COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် စပ်လျဉ်း၍ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများနှင့် အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများတွင် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့မှုများအား ခြုံငုံသုံးသပ်ကာ ပြည်ထောင်စုဝန်ကြီးထံသို့ အစီရင်ခံတင်ပြ

နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ စက်တင်ဘာလ (၂) ရက်နေ့

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နေ့လယ်ပိုင်းတွင် ရုံးအမှတ် (၄)၊ နေပြည်တော်၌ ပြုလုပ်ခဲ့သော "COVID-19 ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် စပ်လျဉ်း၍ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများနှင့် အများပြည်သူဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်းများတွင် ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့မှုများအား ခြုံငုံသုံးသပ်၍ အစီရင်ခံ တင်ပြပွဲ" သို့ တက်ရောက်ခဲ့ပါသည်။

ရှေးဦးစွာ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ လုပ်ငန်းခွင်နှင့် ပတ်ဝန်းကျင်ကျန်းမာရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာကေခိုင်အေးက -

• ကမ္ဘာ့ကပ်ရောဂါ COVID-19 မြန်မာနိုင်ငံတွင် ဖြစ်ပွားနေစဉ်အတွင်း စက်ရုံနှင့် အလုပ်ရုံများကို ရောဂါကူးစက်မှု လျော့နည်းကင်းဝေးကာ ဖွင့်လှစ်နိုင်ရေးအတွက် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ နှီးနွှယ်ဌာန၊ အဖွဲ့အစည်းများနှင့် ဆွေးနွေးခဲ့မှု၊
• ကမ္ဘာ့တစ်ဝန်းနှင့် မြန်မာနိုင်ငံတွင် COVID-19 ဖြစ်ပွားကူးစက်မှု ပုံသဏ္ဍာန်များနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ အကြံပြုထားသော စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများနှင့် အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများတွင် ရောဂါကာကွယ်ရေး သတ်မှတ်ချက်များတို့ကို ထည့်သွင်းစဉ်းစားကာ -
• "စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများ၊
• shopping mall များ၊ supermarket များ၊ ပါဆယ်ရောင်းချသည့် ဆိုင်များ၊ အိမ်တိုင်ရာရောက် ဝန်ဆောင်မှုလုပ်ငန်းများနှင့်
• အများပြည်သူသုံးယာဉ်များတွင် လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းလမ်းညွှန်များ၊
• စွန့်ပစ်ပစ္စည်းများကို စနစ်တကျစီမံခန့်ခွဲမှုနှင့်
• ပိုးသတ်သန့်စင်ခြင်းလုပ်ငန်းများအတွက် လုပ်ငန်းလမ်းညွှန်များကို ရေးဆွဲခြင်းနှင့် တွေ့ရှိချက်အသစ်များနှင့်အညီ ထပ်မံမွမ်းမံရေးဆွဲခြင်းများ ဆောင်ရွက်ခဲ့မှု၊
• အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် ပူးပေါင်းကာ ရောဂါကာကွယ်ရေး အကြံပြုချက်နှင့် သတ်မှတ်ချက်များကို ရေးဆွဲသတ်မှတ်ကာ ၎င်းတို့နှင့် ကိုက်ညီမှသာ ဦးစားပေးအစီအစဉ်အတိုင်း စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများကို ဖွင့်လှစ်ခွင့်ပေးမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ကြေညာခဲ့မှု၊
• ယခုနှစ် ဧပြီလမှ စတင်ကာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်ရုံပေါင်း (၅,၂၁၇) ခု၊ ကျန်တိုင်းဒေသကြီး/ ပြည်နယ်များရှိ စက်ရုံပေါင်း (၁၃,၇၅၂) ခုနှင့် အများပြည်သူဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်း (၂,၂၉၂) ခုတို့အား ကွင်းဆင်းစစ်ဆေးခဲ့မှု နှင့် တွေ့ရှိခဲ့မှုများ၊
• ပထမအကြိမ်စစ်ဆေးမှုတွင် သတ်မှတ်ချက်များ မကိုက်ညီခဲ့သဖြင့် ဖွင့်လှစ်ဖွင့်ရရှိခဲ့သည့် စက်ရုံများမှ သတ်မှတ်ချက်များကို လိုက်နာဆောင်ရွက်ပြီးကြောင်း အကြောင်းကြားလာခဲ့သဖြင့် ထပ်မံစစ်ဆေးခဲ့မှု၊
• သတ်မှတ်ချက်များကိုက်ညီ၍ ဖွင့်လှစ်ခွင့်ပြုခဲ့သော စက်ရုံများနှင့် အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများအား ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများကို ဆက်လက်လိုက်နာခြင်း ရှိ၊ မရှိ ရှောင်တခင် ကွင်းဆင်းစစ်ဆေးခဲ့မှုများ၊
• ကွင်းဆင်းစစ်ဆေးရာတွင် တွေ့ရှိရသော ယေဘုယျအားနည်းချက်များ၊
• ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့မှုများအား ခြုံငုံသုံးသပ်မှုများ၊
• ဆက်လက်ကြီးကြပ်ဆောင်ရွက်မည့် အစီအစဉ်များ၊
• စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနကို ကိုယ်တိုင်ကြီးကြပ်ခြင်း၊ မြို့နယ်အဆင့်ကြီးကြပ်ခြင်းနှင့် တိုင်းဒေသကြီး/ ပြည်နယ်အဆင့် ကြီးကြပ်ခြင်းလုပ်ငန်းများ၊
• ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များအား အသေးစိတ် ရှင်းလင်းတင်ပြခဲ့ပါသည်။


ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် -

• ယခုကဲ့သို့ လုပ်ငန်းများကြိုးပမ်းဆောင်ရွက်ခဲ့သူများ၊ ပါဝင်ပံ့ပိုးဆောင်ရွက်ခဲ့သူများအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း၊

• စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများနှင့် အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများတွင် ရောဂါကာကွယ်ရေး စည်းမျဉ်း၊ စည်းကမ်းနှင့် သတ်မှတ်ချက်များအား စဉ်ဆက်မပြတ်လိုက်နာရန် အရေးကြီးပါကြောင်း၊

• စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများနှင့် အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ၏ ပိုင်ရှင်များ၊ မန်နေဂျာများနှင့် အလုပ်သမားများအားလုံးအနေဖြင့် မိမိတို့ စက်ရုံ၊ အလုပ်ရုံ စသည်တို့တွင် ရောဂါကူးစက်ဖြစ်ပွားမှု (သို့မဟုတ်) ပြင်ပမှုရောဂါကူးစက်ကာ အလုပ်ခွင်တွင် ထပ်ဆင့်ရောဂါပြန့်ပွားမှုများ ဖြစ်ပွားပါက မိမိတို့၏ စက်ရုံ၊ လုပ်ငန်းတစ်ခုလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းကိုဖြစ်စေ ရပ်နားရမည်ဖြစ်ကြောင်းနှင့် ထိုသို့ရပ်ဆိုင်းရပါက ဆုံးရှုံမှုများ ကြုံတွေ့ရနိုင်မည် ဖြစ်ကြောင်းကို သတိပြုမိကြစေရန် အသိပေးစေလိုပါကြောင်း၊

• မြန်မာနိုင်ငံရှိ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများနှင့် အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများတွင် လုပ်ကိုင်နေသူများ၏ COVID-19၊ အခြားအသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါများအပါအဝင် ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ အသိပညာဗဟုတရှိမှု အခြေအနေ၊ ရောဂါကာကွယ်ရေး နည်းလမ်းများအပေါ် ခံယူချက်အသိဖြင့် လိုက်နာဆောင်ရွက်မှု အခြေအနေစသည်တို့အား လေ့လာဆန်းစစ်ရန် အသုံးချသုတေသနများကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဆရာဝန်များနှင့် ပူးပေါင်းဆောင်ရွက် စေလိုပါကြောင်း၊

• အဆိုပါလုပ်ငန်းများ၌ လုပ်ကိုင်နေသည့် အလုပ်သမားများတွင် သွေတိုး၊ ဆီးချိုရောဂါနှင့် အခြားမကူးစက်တတ်သော ရောဂါများဖြစ်ပွားမှု အခြေအနေ၊ ၎င်းတို့တွင် ဆေးလိပ်၊ အရက်နှင့် ကွမ်းယာ သုံးစွဲမှုအခြေအနေနှင့် အလေ့အထများအားလည်း လေ့လာစေလိုပါကြောင်း၊ သွေးတိုးနှင့် ဆီးချိုရောဂါရှိသူများအားလည်း ဝန်ကြီးဌာနမှ ဆီးချို၊ သွေးချိုနှင့် သွေးတိုးရောဂါ စစ်ဆေးကုသရေး ဆေးခန်းများတွင် ဆေးဝါးကုသမှု ပေးလျက်ရှိပါကြောင်း၊

• တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ ကျန်းမာရေးမှူးများနှင့် ပြည်သူ့ကျန်းမာရေးကြီးကြပ်(၁) များအတွက် လုပ်ငန်းခွင်နှင့် ပတ်ဝန်းကျင်းကျန်းမာရေး အခြေခံလက်စွဲစာအုပ်များ ပြုစု ဖြန့်ဝေစေလိုပါကြောင်း၊

• ပြည်သူ့ကျန်းမာရေးမဟာဘွဲ့၊ အပူပိုင်းနှင့်ကူးစက်ရောဂါဆေးပညာ မဟာဘွဲ့သင်တန်းများတွင် လုပ်ငန်းခွင်နှင့် ပတ်ဝန်းကျင်းကျန်းမာရေးဆိုင်ရာ စာတမ်း (thesis) များ လုပ်ဆောင် ထားရှိမှု အခြေအနေများကို ဆန်းစစ်သုံးသပ်စေလိုပါကြောင်း၊

• ဆေးတက္ကသိုလ်များတွင် ကာကွယ်ရေးနှင့်လူမှုရေး ဆေးပညာဘာသာရပ်၌ လုပ်ငန်းခွင်နှင့်ပတ်ဝန်းကျင် ကျန်းမာရေးဆိုင်ရာ သင်ကြားပို့ချမှုများ ပိုမိုထည့်သွင်းစေလိုပါကြောင်း ပြောကြားခဲ့ ပါသည်။

ထို့နောက် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာ) ဒေါက်တာထင်လင်းနှင့် တက်ရောက်လာ ကြသူများက ဆွေးနွေးအကြံပြုမှုများ ဆောင်ရွက်ခဲ့ပါသည်။

 

More Tags