ ကျန်းမာရေးဆိုင်ရာ အသိပညာ၊ အတွေးအမြင်နှင့် ကျင့်သုံးလိုက်နာမှုများ အပေါ်မူတည်နေပါကြောင်း၊

• မိမိတို့နိုင်ငံတွင် ပြည်သူများ
ကျန်းမာရေးအသိပညာဗဟုသုတကြွယ်ဝစေရေးအတွက် အခြေခံ ကျန်းမာရေးဝန်ထမ်းများသည် ဝန်ကြီးဌာနမှ ဖြန့်ဝေထားသော Mobile Tablet များကို အသုံးပြု၍ ဆောင်ရွက်နေမှုကိုလည်း အတွေ့အကြုံဝေမျှလိုပါကြောင်း၊

• နိုင်ငံအသီးသီးတွင် ကျန်းမာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်သည့် ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများ၊ နိုင်ငံတကာနှင့် ပြည်တွင်း အစိုးရမဟုတ်သောအဖွဲ့အစည်းများ သည် လုပ်ငန်းဆောင်ရွက်မှု ကဏ္ဍနှင့် နေရာဒေသ ထပ်နေခြင်းမရှိစေရေးအတွက် ပူးပေါင်းချိတ်ဆက် ဆောင်ရွက်မှုကောင်းများ လိုအပ်ပါကြောင်း၊

• မြန်မာနိုင်ငံတွင် Myanmar Health Sector Coordination Committee (M-HSCC) ဖြင့် ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်နေသော နိုင်ငံတကာအဖွဲ့အစည်းများ ချိတ်ဆက်မှုကောင်းမွန်စေရေးကို ဂရုပြုဆောင်ရွက်လျက်ရှိပါကြောင်း၊

• ဝင်ငွေအလယ်အလတ်နှင့် ဝင်ငွေနည်းပါးသော နိုင်ငံအများစုတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့သည် ကျန်းမာရေးကဏ္ဍအတွက် ကျွမ်းကျင်မှုပိုင်းဆိုင်ရာအဓိက အဖွဲ့အစည်းဖြစ်ပါကြောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ (၂) နှစ်တာကျန်းမာရေး စီမံချက်များသည် လူတိုင်းကျန်းမာရေးရည်မှန်းချက် ဆိုင်ရာ လုပ်ငန်းများနှင့် ဆက်စပ်မှု အခြေအနေကိုလည်းဆန်းစစ်ကြရန် အကြံပြုတိုက်တွန်း လိုပါကြောင်း၊ ထို့အပြင် လူတိုင်းကျန်းမာရေးရည်မှန်းချက်၊ လူတိုင်းလက်လှမ်းမီသည့် ကျန်းမာရေးစောင့်ရှောက်မှုနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုရည်မှန်းချက်ပန်းတိုင်များ ဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်မှု အခြေအနေများကိုလည်း ဆန်းစစ်ပါရန် အကြံပြုတိုက်တွန်းလိုပါကြောင်း၊

• အဆိုပါလုပ်ငန်းများဆောင်ရွက်ရာတွင် နေရာအနှံ့အပြားတွင်ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုပေးအပ်နေသည့် ပုဂ္ဂလိက အထွေထွေရောဂါကုဆရာဝန်များသည် အရေးကြီးမှုကို သတိပြုကြကာ ၎င်းတို့၏ အခန်းကဏ္ဍမြှင့်တင်မှုလုပ်ငန်းများကို တွေးတောကြံဆကြရမည် ဖြစ်ပါကြောင်း၊

• လူတိုင်းကျန်းမာရေးရည်မှန်းချက်ကို ရရှိအောင်မြင်စေရေးအတွက် အားလုံးပါဝင် ဆောင်ရွက်သည့် ချည်းကပ်မှုပုံစံ ဖြင့်ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် အင်္ဂလန်နိုင်ငံမှ အထွေထွေရောဂါကုဆရာဝန် Dr. Bethany Moos က -
• မြန်မာနိုင်ငံ တွင် မြွေကိုက်ရောဂါစီမံချက်သုတေသန ဆောင်ရွက်ခဲ့မှု အတွေ့အကြုံများကိုလည်းကောင်း၊

East Landon NHS Foundation Trust မှ Dr. Navina Evens က -

• အင်္ဂလန်နိုင်ငံ အမျိုးသားကျန်းမာရေး ဌာနအနေဖြင့် ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးကွန်ရက်တွင် ပူးပေါင်းဆောင်ရွက်နေမှုများကိုလည်း ကောင်း အသီးသီး ဆွေးနွေးပြောကြားခဲ့ပါသည်။

     အဆိုပါညီလာခံကို အောက်တိုဘာ (၁)ရက် (၂)ရက် (၅)ရက်နှင့် (၆)ရက်နေ့များတွင် (၄)ရက် တာ ကျင်းပမည်ဖြစ်ပြီး နိုင်ငံပေါင်း (၃၀) ကျော်မှ ကျန်းမာရေးဝန်ကြီးဌာနများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ပြည်သူ့ကျန်းမာရေးပညာရှင်များ၊ သုတေသနပညာရှင်များ၊ ဆေးပညာဆိုင်ရာ အထူးကုဘာသာရပ်အသီးသီးမှ ဆရာဝန်ကြီးများ၊ အထွေထွေရောဂါကု ဆရာဝန်ကြီးများနှင့် စိတ်ပါ ဝင်စားသူ (၄၆၀) ကျော် တို့က ဗီဒီယိုကွန်ဖရင့်ပုံစံဖြင့် ပါဝင်တက်ရောက်ခဲ့ကြပါသည်။

More Tags