COVID-19 ကူးစက်ပြန့်ပွားမှုအခြေအနေနှင့် ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ နေ့စဉ်ဆန်းစစ်သုံးသပ် ဆွေးနွေးပွဲ

နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ စက်တင်ဘာလ (၂) ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နံနက်(၉)နာရီတွင် ရုံးအမှတ်(၄)၊ နေပြည်တော်၌ ပြုလုပ်ခဲ့သော "COVID-19 ကူးစက်ပြန့်ပွားမှု အခြေအနေနှင့် ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများ နေ့စဉ်ဆန်းစစ်သုံးသပ် ဆွေးနွေးပွဲ"သို့ တက်ရောက်ခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးက အမှာစကား ပြောကြားရာတွင် -

• မြန်မာနိုင်ငံတွင် လက်ရှိအချိန်၌ COVID-19 လျင်မြန်စွာ ကူးစက်ဖြစ်ပွားလျက်ရှိရာ ရောဂါကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ အချက်အလက်များကို ဝေမျှခြင်း၊ ကျွမ်းကျင်မှုပိုင်းဆိုင်ရာ ဆန်းစစ်သုံးသပ်ခြင်း၊ ရှုထောင့်ပေါင်းစုံမှ သုံးသပ်ခြင်းနှင့် ဆွေးနွေးခြင်းများကို နေ့စဉ်ပြုလုပ်ကြရမည် ဖြစ်ပါကြောင်း၊

• ဆန်းစစ်သုံးသပ်မှုများ ပြုလုပ်ရာတွင် နေရာဒေသအလိုက်၊ ဖြစ်စဉ်အလိုက်၊ အချိန်ကာလအလိုက် ဆန်းစစ်သုံးသပ်ခြင်းကို ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊

• ထိုသို့ဆောင်ရွက်ရာတွင် ရာထူးအဆင့်အတန်းမရွေး လူငယ်ပညာရှင်များကိုလည်း ပါဝင်စေကာ ပွင်းလင်းစွာဆွေးနွေး အကြံပြုခြင်းများကို ဆောင်ရွက်ကြစေလိုပါကြောင်း၊

• ပြည်သူ့ကျန်းမာရေးတက္ကသိုလ်နှင့် အခြေခံကျန်းမာရေး တက္ကသိုလ်တို့မှလည်း ကျွမ်းကျင်မှုပိုင်းဆိုင်ရာ အကြံပြုချက်များ ပေးအပ်စေလိုပါကြောင်း၊

• တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးတွင် တစ်ကိုယ်ရေရောဂါကာကွယ်ရေး အသုံးအဆောင်များ၊ ဆေးနှင့်ဆေးပစ္စည်း လက်ကျန်စာရင်းများကို အမြဲပြုစုနေကာ ပြတ်လပ်မှုမရှိစေရေးအတွက် ဗဟိုနှင့် တိုင်းဒေသကြီး/ ပြည်နယ်များ နေ့စဉ်ဆက်သွယ်ကာ ကြိုတင်တွက်ဆ ဖြည့်တင်းထားရမည် ဖြစ်ပါကြောင်း၊

• ဗဟိုအဆင့်တာဝန်ရှိသူများအနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ်ဆေးရုံများ၊ ကွင်းဆင်းအဖွဲ့များနှင့် ဆက်သွယ်ဆောင်ရွက်မှုများ ပုံမှန် ပြုလုပ်နေရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။


ထို့နောက် ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာတိုးသီရိအောင်က -

• လက်ရှိဖြစ်ပွားနေသော COVID-19 ကူးစက်ဖြစ်ပွားမှုအခြေအနေများ ခြုံငုံသုံးသပ်မှု၊
• အသွားအလာကန့်သတ်ထားသူများ၊ စောင့်ကြည့်လူနာများနှင့် COVID-19 လူနာနှင့် ထိတွေ့ခဲ့သူများအား ဓာတ်ခွဲစစ်ဆေးမှု အခြေအနေနှင့် ၎င်းတို့တွင် COVID-19 အသီးသီး ဖြစ်ပွားမှု ရာခိုင်နှုန်းများ၊
• မြန်မာနိုင်ငံရှိ COVID-19 လူနာများ၏ (၇၄) ရာခိုင်နှုန်းသည် ရောဂါလက္ခဏာ မပြသသူများဖြစ်မှု၊
• လက်ရှိတွင် အသွားအလာ ကန့်သတ်ရာနေရာ (၂,၄၀၀) ကျော်တွင် လူဦးရေ (၂၂,၀၀၀) ကျော်အား အသွားအလာ ကန့်သတ်ထားရှိမှု၊
• အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် ပတ်သက်၍လည်းကောင်း၊

ဒုတိယညွှန်ကြားရေးမှူးချုပ် (ကုသရေး) ဒေါက်တာသီတာလှက -
• လက်ရှိတွင် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ ဆေးရုံများ၌ ကုသမှု ခံယူနေသည့် COVID-19 လူနာများ အခြေအနေ၊

ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းတင်နှင့် ညွှန်ကြားရေးမှူး (ကုသရေး) ဒေါက်တာမိုးခိုင်တို့က -
• အသွားအလာ ကန့်သတ်စောင့်ကြပ်ကြည့်ရှုခြင်း၊ COVID-19 လူနာများအား ကုသမှုပေးခြင်းနှင့် ဆေးရုံဆင်းခွင့်ပေးခြင်းဆိုင်ရာ လုပ်ငန်းလမ်းညွန်များကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ အမေရိကန် CDC နှင့် နောက်ဆုံးပေါ် သုတေသန တွေ့ရှိချက်များအပေါ် အခြေခံပြီး မွမ်းမံမှုများပြုလုပ်နိုင်ရေး သက်ဆိုင်ရာ ပညာရှင်အသီးသီးနှင့် ဆွေးနွေးတိုင်ပင်ခဲ့မှုများအား လည်းကောင်း အသီးသီးတင်ပြခဲ့ကြပါသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက ဆွေးနွေးအကြံပြုခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။

အဆိုပါအစည်းအဝေးသို့ အမြဲတမ်းအတွင်းဝန်၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူးချုပ်၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် (ရောဂါနှိမ်နင်းရေး) နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။

 

More Tags