UNOPS အဖွဲ့မှ ဝန်ကြီးဌာန၏ COVID-19 တုံ့ပြန်ဆောင်ရွက်ရေးအတွက် ဆေးနှင့်ဆေးပစ္စည်းများ ပံ့ပိုးမှုအခြေအနေများနှင့် Global Fund ထောက်ပံ့ငွေဖြင့် တီဘီ၊ ခုခံကျ/ကာလသားနှင့် ငှက်ဖျားရောဂါများ တိုက်ဖျက်ရေးအတွက် (၂၀၂၁-၂၀၂၃) ခုနှစ်အထိ သဘောတူညီချက်လက်မှတ် ရေးထိုးရေးကိစ္စများနှင့် ပတ်သက်၍ UNOPS မှ တာဝန်ရှိသူများနှင့် ဆွေးနွေး

နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ စက်တင်ဘာလ (၃၀) ရက်

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နေ့လယ်ပိုင်းတွင် UNOPS အဖွဲ့မှ ဝန်ကြီးဌာန၏ COVID-19 တုံ့ပြန်ဆောင်ရွက်ရေးအတွက် ဆေးနှင့်ဆေးပစ္စည်းများ ဝယ်ယူပံ့ပိုးမှုအခြေအနေများ၊ Global Fund ထောက်ပံ့ငွေဖြင့် တီဘီ၊ ခုခံကျ/ကာလသားနှင့် ငှက်ဖျားရောဂါများ တိုက်ဖျက်ရေးအတွက် (၂၀၂၁-၂၀၂၃) ခုနှစ် အထိ သဘောတူညီချက်လက်မှတ် ရေးထိုးရေးကိစ္စများနှင့် ပတ်သက်၍ UNOPS ဒေသဆိုင်ရာရုံးမှ Programme Director (Principal Recipient for the Global Fund to Fight AIDS, Tuberculosis and Malaria - PR GFATM) ဖြစ်သူ Dr. Attila Molnar နှင့် အကြီးတန်းအရာရှိများနှင့် Videoconferencing စနစ်ဖြင့် ဆွေးနွေးပြောကြားခဲ့ပါသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက -

• ယခုကဲ့သို့ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် အခြားပြည်ပအဖွဲ့အစည်းများမှ ထောက်ပံ့သော ဘဏ္ဍာငွေကို အသုံးပြု၍ ဆေးနှင့်ဆေးပစ္စည်းများ ဝယ်ယူရာ၌ ကူညီဆောင်ရွက်ပေးသည့် UNOPS အဖွဲ့အား ကျေးဇူးတင်ရှိပါကြောင်း၊

• အရည်အသွေးပြည့်မီသော ဆေးနှင့် ဆေးပစ္စည်းများ အချိန်မီဝယ်ယူဖြန့်ဖြူးရေးနှင့် စီမံခန့်ခွဲရေးစနစ်သည် ဤရောဂါထိန်းချုပ်ရာ၌ အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်နေပါကြောင်း၊

• ဝန်ကြီးဌာနအနေဖြင့် ရရှိသော ရန်ပုံငွေ၊ ထောက်ပံ့ငွေ၊ ဆေးနှင့်ဆေးပစ္စည်းများကို အကျိုးရှိ ထိရောက်စွာ အသုံးချ ဆောင်ရွက်လျက်ရှိပါကြောင်း၊

• ယခုအခါဆေးနှင့်ဆေးပစ္စည်း စီမံခန့်ခွဲမှု သတင်းအချက်အလက်စာမျက်နှာ (dashboard) ကိုလည်း ဗဟိုနှင့် ဆေးရုံကြီးများ၌ တည်ထောင်ထားရှိပြီး ဖြစ်သဖြင့် ဆေးနှင့်ဆေးပစ္စည်းများ ပြတ်လပ်မှု နည်းပါးသည်ကို တွေ့ရှိရပါကြောင်း၊

• အဆိုပါ dashboard တွင် ဆေးရုံအသီးသီးမှ ဆေးလက်ကျန်စာရင်းများကို ပုံမှန်ဖြည့်သွင်း (update)ကာ ဆေးနှင့်ဆေးပစ္စည်း ဝယ်ယူဖြန့်ဖြူးရေး တာဝန်ရှိသူများက လိုအပ်သည့်နေရာ များသို့ ကြိုတင်တွက်ချက် ပေးပို့လျက်ရှိပါကြောင်း၊ ဤစနစ် ယခုထက်ပိုမိုကောင်းမွန်ရန် ကြိုးစားလျက်ရှိပါကြောင်း၊

• UNOPS မှ ဆေးနှင့်ဆေးပစ္စည်း ဝယ်ယူ၊ ထောက်ပံ့၊ ဖြန့်ဖြူးရေးကျွမ်းကျင်သူများနှင့် မိမိတို့ ကျွမ်းကျင်ဝန်ထမ်းများနှင့် အနေဖြင့် ပူးတွဲကာ လက်ရှိကျင့်သုံးနေသာ ဝန်ကြီးဌာန၏ ဆေးနှင့် ဆေးပစ္စည်းကိရိယာ ဝယ်ယူဖြန့်ဖြူးရေး စနစ်နှင့် ရရှိသော အရင်းအမြစ်များ စီးဆင်းအသုံးချမှု (resource flow) အား ခြုံငုံသုံးသပ်မှုများ ပြုလုပ်စေလိုပါကြောင်း၊

• စွမ်းဆောင်ရည်မြှင့်တင်မှု သင်တန်းများပေးခြင်းနှင့် ကျွမ်းကျင်မှုပိုင်းဆိုင်ရာ ပံ့ပိုးမှုများ ပေးအပ်ခြင်းတို့ကို ဆက်လက်ဆောင်ရွက်စေ လိုပါကြောင်း၊

• ဆေးဝါး၊ ဆေးပစ္စည်းကိရိယာများသည် တစ်နေ့တစ်ခြားအမျိုးအမည် ပိုမိုများပြားသဖြင့် ဆေးနှင့် ဆေးပစ္စည်းကိရိယာ အမျိုးမျိုးအတွက် အရည်အသွေး၊ အမျိုးအစား သတ်မှတ်ချက်များ (specification bank) ကို မိမိတို့ဝန်ကြီးဌာန ပြုလုပ်လျက်ရှိသည်များကို ပံ့ပိုးဆောင်ရွက်စေလိုပါကြောင်း၊

• ယခု COVID-19 ကပ်ရောဂါ ဖြစ်ပွားနေချိန်တွင် တီဘီ၊ ခုခံကျ/ကာလသားနှင့် ငှက်ဖျားရောဂါ ဖြစ်ပွားသူများ အပါအဝင် အခြားသော ရောဂါအမျိုးမျိုး ဖြစ်ပွားသူများ ဆေးကုသမှု ခံယူရန်နှင့် ဆေးဝါးပြတ်လပ်မှု မရှိစေရေး လုပ်ငန်းများသည် အထူးအရေးကြီးပါကြောင်း၊ သေချာစွာ မကိုင်တွယ်နိုင်ပါက COVID-19 ပြီးနောက် ဤရောဂါ (၃) မျိုး ဖြစ်ပွား၊ သေဆုံးမှုများ မြင့်တက်လာနိုင်သည် ဟူသောအချက်ကို ကြိုတင်ခန့်မှန်းမိသဖြင့် လိုအပ်သည်များကို မိမိတို့ ဆောင်ရွက်လျက်ရှိပါကြောင်း၊

• အဆိုပါ ကိစ္စရပ်များအတွက်လည်း မြန်မာနိုင်ငံရှိ မိတ်ဖက်အဖွဲ့အစည်းများအနေဖြင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်စေလိုပါကြောင်း၊

• COVID-19 နှင့် ပတ်သက်သည့် ဆေးနှင့်ဆေးပစ္စည်း (၈၇) မျိုးအား ဝယ်ယူပေးသည့်အတွက် မိမိတို့များစွာ အဆင်ပြေပါကြောင်း၊ ကျန်ရှိသော အထူးကြပ်မတ်ကုသဆောင်သုံး အသက်ရှူ စက် (ICU Ventilator) (၉၅) ခုအား အမြန်ရရှိရန် ဆောင်ရွက်ပေး စေလိုပါကြောင်း၊

• ယနေ့ ဆွေးနွေးမှုများ ပြုလုပ်ရာတွင် ဝန်ကြီးဌာနနှင့် UNOPS တို့အကြား ပူးပေါင်းချိတ်ဆက် ဆောင်ရွက်မှုဆိုင်ရာ တွေ့ရှိရသည့် အားနည်းချက်များနှင့် အားသာချက်များအား ပွင့်လင်းစွာ ဆွေးနွေးစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။


ထို့နောက် Dr. Attila Molnar က ပြောကြားရာတွင် -

• ယခင် Global Fund ရန်ပုံငွေများအနက်မှ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ COVID-19 တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းများအတွက် အမေရိကန်ဒေါ်လာ (၇.၁) သန်းကို သုံးစွဲရန် သဘောတူညီခဲ့မှု၊

• ထို့အပြင် Global Fund ၏ ရန်ပုံငွေစနစ်သစ်ဖြင့် C19RM ပံ့ပိုးမှုအောက်မှ အမေရိကန်ဒေါ်လာ (၁၈) သန်းကိုလည်း ထပ်မံပံ့ပိုးရန် သဘောတူညီခဲ့မှု၊

• အဆိုပါပံ့ပိုးငွေများဖြင့် ဝယ်ယူထားသည့် ဆေးနှင့်ဆေးပစ္စည်းများ စာရင်းကို တင်ပြခြင်း၊

• Global Fund ၏ ရန်ပုံငွေဖြင့် ရခိုင်ပြည်နယ်တွင် မြန်မာနိုင်ငံဆရာဝန်အသင်း၊ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းတို့နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိမှု၊

• Global Fund ၏ ရန်ပုံငွေထောက်ပံ့မှု (၂၀၂၁-၂၀၂၃) အတွက် ကြိုတင်ပြင်ဆင်ထားရှိမှု၊

• Global Fund ၏ ရန်ပုံငွေထောက်ပံ့မှု သဘောတူညီချက်အား ယခုနှစ်၊ ဒီဇင်ဘာလတွင် လက်မှတ်ရေးထိုးသွားရန် ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြခဲ့ပြီး -

• ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ရသည့်အတွက် ဝမ်းမြောက်ပါကြောင်း၊

• COVID-19 ကပ်ရောဂါဖြစ်ပွားနေသည့် ကာလဖြစ်သဖြင့် နိုင်ငံတကာမှ ဆေးနှင့်ဆေးပစ္စည်း အများပြားဝယ်ယူ လျက်ရှိသောကြောင့် ဆေးနှင့်ဆေးပစ္စည်းများ ပံ့ပိုးရေးအတွက် ဝယ်ယူရာတွင် ကြန့်ကြာမှုများ ရှိခဲ့ပါကြောင်း၊

• ယခုအသွားအလာကန့်သတ်သည့် ကာလ၌ ဆေးနှင့်ဆေးပစ္စည်းများကို တိုင်းဒေသကြီး/ ပြည်နယ် တစ်ခုမှ တစ်ခုသို့ပို့ဆောင်ရာတွင် ပို့ဆောင်သွားလာခွင့် ရရှိစေရေးကို ဆောင်ရွက်ပေးစေ လိုပါကြောင်း၊

• RT PCR နည်းစနစ်ဖြင့် ဓာတ်ခွဲစစ်ဆေးရာတွင် အသုံးပြုရသည့် ဓာတ်ခွဲပစ္စည်းများသည် ရရှိနိုင်မှု အခြေအနေ အကန့်အသတ်ရှိသဖြင့် ယခုအခါ မြန်မာနိုင်ငံတွင် Antigen Test Kit ကို အသုံးပြု စစ်ဆေးနေခြင်းသည် ကောင်းမွန်ပါကြောင်း၊

• ကျန်ရှိသော ရန်ပုံငွေများဖြင့် Antigen Test Kit များ ဝယ်ယူလိုပါက ဝယ်ယူပေးမည်ဖြစ်ပါကြောင်း၊

• မြန်မာနိုင်ငံတွင် တီဘီ၊ ခုခံကျ/ကာလသားနှင့် ငှက်ဖျားရောဂါ တိုက်ဖျက်နှိမ်နင်းရေး လုပ်ငန်းများ ဆောင်ရွက်အောင်မြင်နေသည့်အပြင် ပေးပို့သော စီမံကိန်းအဆိုပြုလွှာများမှ အရည်အသွေး ပြည့်မီသည်ကို တွေ့ရှိရသဖြင့် မိမိတို့ UNOPS မှဂုဏ်ယူပါကြောင်း၊

• ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများတွင် UNOPS အပါအဝင် မိတ်ဖက်အဖွဲ့အစည်းများ၊ အလှူရှင်အဖွဲ့အစည်းများနှင့် ပူးပေါင်းချိတ်ဆက် ဆောင်ရွက်မှု ကောင်းမွန်ရန်အတွက် ဆောင်ရွက်ပေးလျက်ရှိသည့် Myanmar Health Sector Coordinating Committee ၏ ဥက္ကဋ္ဌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးအား ကျေးဇူးတင် ရှိပါကြောင်း၊

• မိမိတို့အနေဖြင့် ဝန်ကြီးဌာန၏ လုပ်ငန်းများအား ဆက်လက် ပူးပေါင်းပံ့ပိုး ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

တင်ပြချက်များ အပေါ် ပြည်ထောင်စုဝန်ကြီးက -

• COVID-19 ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်ရာတွင် အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်ရန် အရေးကြီးသဖြင့် ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် UNOPS မှ တာဝန်ရှိသူများ အနည်းဆုံး တစ်လတစ်ခါ Videoconferencing ဖြင့် ဆွေးနွေးမှုများ ပြုလုပ်သွားရန် လိုအပ်ပါကြောင်း၊

• ဓာတ်ခွဲနမူနာများအား Antigen Test Kit များ အသုံးပြု စစ်ဆေးရာတွင် အမျိုးသား ကျန်းမာရေးဓာတ်ခွဲခန်း (ရန်ကုန်) မှ RT-PCR စက်နှင့် ချိန်ထိုး၍ အဖြေရလဒ် တိုက်ဆိုင် စစ်ဆေးမှုများ ပြုလုပ်လျက်ရှိပါကြောင်း၊

• ဝန်ကြီးဌာနအတွက် ဆေးနှင့် ဆေးပစ္စည်းများကို တိုင်းဒေသကြီး/ ပြည်နယ် တစ်ခုမှ တစ်ခုသို့ပို့ဆောင်ရာတွင် ပို့ဆောင်ခွင့်များရရှိစေရန် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ချိတ်ဆက်ကာ ဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း၊


• ဝန်ကြီးဌာနအနေဖြင့် ကုသရေးဦးစီးဌာန၏ ဆေးနှင့်ဆေးပစ္စည်းများ ဝယ်ယူရန် ဘဏ္ဍာငွေကို ယခင်နှစ်က (၁၅၀) ဘီလီယံကျပ်မှ ယခုနှစ်တွင် (၃၀၀) ဘီလီယံကျပ်အထိ တိုးမြှင့်ခဲ့ပြီး ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၏ ဆေးနှင့် ဆေးပစ္စည်းများဝယ်ယူရန် ဘဏ္ဍာငွေကိုလည်း တိုးမြှင့်ချထားခဲ့ပါကြောင်း၊

• Global Fund ၏ ရန်ပုံငွေထောက်ပံ့မှု သဘောတူညီချက်အား ယခုနှစ်၊ ဒီဇင်ဘာလတွင် အချိန်မီလက်မှတ် ရေးထိုးသွားနိုင်ရေး ဆောင်ရွက်ရန်ကိစ္စရပ်များနှင့် ပတ်သက်၍ ဒုတိယညွှန်ကြားရေးမှူးချုပ် (ရောဂါနှိမ်နင်းရေး)၊ တာဝန်ရှိသူများနှင့် အသေးစိတ်ညှိနှိုင်းမှုများ လုပ်ဆောင်စေမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
ထိုသို့ဆွေးနွေးရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သာထွန်းကျော်၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ရောဂါနှိမ်နင်းရေး) ဒေါက်တာသန္တာလွင်၊ ညွှန်ကြားရေးမှူး (ရောဂါနှိမ်နင်းရေး) ဒေါက်တာစည်သူအောင်၊ ညွှန်ကြားရေးမှူး (ငှက်ဖျားရောဂါတိုက်ဖျက်ရေး) ဒေါက်တာအောင်သီ၊ ညွှန်ကြားရေးမှူး (ခုခံကျ/ကာလသား ရောဂါတိုက်ဖျက်ရေး) ဒေါက်တာထွန်းညွန့်ဦး၊ UNOPS မှ Programme Support Officer Mr. Frederic Suzamme၊ Regional Senior Programme, M and E Health System Specialist ဖြစ်သူ Dr. Eisa Hamid၊ Senior Procurement Advisor ဖြစ်သူ Mr. Vikram Singh၊ Public Health Programme Specialist ဖြစ်သူ Mr. David Z Logan၊ Public Health Liaison and Programme Officer ဖြစ်သူ Dr. May Thinza Kyi နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။

 
 

More Tags