စီမံကိန်း၊ ဘဏ္ဍာရေး နှင့်စက်မှုဝန်ကြီးဌာနထံမှ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက COVID-19 စီးပွားရေးကုစားမှုအစီအစဉ် (COVID-19 Economic Relief Plan) ဖြင့် ဝယ်ယူသော လူနာတင်ယာဉ် (၁၂) စီးအနက် ပထမအသုတ် (၄) စီးအား လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနား ပြုလုပ်

နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ စက်တင်ဘာလ (၄) ရက်နေ့

     စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနထံမှ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက COVID-19 Economic Relief Plan ဖြင့် ဝယ်ယူသော လူနာတင်ယာဉ် (၁၂) စီးအနက် ပထမအသုတ် (၄) စီးအား လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကို ယနေ့၊ နေ့လယ်ပိုင်းတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ နေပြည်တော်တွင် ပြုလုပ်ခဲ့ရာ စီမံကိန်း၊ ဘဏ္ဍာရေး နှင့် စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးတို့တက်ရောက်ခဲ့ပါသည်။

 

     ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက ပြောကြားရာတွင် -

• ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ လိုအပ်သော လူနာတင်ယာဉ်များကို နိုင်ငံတကာအဆင့်မီ ထုတ်လုပ်ပေးနိုင်ရန်အတွက် ၂၀၁၇ ခုနှစ်အတွင်း ကပင် စီမံချက်ချမှတ်ဆောင်ရွက်ခဲ့ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှ တာဝန်ရှိသူများ၏ အကြံဉာဏ်များရယူ၍ လူနာတင်ယာဉ် (Ambulance) (၅၅)စီးအား နိုင်ငံတကာစံချိန်စံညွှန်း သတ်မှတ်ချက်များနှင့်အညီ အောင်မြင်စွာ ဆောင်ရွက်နိုင် ခဲ့သည့်အပြင် ကုန်းလမ်းပို့ဆောင်ရေးနှင့် ညွှန်ကြားမှုဦးစီးဌာန၏ လိုင်စင်များရရှိအောင် ဆောင်ရွက် လွှဲပြောင်းပေးခဲ့ပါကြောင်း၊
• လူနာတင်ယာဉ်အဖြစ် အသုံးပြုမည့် မော်တော်ယာဉ်၊ ယာဉ်အတွင်း တပ်ဆင် အသုံးပြုမည့် Medical Equipment နှင့် ဆက်စပ်ပစ္စည်းများကို ပွင့်လင်း မြင်သာစွာဖြင့် တင်ဒါခေါ်ယူပြီး ဆောင်ရွက်ခဲ့ပါကြောင်း၊
• ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အရေးပေါ်ကုသရေးဆေးပညာဌာနမှ ကျွမ်းကျင်ပညာရှင်များ နှင့် အကြိမ်ကြိမ် ဆွေးနွေးညှိနှိုင်းပြီး မိမိတို့နိုင်ငံနှင့် ကိုက်ညီမည့် အသင့်တော်ဆုံး ဒီဇိုင်းပုံစံဖြင့် ထုတ်လုပ်ထားခြင်းဖြစ်ပါကြောင်း၊
• ထို့အပြင် လူနာတင်ယာဉ်ဆိုင်ရာ အရည်အသွေး စစ်ဆေးအတည်ပြုချက် ထုတ်ပေးနိုင်ရေး လုပ်ငန်းလမ်းညွှန်းချက်များ (Quality Guideline for Ambulance in Myanmar) နှင့်အညီ တပ်ဆင်ထုတ်လုပ်ခဲ့ခြင်းဖြစ်ပါကြောင်း၊
• ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာလည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၊ ပြည်သူ့ ကျန်းမာရေးဦးစီးဌာနသို့ လူနာတင်ယာဉ် (၁၂)စီး တပ်ဆင်ထုတ်လုပ်ရောင်းချရေး ဆောင်ရွက်ခဲ့ပါကြောင်း၊
• ယနေ့တွင် မော်တော်ယာဉ် (၄)စီးကို ပထမအသုတ် အနေဖြင့် လွှဲပြောင်းပေးအပ်ခြင်းဖြစ်ပြီး အမှာစာအရ ကျန်ရှိသောလူနာတင်ယာဉ်(၈)စီးကိုလည်း ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာနသို့ ယခုလအတွင်း ဆက်လက်လွှဲပြောင်းပေးသွား မည်ဖြစ်ပါကြောင်း၊

 

• ယခုလွှဲပြောင်းသော လူနာတင်ယာဉ် အတွင်းပိုင်းတွင် တပ်ဆင်ထားသော Medical Equipment များသည် အီတလီနိုင်ငံထုတ် Spancer အမျိုးအစားဖြစ်ပြီး Trimming Part များသည် တူရကီနိုင်ငံထုတ် ပစ္စည်းများဖြစ်ပါကြောင်း၊
• Standard Type Ambulance မော်တော်ယာဉ်ဖြစ်သည့်အတွက် Medical Equipment (၁၂)မျိုး တပ်ဆင်ထားရှိပါကြောင်း၊
• ဈေးကွက် လိုအပ်ချက်အရ Basic Type နှင့် Advance Type အမျိုးအစားများကိုလည်း ဝယ်ယူသည့် အမှာစာများအပေါ်မူတည်၍ ဆက်လက် ထုတ်လုပ်ပေးသွားမည်ဖြစ်ပါကြောင်း၊
• ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ CERP ရန်ပုံငွေဖြင့် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းမျာအတွက် လိုအပ်သည့် ဆေးဝါးနှင့် အထောက်အကူပြုပစ္စည်းများကို ထပ်မံဝယ်ယူမည်ဆိုပါက ဝန်ကြီး ဌာနအနေဖြင့် အချိန်မီဖြည့်ဆည်းပေးနိုင်ရေး အဆင်သင့်ကြိုတင်စီမံဆောင်ရွက် ထားရှိပါကြောင်း၊
• ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ လိုအပ်သော ဆေးဝါးနှင့် ဆေးရုံသုံးပစ္စည်းများအား နိုင်ငံတကာစံချိန်စံညွှန်း များအတိုင်း GMP Guide Line များနှင့်အညီ ထုတ်လုပ်ဖြန့်ဖြူးပေးသွား နိုင်ရေး စီမံထားရှိပါကြောင်း ပြောကြားခဲ့ပါသည်။

     ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ပြောကြားရာတွင် -

• COVID-19 ကြောင့် ဆုံးရှုံးနစ်နာမှုများကို အချိန်နှင့်တပြေးညီ ကုစားဖို့ COVID-19 Economic Relief Plan (CERP) ကို ၂၀၂၀ ပြည့်နှစ် ဧပြီလ ၂၇ ရက်နေ့မှာ ရေးဆွဲ ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါကြောင်း၊
• အဲ့ဒီစီမံချက်မှာ ပန်းတိုင် ၇ ခုနှင့် လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်ပေါင်း ၇၆ ခု ပါဝင်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနတွေရော ပြည်နယ်/ တိုင်းဒေသကြီး အစိုးရအဖွဲ့တွေက လုပ်ငန်းစဉ်တွေကို အသီးအသီး အကောင်အထည်ဖော်နေပြီ ဖြစ်ပါကြောင်း၊
• မိမိအနေဖြင့် COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေး ကော်မတီနှင့် လိုအပ်တဲ့ ဆေးနှင် ဆေးပစ္စည်းများ ဝယ်ယူရာမှာ နိုင်ငံတော်ရဲ့ ဘဏ္ဍာငွေများ လေလွင့်ဆုံးရှုံးမှု မဖြစ်စေရေးအတွက် ဆေးနှင့်ဆေးပစ္စည်း ဝယ်ယူရေး ကော်မတီတို့ကို ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆေးနှင့် ဆေးပစ္စည်း ဝယ်ယူရေးကော်မတီအနေနဲ့ကတော့ လုပ်ငန်းတာဝန် (၉) ရပ် ရှိရာမှာ အရေးကြီးဆုံးအပိုင်းများအနေနဲ့ကတော့ အမှန်တကယ်လိုအပ်သော ဆေးနှင့် ဆေးပစ္စည်းများကို ဝယ်ယူရန်နဲ့ ဝယ်ယူသည့်ဆေးပစ္စည်များ သတ်မှတ်ထားတဲ့ အချိန်အတွင်း ရောက်ရှိရေးပဲ ဖြစ်ပါကြောင်း၊
• ဆေးနှင့် ဆေးပစ္စည်းဝယ်ယူရာတွင် နိုင်ငံတော်ဘဏ္ဍာငွေဖြင့် ဝယ်ယူရမည့် ဆေးနှင့်ဆေးပစ္စည်းများရှိသလို နိုင်ငံတကာ အကူအညီ၊ ချေးငွေများနှင့် ဝယ်ယူရန်ရှိပါကြောင်း၊

 

• လိုအပ်တဲ့ ဆပ်ကော်မတီ (၄) ခု ဖြစ်တဲ့ ဝယ်ယူရေးဆပ်ကော်မတီ၊ ဘဏ္ဍာရေး ဆပ်ကော်မတီ၊ သယ်ယူပို့ဆောင်ရေးနှင့် အကောက်ခွန်ရှင်းလင်းရေးဆပ်ကော်မတီနဲ့ အရည်အသွေးစိစစ်ရေး ဆပ်ကော်မတီတို့ကို သက်ဆိုင်ရာဌာနများက ညွှန်ကြားရေးမှူးချုပ်များ ဦးဆောင်မှုဖြင့် ဖွဲ့စည်းထားပြီးတော့ လုပ်ငန်းတာဝန် များကိုလည်း လုပ်ဆောင် နေကြပြီ ဖြစ်ပါကြောင်း၊
• သြဂုတ်လ ၃၁ ရက်နေ့က ဝယ်ယူရေးကော်မတီရဲ့ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက CERP အရ ပြည်တွင်း/ပြည်ပတို့မှဝယ်ယူမယ့် ဆေးနှင့်ဆေးပစ္စည်း၊ စက်ပစ္စည်းနှင့် ဆောက်လုပ်ရေး လုပ်ငန်းများအား အုပ်စုအလိုက်ခွဲ၍ အထွေထွေပိုလျှံရန်ပုံငွေ (GRF) အောက်မှ ရန်ပုံငွေ လွှဲပြောင်းသုံးစွဲမည့် အစီအစဉ်တို့အပေါ် အတည်ပြုဆွေးနွေးခဲ့ကြပါကြောင်း၊ အဲ့ဒီအထဲမှာ ပြည်တွင်း၌ စီမံကိန်း၊ ဘဏ္ဍာရေး နှင့် စက်မှုဝန်ကြီးဌာနမှ ဆေးနှင့်ဆေး ပစ္စည်း၊ PPE နှင့် Ambulance ၁၂ စီး မှာယူထားတဲ့ကိစ္စများလည်း ပါဝင်ပါကြောင်း၊
• ဒီအပြင် ဂျပန်နိုင်ငံရဲ့ အကူအညီနဲ့ အင်းစိန်မြို့နယ်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနပိုင် မြေနေရာတွင် Storage Facility တည်ဆောက်နိုင်ရေးအတွက် ဂျပန်သံရုံး ဘက်ကို ဒီဇိုင်းပုံစံ အမြန်ဆုံး ပြန်ကြားနိုင်ရေးအတွက်လည်း ညှိနှိုင်းဆောင်ရွက်ပြီး ဖြစ်ပါကြောင်း၊
• ရခိုင်ပြည်နယ်သို့ အရေးပေါ်ဆေးပစ္စည်းများ အချိန်မီတင်ပို့နိုင်ရေးအတွက် လိုအပ်သည့် အခါတွင် လေကြောင်း/ ရေကြောင်းတို့ဖြင့် ပေးပို့နိုင်ရန် အမျိုးသားအဆင့်ဗဟို ကော်မတီကတစ်ဆင့် ကာကွယ်ရေးဝန်ကြီးဌာနနှင့် ဆွေးနွေးညှိနှိုင်းသွားမှာဖြစ်ပါကြောင်း၊
• CERP ရဲ့ လုပ်ငန်းစဉ် ၇.၁.၃ (က) အရ နိုင်ငံတကာမှ အကူအညီ/ချေးငွေ ရရှိရေးကို ဆောင်ရွက်ရာတွင် နိုင်ငံတကာ ချေးငွေ၊ အကူအညီအနေဖြင့် အမေရိကန်ဒေါ်လာ ၁.၂ ဘီလီယံနှင့် ဂျပန်ယန်း ၃၀ ဘီလီယံ ညှိနှိုင်းရယူထားပြီး အထောက်အပံ့ အမေရိကန် ဒေါ်လာ ၈၄.၅၃ သန်း၊ ယူရို ၆.၂ သန်း၊ မြန်မာ ကျပ်ငွေ ၁၀,၀၀၀,၀၀၀ နှင့် ဂျပန်ယန်း ၂ ဘီလီယံတို့ကို ရရှိထားပါကြောင်း ပြောကြားခဲ့ပါသည်။

     ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားရာတွင် -

• ယခုလွှဲပြောင်းလက်ခံခဲ့သည့် လူနာတင်ယာဉ် (၄) စီးအား ရခိုင်ပြည်နယ်သို့ ပို့ဆောင်ကာ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုသွားမည်ဖြစ်ပါကြောင်း၊

 

• ယခုကဲ့သို့ အဆင့်မီလူနာတင်ယာဉ်များအား ထုတ်လုပ်ပေးခဲ့သည့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနကိုလည်းကောင်း၊ နိုင်ငံတကာ ပံ့ပိုးမှုများရရှိရန် ချိတ်ဆက်ဆောင်ရွက်ပေးသည့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနတို့အား ကျေးဇူးတင်ရှိပါကြောင်း၊
• ထိုသို့ဝန်ကြီးဌာနများ၏ ဆောင်ရွက်ပံ့ပိုးပေးမှုများသည် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက်များစွာ အကျိုးရှိပြီး ပြည်သူများ၏ အသက်ကိုကယ်တင်ပေးနေခြင်း လည်း ဖြစ်ပါကြောင်း၊
• ကျန်းမာရေးနှင့်အားကစားဝန်ကြီးအနေဖြင့် အရေးပေါ်အသက်ကယ်ဆယ်ကုသမှုများ၊ လူနာတင်ယာဉ် တွင် တပ်ဆင်ထားသော စက်ကိရိယာများကို ကောင်းမွန်စွာအသုံးချကာ အရေးပေါ် လူနာများအား သယ်ယူပို့ဆောင်မှုများ ပြုလုပ်ရန်အတွက် လူနာတင်ယာဉ်တွင်လိုက်ပါမည့် အရေးပေါ် အသက်ကယ်ပညာရှင် (paramedic) များကို လေ့ကျင့်မွေးထုတ်ပေးလျက်ရှိပါကြောင်း၊
• ဝန်ကြီးဌာနတွင် လက်ရှိအသုံးပြုနေသောလူနာတင်ယာဉ်များအား အသုံးချဆောင်ရွက်နေမှု အခြေ အနေများကို ဘက်စုံဆန်းစစ်သုံးသပ်ကာ ပိုမိုအကျိုးရှိထိရောက်စွာအသုံးချနိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

     ထို့နောက် စီမံကိန်း၊ ဘဏ္ဍာရေး နှင့် စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ မင်းရဲပိုင်ဟိန်းက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်ထံသို့ လူနာတင်ယာဉ် (၄) စီး၏ စာရွက်စာတန်းများကို လွှဲပြောင်းပေးအပ်ခဲ့ပါသည်။

     ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများသည် လူနာတင်ယာဉ်များအား လှည့်လည်ကြည့်ရှုခဲ့ကြပါသည်။

 
 

More Tags